အဲဒီနေ့က ကျနော့်ဆီကို ပြဿဒါး နှစ်ကိုယ်ခွဲလာတဲ့ နေ့ပေါ့ တကယ်တော့ ပထမဆုံးနေ့ဆိုတာ ဘယ်ကိစ္စအတွက်မဆို ခက်ခဲကြမ်းတမ်းတာချည်းပါပဲ ခါးသီးနာကျင်ဖွယ်ရာ ဘေးဒုက္ခကို ကြုံနေရပြီလို့ သိလိုက်ရတဲ့ ကိစ္စကတော့ အခက်ခဲဆုံး အကြမ်းတမ်းဆုံးပါပဲ အဲဒီ ပထမဆုံးနေ့မှာ John Lennon ရဲ့ When I am 64 သီချင်းကို သူ ဆိုညည်းပြတော့ ကျနော် မျက်ရည်ကျခဲ့မိတယ် သူ့ အသက် ၆၄ နှစ်အထိအောင် သူ နေရတော့မှာ မဟုတ်ဘူးဆိုတာ သူရော ကျနော်ရော သိလိုက်ပြီကိုး သူ့သက်တမ်းက မထင်မှတ်ပဲ တိုတောင်းစွာ ပြတ်တောက်ရတော့မှာ အဲဒါ ရက်ရက်စက်စက်ကို သေချာတဲ့ အမှန်တရားတစ်ခုလေ....
တစ်ညနေခင်း … အင်း - မှတ်မှတ်ရရ မိုးဖွဲဖွဲလေး ရွာနေတဲ့ ညနေခင်းပေါ့ အဲဒီ အဖြေကို သူ သိလိုက်ရတဲ့ အချိန်က သူ့ဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ဘူးတဲ့ သူတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာတဲ့ သူ သိလိုက်ရတဲ့ အချိန်က ညနေ လေးနာရီနဲ့ ဆယ်မိနစ်တဲ့ သူ ကျနော့်ကို ဖုန်းဆက်တော့ ည ဆယ်နာရီ ထိုးခါနီးနေပါပြီ....
“ မင်း အံ့သြမယ့် စကားတစ်ခွန်း ငါ ပြောမလို့  ”
သူ့ အသံ ခပ်အက်အက်မှာ ရယ်သံစွက်နေတာကို ကျနော် သတိထားလိုက်မိတယ် . သူက ကျနော့်ကို နောက်နေကျကိုး . ကန်တော်ကြီးက Fun မှာ ပိုက်ဆံမလောက်လို့ ခု လာရှင်းပေးပါဦးဆိုပြီး ခေါ်လာ ခေါ်ရဲ့ … ရန်ဖြစ်တာ ခေါင်းကွဲသွားလို့ ဆေးရုံအခန်းနံပါတ် ၂၀၂ မှာ တက်နေရတယ်ဆိုပြီး ပြောလား ပြောရဲ့ - တကယ်တမ်း အဲ့ဒီနေရာတွေကို ကျနော် အူလျားဖားလျား အပြေးရောက်မိတဲ့ အခါ သူ့ရဲ့ လှောင်ပြောင်ရီမောသံတွေနဲ့ပဲ ရင်ဆိုင်ရတတ်တာမျိုးပါ . ဘယ်တော့မှာ အမှတ်မရှိတတ်တဲ့ ကျနော့်ကို အမျိုးမျိုး အဖုံဖုံ စနောက်စရာတွေ သူ့မှာ ပေါလွန်းလှပါတယ် .
“ ဘာစကားလဲ .. ကြိုက်တာပြော .. ငါ နည်းနည်းမှ အံ့သြမှာ မဟုတ်ဘူး ”
“ သေချာလို့လား ”
“ Dead sure ” ပြောသာ ပြောလိုက်ရတာ ကျနော့် စိတ်ထဲ နည်းနည်းတော့ ထင့်သွားပါသည် . ကျနော်တို့ သူငယ်ချင်း နှစ်ယောက် ဘယ်လောက်ပဲ ဖြူစင်စွာ ချစ်ခင်ကြတယ်ဆိုဆို အဲဒီ အဖြူရောင် သစ္စာကို အခြားတစ်ယောက်ယောက်က ဆေးဆိုးသွားမှာကို စိုးရိမ်လို့ပါ . အထူးသဖြင့် အဲဒီ တစ်ယောက်ယောက်ဟာ ………..
