ကလေးလိုချင်လို့ပဲဖြစ်ဖြစ် မလိုချင်လို့ပဲဖြစ်ဖြစ်၊ အမျိုးသားနှင့် အတူနေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် ဓမ္မတာပေါ်နေသော အရွယ်ရောက် အမျိုးသမီးတိုင်းသည် မိမိတို့၏ ကျန်းမာရေးအတွက် ဓမ္မတာ မှန်၊ မမှန် ကိုတော့ သတိထားသင့်သည်။
ထိုမှသာ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများမှ ရှောင်ကြဉ်နိုင်ကြပေမည်ဖြစ်သလို မိမိ၏ ကျန်းမာရေးအားလည်း မချိန်မလွန်ခင် ကုသနိုင်မည်ဖြစ်သည်။ ဓမ္မတာမပေါ်တိုင်း ကိုယ်ဝန်ရှိခြင်းဘမဟုတ်သလို (မြန်မာကားတွေထဲကလို) ကိုယ်ဝန်ရှိတိုင်း မူးလဲကျ၊ ပျို့အန်တတ်ကြသည်တော့မဟုတ်။
မိမိ၏ ကျန်းမာရေး မကောင်းလို့၊ ခန္ဓာကိုယ်တွင်း အင်အားဓါတ်လျော်နည်းနေလို့၊ သွေးအားနည်းလို့၊ စိတ်ဖိမှုများလို့ စသဖြင့်သော အကြောင်းကြောင်းကြောင့် ဓမ္မတာရပ်ဆိုင်းခြင်း၊ နောက်ကျခြင်းများ ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေခြင်းကြောင့် ဓမ္မတာ ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်သည်။
အထူးသဖြင့် ပဋိသန္ဓေတည်စ တစ်လ၊ နှစ်လအတွင်းတွင် ကိုယ်ဝန်ရှိသည်ကို မသိ၊ နားမလည်သူများအဖို့ ကိုယ်ဝန်ရှိခြင်း၊ မရှိခြင်းကို ပြောဆိုရန် ခက်ခဲပေသည်။ များသောအားဖြင့် ကလေးလျှောကျခြင်း၊ ပျက်ကျခြင်းတို့ ဖြစ်တတ်သည်မှာလည်း ထိုလများတွင် ဖြစ်ကြောင်း သတိချပ်သင့်သည်။
ပဋိသန္ဓေတည်ရှိခြင်း၊ မရှိခြင်းတို့ကို သိသာစေနိုင်ဖို့ ပဋိသန္ဓေတည်ခြင်း လက္ခဏာများအား ဖော်ပြလိုက်သည်။ သို့ပေမယ့် လက္ခဏာတစ်ခုပေါ်ရုံမျှဖြင့် ပဋိသန္ဓေတည်ရှိခြင်းဟု အတပ်မဆိုလိုပေ။ အမျိုးသမီးတွင် ဖြစ်တတ်သော ရောဂါများသည် ထိုလက္ခဏာအချို့နှင့် ဆင်တူသောကြောင့် ဖြစ်သည်။ ပဋိသန္ဓေတည်ခြင်း လက္ခဏာ နှစ်ခု၊ သုံးခုပေါ်မှသာ ကိုယ်ဝန်ရှိပြီဟု ဆိုအပ်ပေသည်။
ပထမဦးစွာ ပဋိသန္ဓေတည်ခြင်း မတည်ခြင်းကို သိရှိဖို့အချက်များမှာ ရာသီလာ ရပ်ဆိုင်းခြင်း၊ ပျို့၍ အော့အန်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ရင်သားများ တင်းမာကြီးထွားလာခြင်း တို့ဖြစ်သည်။
ရာသီလာ ရပ်ဆိုင်းခြင်း
အမျိုးသားနှင့်အတူနေခဲ့ပြီး ရာသီလာလည်း ရပ်ဆိုင်းနေသည်ဆိုပါက ပဋိသန္ဓေတည်နေနိုင်ပေသည်။ သို့ပေမယ့် ရာသီမပေါ်တိုင်း ကိုယ်ဝန်ရှိနေပြီဟု တထစ်ချ မယူသင့်ကြောင်းကိုလည်း ရှေ့ပိုင်း၌ ဆိုခဲ့ပြီးဖြစ်သည်။
ပျို့၍ အော့အန်ခြင်း
ပျို့၍ အော့အန်ခြင်းသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း ဖြစ်ပွားသည်ဟု ထင်လျှင်မှားပေမည်။ အချို့သည် ကိုယ်ဝန်ဆောင်နေစဉ် ပျို့၍ အော့အန်တတ်ပေမယ့် အချို့မှာမူ ကလေးမွေးဖွားချိန်အထိ လုံးဝမပျို့အန်ဖူးတာလည်း ကြုံဖူးသည်။ အချို့သော သူများမှာမူ ပထမကိုယ်ဝန်တွင်သာ ထိုသို့ဖြစ်တတ်၍ နောက်ပိုင်းကိုယ်ဝန်များတွင် လုံးဝပျောက်သွားသည်လည်း ရှိ၏။
ထိုသို့ ပျို့အန်ခြင်းသည် ကိုယ်ဝန်ဆောင်ကာလ ပထမ နှစ်လ ၊ သုံးလတွင် ဖြစ်ပွားတတ်ပြီး သုံး လေးလ ကျော်သည်အထိ ပျို့အန်ခြင်းမပျောက်ဘဲ ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ဖြစ်နေပါက မူမှန်ကိုယ်ဝန်ဆောင်ခြင်းမဟုတ်ဘဲ ကိုယ်ဝန်ဆောင်အအန်လွန်ခြင်းဟု ခေါ်သော ရောဂါဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ် အော့အန်ခြင်းများသည် များသောအားဖြင့် အိပ်ယာထ မနက်အိပ်ယာထ သို့မဟုတ် မနက်စာ စားပြီးစတွင် ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။
ထိုသို့အော့အန်ခြင်းမှာ ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပေ။ ပုံမှန်ထက်ပို၍ ပျို့အန်နေသည်ဟု မိမိကိုယ်ထင်ပါက ဆရာဝန်နှင့် ပြသတိုင်ပင် ဆွေးနွေးသင့်သည်။
Myanmar Hearts - ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၁)




