1. ဆေးနှစ်မျိုးတွဲ စားဆေးများ၊ Combined pill
2. ထိုးဆေး၊ Contraceptive injection
3. ကျား-မ (ကွန်ဒွမ်) များ၊ Male and female condoms
4. သားအိမ်ထဲထည့် ပစ္စည်း၊ Intrauterine Contraceptive device (IUCD)
5. သဘာဝနည်းများ၊ Natural family planning
6. အရေးပေါ် တားဆေး၊ Emergency contraception
7. အရေပြား ကပ်ထားရသည့် ဆေးကပ်ခွါ၊ Contraceptive patch
8. သားအိမ်အဝ အဖုံးများ၊ Diaphragms and caps
9. ဟော်မုန်း မပါသော စားဆေး၊ Centchroman (Saheli) Tablets
10. (ပီ-အို-ပီ) ဆေးလုံး၊ Progestogen-only pill
11. အရေပြားအောက် ထည့်ထားရသည့် ဆေးချောင်း၊ Contraceptive implant
12. သားအိမ်ထဲထည့် တာရှည်ခံဆေး၊ Intrauterine system (IUS)
13. ကျားသုက်ပိုး သတ်ဆေး၊ Spermicides (nonoxynol-9)
14. ကျား-မ သားကြောဖြတ်ခြင်း၊ Male and female sterilization
15. Vaginal rings သန္ဓေတား သားရေကွင်း
1. The combined pill ဆေးနှစ်မျိုးတွဲ စားဆေးများ
COC လို့လည်းခေါ်တယ်။ အမျိုးအစားများစွာ ရှိတယ်။ Estrogen and Progestogen ခေါ် အမျိုးသမီး ဟော်မုန်း နှစ်မျိုး ပူးတွဲ ပါဝင်တယ်။
ဒီဟော်မုန်း နှစ်မျိုးဟာ မ-မျိုးဥအိမ်ကနေ လတိုင်း ထွက်ရမဲ့ မမျိုးဥ ထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေအုံးတော့ ကျားသုက်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်း နံရံကို ပါးလွှာစေတာကြောင့်ပါ သန္ဓေဟာ သားအိမ်မှာ လာမကပ်စေနိုင်တော့ပါ။
စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ လစဉ်ရာသီ စတင်လာတဲ့နေ့မှစ ဆေးသုံးရမယ်။ စုစုပေါင်း ၂၁ ရက် ကြာ နေ့စဉ် ဆေး ၁ ပြား သောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ နားထားတဲ့ ၇ ရက် အတွင်း သွေးပြန်ဆင်းမယ်။ ဆေးမသုံးတာထက် သွေးဆင်း နည်းနိုင်တယ်။ ရက်လည်း တိုနိုင်တယ်။ သွေးဆင်းရက် မှန်မေယ်။ ရာသီ မလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်တယ်။
မကောင်းတဲ့ ဘေးထွက် ဆိုးကျိုးများ = ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက် သွေးဆင်းခြင်း၊ ရင်သားတင်းခြင်း၊ ရှားရှားပါးပါး ဖြစ်နိုင်သည်များမှာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်း၊ သားအိမ်အဝကင်ဆာတို့ ဖြစ်ကြသည်။ ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။
• ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး၊ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၇)
• Q and A Pills တားဆေး အမေး-အဖြေ၊ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၅)
• Microgynon 30 ED ကိုယ်ဝန်တားဆေး (Combined oral contraceptive ကိုယ်ဝန်တား စားဆေး)
• Q and A Pills တားဆေး အမေး-အဖြေ ကိုလဲ ဖတ်ပါ။
2. The contraceptive injection ပဋိသန္ခေတား ထိုးဆေး