“ ဒါဖြင့် ပြောတော့မယ် ” ပြောတော့မယ်ဆိုပေမယ့် သူ့ စကားသံ တော်တော်နှင့် ထွက်မလာ . အသက်ရှူသံ ခပ်ပြင်းပြင်းကိုသာ ကြားနေရသည် .
“ ဟေ့ကောင် … ပြောလေ ” သတိပေးလိုက်တော့မှ - ပြောမယ့်ပြောတော့လည်း ဘာမှ နိဒါန်းပျိုးမနေပဲ ပြောချလိုက်တာ …
“ ငါ့ သွေးအဖြေက HIV positive ” အပြင်မှာ တဖျောက်ဖျောက်ကျနေသော မိုးသံများ ဗြုန်းခနဲ တိတ်သွားသည် . ကျနော် ထွက်ရပ်နေကျ ၀ရန်တာမှ မြင်နေကျ မြင်ကွင်းများ အမဲရောင်သို့ ပြောင်းသွားသည် . ထိုအမဲရောင် ကောင်းကင်တွင် သင်းကွဲငှက်တစ်ကောင် … ဘယ်အရာကများ သူ့ကို သင်းကွဲဖြစ်အောင် ဆောင်ကျဉ်းခဲ့ပါသလဲ . ကောင်းကင်၏ အနက်ရောင်တံခါးများ ကြားထဲမှာ ကမ်းလင့်နေသာ စေတန်ရဲ့  လက်အစုံကို လှမ်းဆုပ်ကိုင်ချင်သော သူများ ရှိပါသလား .ကျနော် တကယ် အံ့သြတကြီး တုန်လှုပ်သွားပါတယ် . တခဏ ကြောင်အသွားပြီး ဘာစကားမှ မပြောနိုင်တော့တာပါ . သူ နောက်နေတာလား . ဟင့်အင်း ! ဒါ နောက်စရာမှ မဟုတ်တာ .
“ ငြိမ်းချမ်း … မင်း အံ့သြသွားပြီ မဟုတ်လား ” ခြောက်သွေ့နေတဲ့ သူ့ အသံကို ကျနော် သိပါတယ် . ချက်ချင်း ငိုချလိုက်တော့မယ့် အသံမျိုးပေါ့ .
“ သေချာလို့လား … ဖိုးသားရယ် ”
“ သေချာတာပေါ့ .. ရက်ရက်စက်စက်ကို သေချာတာ . ” ကျနော် သူ့ကို ဘာပြောရမလဲ ? ဘာတွေ နှစ်သိမ့်ရမလဲ ? ကျနော့် အသိဥာဏ်တွေ တဒင်္ဂ အမှောင်ကျသွားတယ် . ငရဲကို အလည်တစ်ခေါက် ရောက်ခဲ့သလို တစ်ကိုယ်လုံး အေးခဲနေတယ် . တစ်ခေါင်းလုံး ထူပူပြီး လက်တွေ ခြေတွေ အေးစက်လာတယ် .
“ ဘာ့ကြောင့်လဲ ? … ဘယ်လို ဖြစ်တာလဲ ” တကယ်က သူ့ကို မေးတာ မဟုတ်ပါဘူး . ကျနော် တိုးတိုးလေး ရေရွတ်မိတာပါ .
“ ငါလဲ အဲဒါ မသိဘူး ငြိမ်းချမ်း . ဒါပေမယ့် ငါ သိတာက ငါ အိမ်မပြန်ချင်ဘူး . အမေ့မျက်နှာကို မကြည့်ရက်ဘူး . ဘာမှ မဖြစ်သလို ငါ ဟန်မဆောင်နိုင်ဘူး . အမေ သိသွားမှာပဲ . အမေ ငိုမှာဟ . ငါ အိမ်မပြန်ပဲလဲ နေလို့ မရဘူးလေ . ငါ ဘာလုပ်ရမလဲ ပြောဦး ”
“ ဟုတ်တယ် . မင်းအိမ်မပြန်လို့မှ မရတာ . ” တွန့်ဆုတ်တဲ့ လေသံနဲ့ သူ့ကို ထောက်ခံလိုက်မိတာ ကျနော်မှ ဟုတ်ရဲ့ လား .