Progestogen ဟော်မုန်းတမျိုးပါသည့် ထိုးဆေးဖြစ်သည်။ Depo-Provera ၃ လခံ၊ Noristerat ၂ လခံ၊ ၁ လခံ၊ အမျိုးအစား များရှိသည်။ လစဉ် မမျိုးဥအိမ်မှ မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကျိသည့် အရည်သည် ပြစ်စေးလာစေကာ ကျား-သုက်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေသဖြင့် သန္ခေ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉% ထိရောက်သည်။ လစဉ်ရာသီလာအပြီး ၅ ရက် မြောက်နေ့မှ စထည့်ထားပါက ချက်ချင်း ထိရောက် ကာကွယ်သည်။ နို့တိုက်ခြင်းကို မထိခိုက်။ ရာသီမဆင်းမီ လက္ခဏာများ သက်သာစေသည်။
ကိုယ်ဝန် ရှိနေလျင်၊ နောက် ၁ နှစ်အကြာ ကလေးလိုချင်လျင်၊ သွေးကြောကျဉ်းရောဂါ ရှိလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သား-ကင်ဆာရှိလျင်၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။
ကိုယ်ဝန်တား ထိုးဆေး Depo Provera ကို ဘယ်လိုဆိုးကျိုး ဒါမှမဟုတ် မလိုချင်တဲ့အကျိုး ဘာတွေရှိသလဲ သိဘို့ ဒီဆေးကို ၇ နှစ် ကြာထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့ပါတယ်။
• သူတို့ထဲက ၅% ကျော်ကျော်မှာ ခံစားကြရတဲ့ လက္စဏာတွေကတော့ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊
• ၁% ကနေ ၅% အထိတွေမှာ ခံစားကြရတဲ့ လက္စဏာတွေကတော့ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊
• ၁% ထက်နည်းသူ တွေမှာ ခံစားကြရတဲ့ လက္စဏာတွေကတော့ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ ဆက်ဆံချိန်နာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သား အရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သားကင်ဆာဖြစ်၊
• တလခံထိုးဆေး ဆိုတာက ဟော်မုန်း ၂ မျိုးတွဲ ၂၁-၂၈ ရက်သောက်တာနဲ့ သဘောချင်း အတူတူ ဖြစ်တယ်။
• Depo Provera သုံးလခံ ထိုးဆေး ကိုလဲ ဖတ်ပါ။
3. Male and female condoms ကျား-မ (ကွန်ဒွမ်) အစွပ်များ
ကျား-သုက်ပိုးများအား မ-မျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ ကျားသုံး-မသုံး နှစ်မျိုးရှိသည်။ Latex (Rubber) or Polyurethane (Plastic) ပစ္စည်း တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ပါက ၉၅-၉၈% စိတ်ချရသည်။ HIV-AIDS အပါအဝင် လိင်မှတဆင့် ကူးစက်ရောဂါများကို ကာကွယ်သည်။
ကျား (ကွန်ဒွမ်) အသုံးပြုနည်း
အဂ်ါချင်း မထိစပ်မီ၊ မာတင်းလာသည့် ကျား၏ အင်္ဂါအား ကျကျနန စွပ်ဖုံးထားလျက်သုံးရမည်။ အဆုံးသပ်လျင် ကျားအင်္ဂါ လုံးဝ နဂို အနေအထားသို့ ပြန်မရောက်မီ ချွတ်ယူရမည်။
တခုသည် တခါသုံးသာ ဖြစ်သည်။ ၂၅-၄-ဝ၉ နေ့သတင်းအရ အသားရှောင်ခြင်းကို အထူး ဂရုပြုသူများအတွက် Fusion အမည်ဖြင့် (ဗက်ဂျီ-ကွန်ဒွမ်) အား ဗြိတိန်နိုင်ငံတွင် မှတ်ပုံတင်လိုက်ပြီဖြစ်သည်။
• Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ၊
• Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု
• STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ ကိုလဲ ဖတ်ပါ။
Female condoms မ (ကွန်ဒွမ်) အသုံးပြုနည်း
အမျိုးသမီး၏ မွေးလမ်းကြောင်း (Vagina) ထဲ၌ သက်တောင့်သက်သာ အဝကိုအပြင်-အပိတ်ကို အတွင်း အနေအထားဖြင့် ထည့်သွင်းရမည်။ ဆက်ဆံမှုပြီးဆုံးလျင် အပြင်အဝအား
စုစည်းပိတ်လျက် အထဲရှိနေသော ကျားသုက်များ ဖိတ်ကျခြင်း မရှိစေအောင် ပြန်ထုတ်၍ စွန့်ပြစ်ရမည်။ Lower-cost female condom gets FDA approval ဈေးချိုသော မ (ကွန်ဒွမ်) အား FDA က အသိအမှတ်ပြုလိုက်ပြီ။
4. Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့် ပစ္စည်း
သားအိမ်ထဲတွင် Plastic သို့မဟုတ် Copper ဖြင့်ပြုလုပ်ထားသော ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ လုပ်ခြင်းဖြင့် ကျားသုက်ပိုးသည် မမျိုးဥနှင့် ထိတွေ့ခြင်း မဖြစ်အောင် လုပ်ပေးသည်။ ၉၉% ထိရောက်သည်။ တာရှည် (၃-၅ နှစ်) ကာကွယ်နည်းလဲ ဖြစ်သည်။
ကြေးနီဓါတ် ပိုပါဝင်သည့် (IUD) အသစ်များက ပို၍ ထိရောက်သည်။ တတ်ကြွမ်းသည့် ဆရာဝန်၊ ဆရာမများက ထည့်ပေးရသည်။ သားအိမ်ထဲသို့ ပစ္စည်းထည့်ထားစဉ် အောက်ခြေ ကြိုးစလေးနှစ်ခုက မွေးလမ်းကြောင်း Vagina ထဲရှိနေခြင်းဖြင့် (IUD) ရှိနေဆဲ ဖြစ်သည်ကို စစ်ဆေး ကြည့်နိုင်သည်။ ထည့်ပြီးသည်နှင့် အကျိုးသက်ရောက်သည်။
ဟော်မုန်းမပါသဖြင့် မည်သည့် ဆေးဘေးထွက် အကျိုးမှမရှိ။ ၃ နှစ်ခံမှ ၁ဝ နှစ်ခံအထိ အမျိုးမျိုးရှိသည်။ ParaGard (Copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့် အမျိုးမျိုးရှိသည်။
လစဉ် ရာသီများတတ်သည်။ စစ်ဆေးကြည့်နေသင့်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း တခါတရံ ဖြစ်တတ်သည်။ (ကွန်ဒွမ်) ကဲ့သို့ လိင်မှတဆင့် ကူးစက် ရောဂါများကို မကာကွယ်နိုင်။
5. Natural family planning (NFP) သဘာဝနည်းများ
ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။ ၉၄% ထိရောက်သည်။ ကိုယ်အပူချိန်ကို နေ့စဉ်တိုင်းရမည်။ လစဉ်ရာသီပါတ်၏ အလည်ရက်တွင် အရွယ်ရောက် အမျိုးသမီး များသည် မျိုးဥ ထွက်လာခြင်းကြောင့် ကိုယ်အပူချိန် အနည်းငယ် တက်လာသည်။ ၄င်းရက်ကို သိရန် အပူချိန် တိုင်းရခြင်းဖြစ်သည်။
ထို့ပြင် သားအိမ်အဝမှထွက်သည့် အချွဲအားစစ်ဆေးခြင်းဖြင့် နေ့စဉ်-လစဉ်ပြောင်းလဲနေသော Estrogen နဲ့ Progesterone ဟော်မုန်း အနည်းအများ၊ အပြစ်အချွဲ၊ အစေးအပြစ်တို့ကို ကြည့်နိုင်သည်။ ပြီးခဲ့သော ၆ လတာ ရာသီဆင်းသည့် ရက်များကို တိတိကျကျ မှတ်သားခြင်းဖြင့် ၄င်းအမျိုးသမီး၏ ရာသီသဘာဝကို သိနိုင်သည်။
(က) ရက်ရှောင်နည်း Standard Days method သို့မဟုတ် Calendar method ပြက္ခဒိန်နည်း
အကြမ်းအားဖြင့် လလည်ရက်တွင် မမျိုးဥထွက်လာသည့်နေ့ဖြစ်သည်။ ၄င်းဥနှင့် ကျားသုက်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်သည်။ ထို့ကြောင့် ၄င်းလလည်ရက် မတိုင်မီ ၅ ရက်နှင့် နောက်ထပ် ၅ ရက်အတွင်း အတူမနေသင့်။ ထို့ကြောင့် ရာသီစလာပြီး (၇) ရက် အတွင်းနဲ့ ရာသီမလာခင် (၇) ရက်အလို ရက်များသည် ကိုယ်ဝန် မရှိနိုင်သော ရက်များ ဖြစ်ကြသည်။
ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျ အနည်းဆုံးဖြစ်သော်လည်း မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းမှာ အမြင့်ဆုံး ဖြစ်သည်။ လိင်ဆက်ဆံမှုနှင့် ဆန္ဓပြည့်ဝမှုကိုမူ အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။
• Calendar method ပြက္ခဒိန်နည်း ကိုလဲ ဖတ်ပါ။
(ခ) သုက်ရည် ပြင်ပစွန့်ထုတ်နည်း Withdrawal method