“ အမေနဲ့ မျက်နှာချင်း မဆိုင်ရအောင် အိမ်ကို ငါ ဘယ်လို ပြန်ရမလဲ . ငြိမ်းချမ်း - ငါ့ကို အကြံပေးပါဦး ”
“ ခဏလေး … မင်းနဲ့ ငါ တွေ့မှ ဖြစ်မယ် . အခု ဘယ်မှာလဲ ” သူ စားသောက်ဆိုင် နာမည်တစ်ခု ရွတ်ပြတယ် .
“ ဒါပေမယ့် မင်း လာလို့မှ မရတာ . ” ဟုတ်တယ် … ကျနော် သွားလို့ မရဘူး . ကျနော့်မှာ ကားမှ မရှိတာ . ပြီးတော့ ကျနော် ခု ပြောင်းနေတဲ့ ရပ်ကွက်က Taxi တစ်စင်း ငှားလို့ရဖို့အရေး နာရီဝက်လောက် စောင့်ရတတ်တဲ့ ဆိတ်ငြိမ်ရပ်ကွက် . ခုလို ညဘက်မှာဆို ပိုဆိုးတော့မပေါ့ .
“ ဒါဆို ဒီလို လုပ် . မင်း ငါ့အိမ်ကို လာခဲ့လိုက် . ငါ့ အိမ်ကနေ အန်တီ့ဆီကို ဖုန်းဆက်မယ်လေ မင်း ဒီည အိမ်ပြန် နောက်ကျမယ့် အကြောင်း ပြောပေးမယ် . အန်တီ အိပ်ချိန်လောက်ကျမှ ကိုယ့်သော့နဲ့ ကိုယ် ဖွင့်ဝင်ပေါ့ . အန်တီ စိတ်ချလက်ချ အိပ်နှင့်ပါစေ ”
“ အေးကွာ ”
သူ ကျနော့်အိမ်ကို ရောက်လာတော့ ည ဆယ်နာရီ ခွဲနေပါပြီ . တံခါးဖွင့်ပေးလိုက်တော့ ၀င်လာတဲ့ သူ့ မျက်နှာက ဗလာ မျက်နှာသေပါ . ဘ၀မှာ ဘာဆို ဘာမှ မရှိတော့တဲ့ သူတစ်ယောက်ရဲ့ မျက်ဝန်းတွေနဲ့ … ဧည့်ခန်း ဆိုဖာမှာ ၀ုန်းခနဲ ထိုင်ချပြီးတော့ သူ့မျက်နှာသူ လက်ဝါးနဲ့ အုပ်လိုက်တယ် . သူ့ ကိုယ်ခန္ဓာကတော့ တုန်ယင်နေတယ် … ဒါဆို … သူ . . . . . သူ . . . . . သူ . . . . .
“ ဘာ့ကြောင့်လဲ … ဘယ်သူ့ဆီကလဲ … ဘယ်တုန်းကလဲ ” . အဲဒီ မေးခွန်းတွေကို ရှုပ်ထွေးစွာ စိတ်ထဲက မေးနေမိပေမယ့် အခုအချိန်အခါမှာတော့ အဲဒါတွေက လုံးဝ အရေး မကြီးတော့ပါဘူး . “ ရှေ့ဆက်ပြီး PHA ဘ၀နဲ့ သူ ဘယ်လို အသက်ဆက်ရှင်သန်နိုင်မလဲ … အသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ခွန်အားတွေ ဘယ်လို ပေးကြမလဲ သူ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အထူးသဖြင့် ကျနော်ကကော သူ့ရဲ့ လာမယ့် အနာဂတ်အတွက် ဘယ်လိုတွေ ဖေးမကူညီမျှဝေခံစားပေးကြမလဲ ” . အဲဒါကိုပဲ စဉ်းစားရတော့မှာပါ
“ ဖိုးသား ” မျက်နှာကို အုပ်ထားတဲ့ လက်တွေကို မဖယ်သေးပါဘူး . သူ့လက်တွေကို ကျနော် ညင်သာစွာ ဆုပ်ကိုင်လိုက်တော့မှ လက်ကို မျက်နှာက ခွာပြီး ကျနော့်ကို သူ ကြည့်တယ် . သူ့ မျက်လုံးလေးတွေကတော့ နီရဲလို့ .