ယောက်ျားက ဆန္ဒပြည့်ဝခါနီးတွင် မိမိ၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်းမှ ထုတ်ကာ သုက်ရည်ကို ပြင်ပတွင် ထွက်စေအောင် ပြုလုပ်ရသည်။ သို့သော် စိတ်ကို ထိန်းထားစဉ် သုက်ကောင်များ ပါသော Sperm အနည်းငယ် ထွက်ခြင်း ဖြစ်တတ်၍ ကိုယ်ဝန်မရဖို့  စိတ်မချရပါ။ ထို့ပြင် ဆန္ဒမပြည့်ဝခြင်း ကိုလည်း ဖြစ်တတ်သေး၍ အိမ်ထောင်ရေး မသာယာခြင်းကို ဖြစ်စေတတ်သည်။ ကျားသုက်ပိုး သတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။ Pullout method သုက်ရည် ပြင်ပစွန့်ထုတ်နည်းသည် (ကွန်ဒွမ်) လောက်နီးပါး စိတ်ချရသည်။
(၈) ကလေး နို့တိုက်ခြင်းနည်း Breastfeeding
မိခင်မှ ကလေးကို မိမိ၏နို့တိုက်ခြင်းဖြင့် ကလေး (၆)လအထိ သဘာဝနည်းဖြင့် သားဆက်ခြားစေခြင်း ဖြစ်သည်။ မိခင်ကိုလည်း ဟော်မုန်း လည်ပတ်မှု မှန်ကန်စေသဖြင့်လည်း အကျိုးရှိစေသည်။ ရင်သား-ကင်ဆာ ဖြစ်မှုကိုလည်း ကာကွယ်စေသည်။ အားနည်းချက်မှာ ကလေးမွေးပြီးစ (၆) လအတွင်းသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ မိခင်အနေဖြင့်လည်း ကလေးကို မိမိ၏ နို့တမျိးတည်းသာ တိုက်ရမည်။
6. Emergency contraception အရေးပေါ် တားဆေး
၁။ Progestin-only pills (POPs) = Plan B = Emergency contraception (EC) = Emergency contraceptive pills (ECPs) = Morning-after pill = Day after pills လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ဆက်ဆံအပြီး ၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီ အတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်းသောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက် အတွင်းလဲ သောက်နိုင်တယ်။ စိတ်ချရတဲ့ ရာနှုန်း မသိရသေးဘူး။
Progestin (Levonorgestrel) 1.5 mg တလုံး တကြိမ်တည်း ဒါမှမမဟုတ် 750 μg နှစ်ခါခွဲ သောက်နိုင်တယ်။ ဘေးထွက် ဆိုးကျိုးတွေက ပျို့တာ၊ အန်တာ၊ ရင်သား တင်းတာ။
တချိ့ အမျိုးသမီးတွေက နေမကောင်းတာ ဖြစ်တတ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အခြားနည်းတွေကို သုံးရပါမယ်။ RU486, Mifestone, or Mifeprex တို့လို သားပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေ မတည်အောင်သာ လုပ်ပေးခြင်း ဖြစ်တယ်။
• တရုတ်နိုင်ငံတွင် ရနိုင်သော Progestin-only ဆေးများ = Ai Wu You, An Ting 0.75, An Ting 1.5, Bao Shi Ting (Postinor-2, 0.75 mg), Bao Shi Ting 1.5, Dan Mei (0.75 mg), Dan Mei (1.5 mg), Hui Ting 0.75 mg Hui Ting 1.5 mg, Jin Xiao (0.75 mg), Jin Xiao (1.5 mg), Jin Yu Ting, Ka Rui Ding, Le Ting, Nuo Shuang, Xian Ju, Yi Ting, Yu Ping, Yu Ting,
• တရုတ်နိုင်ငံတွင်ရနိုင်သော Mifepristone ဆေးများ = Bi Yun (10 mg), Bi Yun (12.5 mg), Fu Nai Er (10 mg), Fu Nai Er (25 mg), Hou Ding Nuo (10 mg), Hou Ding Nuo (25 mg), Hua Dian (10 mg), Hua Dian (25 mg), Si Mi An (10 mg), Si Mi An (25 mg)
• အိန္ဒိယတွင် ရနိုင်သော Progestin-only ဆေးများ = E Pills, i-pill, Preventol, ECee2, Pill 72
• မြန်မာနိုင်ငံတွင် ရနိုင်သော Progestin-only ဆေးများ = ECee2, Pill 72
• ထိုင်းနိုင်ငံတွင် ရနိုင်သော Progestin-only ဆေး = Madonna
• စင်္ကာပူမှာ ရနိုင်သော Progestin-only ဆေးများ= Postinor-2®, Estinor®, Norlevo®
• စင်္ကာပူမှာ ရနိုင်သော Contraceptive Patch ကိုယ်ဝန်တား ကပ်ခွါဆေး = Ortho Evra® (6 mg Norelgestromin and 600 micrograms Ethinyl estradiol transdermal patch) ရာသီစဆင်းတဲ့ရက်ကနေ ကပ်ထားပါ။ ပဌမ ၃ ပါတ်မှာ တပါတ် တကပ်၊ နောက်ဆုံး ၁ ပါတ် ကပ်စရာ မလိုပါ။
Emergency contraceptive pills (Plan B One-Step, Plan B and Next Choice) တွေမှာ ရေရှည် ဘေးထွက်-ဆိုးကျိုး မရှိသလောက်ပါ။ ၂ဝ% ခေါင်းကိုက်၊ မူးချင်သလိုဖြစ်၊ ၁၄% ဗိုက်အောက်ပိုင်းနာ၊ ၁၂% ပျို့၊ ရင်သားတင်း၊ ရာသီဆင်းရက် မမှန် တာတွေဖြစ်တတ်တယ်။ ပျို့-အန်ခြင်သူတွေက အအန်သက်သာဆေး Vitamin B6, Avomin, Vomistop သောက်နိုင်တယ်။ ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး Diclofenic, Ibuprofen သောက်နိုင်တယ်။ ဒီဆေးတွေက တားဆေးကို မသက်ရောက်စေပါ။
ဟော်မုန်း ၂ မျိုးတွဲ နေ့စဉ်သောက်ရတဲ့ Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) ကို အရေးပေါ်အနေနဲ့ သုံးနိုင်တယ်။ လိင်ဆက်ဆံပြီးနောက် ၅ ရက် အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။
• Emergency Contraception (2) အရေးပေါ်တားဆေးများ (၁)
• Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)
• Ecee2 ဆေးဆိုတာ ကိုလဲ ဖတ်ပါ။
• Microgynon 30 ED ကိုယ်ဝန်တားဆေး တွေကိုလဲ ဖတ်ပါ။
7. အရေပြား ကပ်ထားရသည့် ဆေးကပ်ခွါ၊ Contraceptive patch
သေးငယ် ပါးလွှာ၍ အရေပြား၌ကပ်ရသည့် ခပ်ညိုညို ဆေးပြားလွှာ။ တားဆေး စားဆေးများနည်းတူ ဟော်မုန်းများ ပါဝင်လျက် မျိုးဥအိမ်မှ လစဉ် မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုက်ပိုးနှင့် တွေ့ရန် ခက်ခဲစေပြီး၊ သားအိမ် အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေသည် သားအိမ်၌မကပ်စေနိုင်။ ၉၉% ထိရောက်သည်။
ရာသီစဆင်းပြီး (၅)ရက်မြောက်နေ့မှ စကပ်ရမည်။ လစဉ်ရက်သတ္တ (၃)ပါတ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းသော (ရင်သားမှအပ) မည်သည့် အရေပြားမှာမဆို ကပ်ထားရသည်။ ထို့နောက် တပါတ်နားထားစဉ် ရာသီဆင်းမည်။ ရာသီ အဆင်း နည်းမည်။ ရက်လည်း တိုနိုင်သည်။ စားဆေးများကဲ့သို့ ဆေးကြောင်း ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် အခြား အလုံး-အကျိတ်ဖြစ်မည့် အန္တရာယ်ပို၍နည်းသည်။ အမည်းငယ်ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတတ်သည်။ ဖြစ်နိုင်ခဲသော ဘေးထွက် ဆိုးကျိုးများမှာ သွေးဖိအား တက်တတ်သည်။ သွေးခဲခြင်း ဖြစ်နိင်သည်၊ ၅ နှစ်ထက် ကြာကြာ သုံးလျင် သားအိမ်အဝကင်ဆာ ဖြစ်စေနိုင်သည်။
ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။ ကောင်းစွာစေးကပ်သဖြင့် ရေချိုး-ရေကူးလျင်လည်း ကွာမကျတတ်ချေ။ မတော်တဆ ကွာကျလျင် ၄၈ နာရီ အတွင်း သိပါက ၄င်းကိုပင် ပြန်ကပ်နိုင်သည်။ ၄၈ နာရီ ကျော်သွားပါက အသစ်တခုကို၎င်း၊ အခြားနည်းကို၎င်း သုံးပါ။
8. Diaphragms and caps သားအိမ်ဝအဖုံးများ