“ ဒီ အဖြစ်ကြောင့် မင်း ဘယ်လောက် တုန်လှုပ်ချောက်ခြားမလဲဆိုတာ ငါ ခန့်မှန်းလို့ရပါတယ် ကိုယ်ချင်းလဲစာပါတယ် . ဒါပေမယ့် မင်းသိထားရမှာက အခုဟာက ကမ္ဘာကြီးရဲ့ အဆုံးသတ်နေ့ မဟုတ်သေးဘူးနော် . ”
“ ဒါပေမယ့် ငါ့ရဲ့ နေ့တွေကတော့ အဆုံးသတ်တော့မှာလေကွ ” သူ . . . . . ဒေါသတကြီး အော်လိုက်တယ် .
“ မဟုတ်သေးဘူးလေ . HIV positive ဖြစ်ရုံနဲ့ မင်း နေ့တွေ အဆုံးသတ်သွားပြီလို့ ဘယ်သူ ပြောသတုန်း . မင်းမှာ အနည်းဆုံး ငါးနှစ် ရှိတယ် အဲဒီ ငါးနှစ်အတွင်းမှာ ဒီရောဂါ ပျောက်မယ့် ဆေး ပေါ်လာနိုင်တာပဲလေ . တကယ်လို့ မင်း နေတတ်စားတတ်ရင် ၁၀ နှစ် ၁၅ နှစ် နေရမယ် . နောင် ၁၀နှစ် ၁၅ နှစ်အတွင်းမှာ လူသားအားလုံး မင်းနဲ့ အတူတူပဲလေ မင်းရော ငါရော ကျန်တဲ့လူတွေရော နောင် ၁၀ နှစ်အတွင်းမှာ ဘာမှ မဖြစ်ဘူးလို့ မင်းပြောနိုင်လား … ဖြေ ”
“ … … … … ” သူ့ဆီက ဘာသံမှ မကြားရဘူး .
“ အေး … နောက်သုံးနှစ်အတွင်းမှာ ငါ မသေဘူးလို့ ငါ့ကို ဘယ်သူကမှ အာမခံမပေးနိုင်ဘူး . အခုနေ အမြဲ ခေါင်းကိုက်နေတတ်တဲ့ ငါ ဆေးမစစ်ကြည့်သေးလို့လေမတော်တဆ ဘရိန်းကျူးမားဆိုရင် ဘယ်လို လုပ်မလဲ . အလွန်ဆုံးခံလှ တစ်နှစ် နှစ်နှစ်ပေါ့ . အဲ့လိုပဲ မင်းလဲ ငါ နောက်လာမယ့် ဆယ်နှစ်ကျရင် AIDS နဲ့ သေရတော့မယ် ဘာညာ တွေးကောင်းနေတုန်း Accident တခုခုဖြစ်ပြီး သေရင် သေသွားနိုင်တာပဲလေ ”
“ စောက်ရေးထဲမှာ မနှစ်သိမ့်တဲ့အပြင် လာခြိမ်းခြောက်နေသေးတယ် . ” သူ့ အသံက နည်းနည်း ကြည်လာပါတယ် .
“ ငါ အတည်ပြောတာ ဖိုးသားရ … ကွေးသောလက် မဆန့်မီ - ဆန့်သောလက် မကွေးမီတဲ့ . မိနစ်ပိုင်းလေးတိုင်းမှာ ဘေးအန္တရာယ်တွေ အများကြီးကြားထဲကမှ ငါတို့ လူသားတွေ အသက်ရှင်သန်နေကြတာလေ . အမှန်မှာက လူတစ်ယောက် သေသွားတယ်ဆိုရင် ဒါ အံ့သြစရာ မဟုတ်ဘူး . … လူတစ်ယောက် အသက်ရှင်သန်နေတယ်ဆိုတာကသာ အံ့သြစရာ . ”
“ တော်စမ်းပါကွာ … မင်းဆီ လာကာမှ ငါ ပို စိတ်ညစ်လာပြီ . အစတုန်းကတော့ ငါ နောက် ငါးနှစ်လောက်ကျရင် သေမှာပဲဆိုပြီး စိတ်ညစ်နေတာ . အခုတော့ မင်း ပြောပုံအရ နက်ဖြန် သန်ဘက်ခါပဲ သေရတော့မယ့်ပုံ . ” သူ မျက်မှောင်ကြီးကုတ်ပြီး ပြောလာတော့ ကျနော် နည်းနည်း စိတ်သက်သာရာ ရသွားတယ် . သူ့ စိတ် ပုံမှန် ပြန်ဖြစ်တော့မယ် . ကျနော့် သူငယ်ချင်းလေး အကြောင်း ကျနော် အသိဆုံးပါ .