ကျားသုက်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ Latex (rubber) or Polyurethane (plastic) တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။
အရွယ်အစား အမျိုးမျိုးရှိသည်။ Diaphragms သည် ဆန့်နိုင်-ကြုံ့နိုင်သော အဖုံးကဲ့သို့ ပုံပန်းရှိသည်။ Caps တို့က ပို၍ အရွယ်ငယ်သည်။ ကျားသုက်ပိုးသတ်ဆေး Spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။ ၉၂-၉၆% စိတ်ချရသည်။ Silicone cap – Femcap သည် ပို၍ထိရောက်သည်။
ကျား-မ မဆက်ဆံမီ ကျားသုက်ပိုးသတ်ဆေး Spermicide အား သားအိမ်ဝအဖုံး Diaphragm ပေါ်သုက်လိမ်းပြီး၊ မွေးလမ်းကြောင်း Vagina ထဲထည့်သွင်းပြီး သားအိမ်ဝ Cervix ကို ဖုံးပိတ်စေရမည်။ ဆက်ဆံပြီးနောက် ၆ နာရီ ကြာအထိ Diaphragm ကို ပြန်မထုတ်ရ။ ကြာကြာထားလည်း ရသည်။
9. ဟော်မုန်း မပါသော စားဆေး
Centchroman ခေါ် Saheli Tablets သည် ပုံမှန် မမျိုးဥထွက်ခြင်းကို တားဆီးခြင်း မလုပ်ဘဲ၊ ကျားသုက်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်းနံရံကို လာတွယ်သည့် ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန် ပြုလုပ်ပေးသည်။
ဆေးကပ်တခုတွင် 30 mg ဆေးပြား (၈)ပြားပါသည်။ ပဌမ (၃)လအတွက် wပါတ်လျင် ၂ ပြား၊ နောက်လများမှစ၍ ၁ ပါတ် ၁ ပြား သောက်ရသည်။ ဟော်မုန်းများမပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင်။ သို့သော် ရာသီဆင်း များတတ်သည်။
10. The progestogen-only pill (ပီ-အို-ပီ) ဆေးလုံး
Progestogen ခေါ် မ-ဟော်မုန်း တမျိုးတည်း ပါသည့်စားဆေးဖြစ်သည်။ အမျိုးအစားအမျိုးမျိုးရှိသည်။ ၄င်းဆေးကြောင့် သားအိမ်အဝရှိ ချွဲကျိသည့်အရည်သည် ပြစ်စေးလာကာ ကျားသုက်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ်အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ Cerazette ဆေးဖြစ်ပါက လစဉ် မမျိုးဥထွက်ခြင်းကို တာဆီးပေးသည်။ သတိထားသုံးပါက ၉၉% ထိရောက်သည်။
လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စနေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်သည် အထိ သောက်ရမည်။ ဆေးကပ်ကုန်သည်နှင့် နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ် လည်း သောက်နိုင်သည်။ အသက်ကြီးလျင်လည်းသောက်နိုင်သည်။ ရာသီ မလာမီ လက္ခဏာများကို သက်သာစေသည်။
ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်သည်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကျိတ်အလုံးပေါ်ခြင်း ဖြစ်တတ်သည်။ ယခု သို့မဟုတ် ယခင်က ရင်သားကင်ဆာရှိနေလျင်၊ ကိုယ်ဝန်ရှိနေလျင်၊ အသဲနှင့် သဲခြေရောဂါ ရှိနေလျင်၊ မျိုးဥအိမ် အကျိတ် အလုံးရှိဘူးလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။
11. Contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းကလေးတခုဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ Progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။