“ ဟုတ်တယ်လေ - ဖိုးသားရဲ့ … အခု ငါတို့ဆီမှာပဲကြည့် . ဟိုနေရာ ဗုံးပေါက် ဒီနေရာ ဗုံးပေါက် အချိန်မရွေးသေသွားနိုင်တဲ့အထဲမှာ ဘာဖြစ်လို့ ဒီ ပိုးရှိတဲ့  ကိစ္စကိုပဲ တွေးပူပြီး စိတ်ညစ်နေမှာလဲလို့ ပြောချင်တာပါ . ”
“ ဘာလို့လဲဆိုတော့ မင်းမှာ ပိုးမရှိပဲ ငါ့မှာပဲ ပိုးရှိနေလို့ပေါ့ ”
ကျနော် ရယ်လိုက်မိတယ် . ရယ်သံ နည်းနည်းကျယ်သွားလို့ အခန်းထဲမှာ အိပ်နေတဲ့ မာမီနိုးသွားမှာစိုးလို့ ချက်ချင်းပဲ အသံကို ထိန်းချုပ်လိုက်ရပါတယ် . ညဥ့်က တော်တော်
နက်နေပါပြီ . ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်မနေသေးဘူး . ဟိုး လမ်းထိပ်က လက်ဘက်ရည်ဆိုင်ဆီက သီချင်းသံ တပိုင်းစတစတောင် လွင့်ပျံလာလေရဲ့ သူငယ်ချင်း … ရှေ့ဆက် မင်းဘ၀မှာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ … တခါတရံမှာ ခါးသီးလဲ ကျော်ဖြတ်လိုက်ပေါ့လေ . အားတင်းစမ်းပါ . . . . သူငယ်ချင်းလေးရယ် .
“ ငါ့မှာကော ပိုးမရှိဘူးလို့ မင်း ဘယ်လို သိမလဲ . ငါ သွေးမစစ်တာ တစ်နှစ် ရှိပြီလေ . ” သူ ကျနော့်ကို မျက်စိ စွေကြည့်တယ် .
“ ဒါမှမဟုတ် … ငါ့မှာ HIV positive ဖြစ်နေပြီးတော့ မင်းတို့ အားလုံးကို ဖွင့်မပြောပဲ မျိုသိပ်ဖုံးကွယ်ထားတာရော မဖြစ်နိုင်ဘူးလား . ” သူ နှာခေါင်းရှုံ့ ပြီး စိတ်တိုဟန်နဲ့ ရယ်လိုက်ပါတယ် .
“ စောက်ပိုတွေ လာပြောမနေနဲ့ … လုံးဝ မဖြစ်နိုင်ဘူး ”
“ ဘာလို့လဲ ”
“ ဘာလို့လဲဆိုတော့ မင်းက ဟန်မဆောင်တတ်လို့ပေါ့ . မင်းလား - ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ နေနိုင်မှာ . .. ဓာတ်မှန်ရိုက်တာတောင်မှ တစ်ယောက်တည်း ရင်မဆိုင်ရဲလို့ အဖြေယူရင် ငါ့ကိုပါ အပါခေါ်တတ်တဲ့ကောင် . တကယ်တမ်း ရင်ဆိုင်ရဲတာက - ငါ . … ဒီ သွေးအဖြေကို တစ်ယောက်တည်း ယူခဲ့ရတာ . ဘယ်ကောင်မှ အဖော်မပါဘူး . ”
သွေးအဖြေ Positive လို့ သိလိုက်ရတဲ့ အဲဒီ တစ်ခဏမှာ သူ ဘယ်လို ခံစားလိုက်ရပါလိမ့် . … ငါ မင်းကို သနားလိုက်တာ သူငယ်ချင်းရယ် . ငါလိုကောင်တွေ ရှော့ခ်ရသွားတာ . မင်းဆိုရင်ကော - နှလုံးသွေးတွေ တဒင်္ဂ ရပ်တန့်သွားလေမလား ?......... ( to be continued )
အူဝဲ
LGBT - ပထမဆုံးနေ့ (အပိုင်း - ၁)