Progestogen ဟော်မုန်းသည် လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကျိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုက်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန် များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ ကလေးနို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီလက္ခဏာများကို သက်သာစေသည်။
သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ဝက်ခြံပေါက်တတ်သည်။ ရင်သား တင်းတတ်သည်။ ကိုယ်ဝန် ရှိနေလျင်၊ အသဲရောဂါ ရှိနေလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်း ရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိလျင် မသုံးသင့်။
• Contraceptive implant ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇ဝ) ကိုလဲ ဖတ်ပါ။
12. The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး
T ပုံရှိသော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော Progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေသည့် ဆေးဖြစ်သည်။ ၅ နှစ် အထိခံသည်။ Mirena ဟုခေါ်သည်။
သားအိမ်အဝရှိ ချွဲကျိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုက်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ အချို့အမျိုးသမီးများတွင် မမျိုးဥမထွက်စေရန် တားဆီးသည်။ ၉၉% ထိရောက်သည်။
ရာသီစဆင်းသည့်နေ့မှ နောက် ၅ ရက်အကြာ ၄င်းပစ္စည်းထည့်ရသည်။ မွေးလမ်းတွင် ကူးစက်ပိုး မရှိမှ ထည့်ရမည်။ (IUD) များကဲ့သို့ မွေလမ်းကြောင်း Vagina ထဲတွင် ကြိုးစလေး နှစ်ခု ရှိနေမည်။
လစဉ်ရာသီဆင်းရက် ပြောင်းသွားနိုင်သည်။ ဝက်ခြံထွက်တတ်သည်။ ရင်သားနာတတ်သည်။ ထွက်ကျခြင်း၊ နေရာ ပြောင်းခြင်းလည်း ဖြစ်တတ်သည်။ ကိုယ်ဝန်ရှိနေလျင် မသုံးရ။ သားအိမ်၊ မျိုးဥအိမ်ကင်ဆာရှိနေလျင် မသုံးရ။ ယခု သို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။
13. Spermicides ကျားသုက်ပိုးသတ်ဆေး
(Nonoxynol-9) ပါသည့်ဆေးဖြစ်သည်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုး ရှိသည်။ 71-82% ထိရောက်သည်။ နာရီဝက် ကြိုတင်ထည့်ထားပြီးမှ ဆက်ဆံရမည်။ ပျော်ဝင်မသွားသည့် အမျိုးအစားဖြစ်ပါက ဆက်ဆံအပြီး ၈ နာရီ ကြာမှ ထုတ်ရမည်။ Vaginal Contraceptive Film (VCF) သည် ၁၅ မိနစ်ဆိုလျင် ရသည်။
Suppositories တို့မှာ ၂ဝ မိနစ် စောင့်ရမည်။ Sponges တို့သည် ၈ဝ-၉၁% ထိရောက်သည်။ ၁၂ နာရီ ကြိုတင် ထည့်ထားနိုင်ပြီး၊ ဆက်ဆံပြီးနောက် ၆-၈ နာရီကြာမှ ဖြုတ်ရမည်။
တမျိုးတည်းသုံးသည်ထက် သားအိမ်အဝအဖုံးများ၊ သုက်ရည် ပြင်ပစွန့်ထုတ်နည်းတို့နှင့် တွဲသုံးပါက ပိုမိုထိရောက်စွာ ကာကွယ်နိုင်သည်။ အက်စစ်ဓါတ်ပါသဖြင့် ပူစပ်သည်။
14. Male and female sterilization သားကြောဖြတ်ခြင်း
ရာသက်ပန် ကလေးမနိုင်တော့သည့်နည်းဖြစ်သည်။ ယောက်ျားများကို ထုံဆေးသုံးပြီး ကျားသုက်ပိုးများ ထွက်လာရတဲ့ လမ်းကြောင်း တနေရာရာကို ဖြတ်ပြစ်လိုက်တာ ဖြစ်တယ်။
ဘယ်နဲ့ညာ နှစ်ဘက်လုံးကို ဖြတ်ရတယ်။ ဒါးရာ တချက်ထဲနဲ့လဲ ဖြစ်တယ်။ ၂ဝဝဝ တွင် ၁ ယောက်မှာ မအောင်မမြင် ဖြစ်တတ်သည်။ ဖြတ်လိုက်တဲ့ အကြောကို မှန်ဘီလူးနဲ့ ဟုတ်-မဟုတ် စစ်မှ သေခြာတယ်။ လက်နဲ့ စမ်းရတာမှာ ဘေးက သွေးကြော၊ အဆီ၊ အာရုံကြောတွေနဲ့ ခွဲရမလွယ်ဘူး။ ထုံဆေးနဲ့ဆို ပိုမှားနိုင်တယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန် ကိုသာ အားကိုးသင့်တယ်။
အမျိုးသမီးတွေကို သားကြောဖြတ်ရင် မေ့ဆေး၊ ခါးထုံဆေး တမျိုးမျိုးပေးပြီး၊ သားအိမ်ရဲ့ တဖက်တချက်ရှိတဲ့ သားအိမ်ပြွန် နှစ်ခုလုံးကို ဖြတ်ပြစ်ရတယ်။ ၂ဝဝ မှာ ၁ ယောက် မအောင်မမြင် ဖြစ်တတ်တယ်။ ခွဲစိတ်ပြီး ၁ လ အထိ အခြားတားနည်းတခုခု သုံးသင့်တယ်။
ယောက်ျားကို ဖြတ်ရင် သုက်ရည်လဲမှာ သုက်ပိုး ပါ-မပါ စစ်ဆေးရမယ်။ သုတေသန စစ်တမ်းအရ အသက် ၃ဝ အောက် အမျိုးသမီးများက ယောက်ျားတွေထက် ထိုနည်း သုံးပြီးနောက် နောင်တရကြတယ်။
• Contraceptive implant ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇ဝ)
• Tubal ligation အမျိုးသမီး သား-သမီး မရတော့အောင် လုပ်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈ဝ) တွေကိုလဲ ဖတ်ပါ။
15. Vaginal rings သန္ဓေတား သားရေကွင်း
V-Rings လို့လဲ အတိုခေါ်တဲ့ Vaginal rings သားရေကွင်းတွေဆိုတာ အမျိုးသမီး မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ ထည့်ပေးထားရတဲ့ သန္ဓေတားနည်းတခု ဖြစ်တယ်။
သားရေကွင်းလို့ ပြောရပေမဲ့ ဆေးပါနေတဲ့ Polymeric devices (ပေါ်လီမက်ထရစ်) ပစ္စည်း ဖြစ်တယ်။ အချင်း ၂ လက္မရှိတယ်။ ကိုယ်ဝန်အတွက် မဟုတ်တာတွေလဲ ရှိသေးတယ်။
1. NuvaRing ဆိုတာက Contraceptive vaginal ring ကိုယ်ဝန်တားပစ္စည်း ဖြစ်တယ်။ Poly-ethylene-co-vinyl acetate နဲ့ လုပ်ထားပြီး၊ Etonogestrel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ မျိုးဥအိမ်ကနေ မျိုးမထွက်စေဘူး။ သားအိမ်အဝက အချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးလျစေမယ်။ ကိုယ်ဝန်မရအောင် တားပေးမယ်။
2. Femring ဆိုတာက သွေးဆုံးချိန်မှာ မျက်နှာတွေ နီမြန်းတာ၊ မွေးလမ်းကြောင်း ကြုံလှီတာတွေ သက်သာဘို့ Estradiol-acetate ဟော်မုန်း နဲနဲလေး ထုတ်ပေးနေမဲ့ Silicone elastomer ကနေလုပ်တာ ဖြစ်တယ်။ လင်မယား အတူမနေခင် ခဏထုတ်ထားနိုင်တယ်။
အဲလို ပစ္စည်းမျိုးကို မွေးလမ်းကြောင်းထဲမှာ ထည့်ထားလို့ ရတယ်။ သားရေကွင်းလို ပစ္စည်းကရော (ဗဂျိုင်းနား) အတွင်း နံရံရောက ဆန့်နိုင်ကြုံ့နိုင်စွမ်းရှိလို့ ထွက်မကျစေအာင် ထိန်းထားနိုင်တယ်။ ရေချိုးတာ၊ လေ့ကျင့်ခန်း လုပ်တာ ကိစ္စမရှိပါ။ ရှိနေတာ သေခြာချင်ရင် လက်ကို ဆေးကြောပြီး ကိုယ့်ဖါသာ စမ်းကြည့်နိုင်သေးတယ်။ Vaginal rings သန္ဓေတား သားရေကွင်း ကိုဖတ်ပါ။
Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာ သုတေသန
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမည်။
• သုက်ပိုးသေဆေးနည်း = ၁၈-၂၉% ကိုယ်ဝန်ရမည်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်း = ၁၅-၂၈% ကိုယ်ဝန်ရမည်။
• ရက်ရှောင်နည်း = ၅-၁၂% ကိုယ်ဝန်ရမည်။
• ကွန်ဒွမ်နည်း = ၂-၁၅% ကိုယ်ဝန်ရမည်။
• နေ့စဉ်သောက်ရသည့်ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမည်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမည်။
ဒေါက်တာတင့်ဆွေ (၁ဝ-၆-၂ဝ၁ဝ)
ဒေါက်တာတင့်ဆွေ - ပဋိသန္ဓေတားနည်းများ




