“ ဘာလို့လဲ ”
“ ဘာလို့လဲဆိုတော့ မင်းက ဟန်မဆောင်တတ်လို့ပေါ့ . မင်းလား - ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ နေနိုင်မှာ . .. ဓာတ်မှန်ရိုက်တာတောင်မှ တစ်ယောက်တည်း ရင်မဆိုင်ရဲလို့ အဖြေယူရင် ငါ့ကိုပါ အပါခေါ်တတ်တဲ့ကောင် . တကယ်တမ်း ရင်ဆိုင်ရဲတာက - ငါ . … ဒီ သွေးအဖြေကို တစ်ယောက်တည်း ယူခဲ့ရတာ . ဘယ်ကောင်မှ အဖော်မပါဘူး . ”
သွေးအဖြေ Positive လို့ သိလိုက်ရတဲ့ အဲဒီ တစ်ခဏမှာ သူ ဘယ်လို ခံစားလိုက်ရပါလိမ့် . … ငါ မင်းကို သနားလိုက်တာ သူငယ်ချင်းရယ် . ငါလိုကောင်တွေ ရှော့ခ်ရသွားတာ . မင်းဆိုရင်ကော - နှလုံးသွေးတွေ တဒင်္ဂ ရပ်တန့်သွားလေမလား ?
“ ကောင်းပြီ . မင်း သတ္တိရှိတဲ့အတွက် မင်းကို ငါ ချီးကျူးပါတယ် . ဂုဏ်ပြုပွဲကိုတော့ နောက်နေ့မှ လုပ်ပေးမယ် . အခု လောလောဆယ် အန်တီ့ဆီ ဖုန်းဆက်ကြတာပေါ့ … ငါ အရင် ပြောမယ် . ပြီးမှ မင်း ပြော ”
“ အေး ”
သူ့ အမေဆီ ကျနော် ဖုန်းဆက်ပြီး ဖိုးသား ကျနော့်အိမ်မှာ ရှိနေကြောင်း … အိမ်က ကွန်ပျူတာ ပျက်သွားလို့ ခဏ လာပြင်ပေးနေတာမလို့ ညဥ့်နက်မှ အိမ်ပြန်လာဖြစ်မယ့် အကြောင်းပေါ့ . ခွင့်လွတ်ပါ အန်တီ ! တခါတရံမှာ အဖြူရောင် မုသားဆိုတာ လိုအပ်တယ်မဟုတ်လား .သူ့ကို ဖုန်းပေးပြီး စကား နဲနဲ ပြောခိုင်းတော့ …
“ အမေ ”
ဘုရားရေ … အမေလို့ သူ ခေါ်လိုက်တဲ့ အသံက ပြောရိုးပြောစဉ် အသံမျိုး မဟုတ်ပဲ လေးနက် စူးနင့်လွန်းလို့ ကျနော် ကြက်သီးဖြန်းခနဲတောင် ထသွားပါတယ် . သူ ငိုများ ငိုချလိုက်လေမှာလား … ဖွင့်ပဲ ပြောလိုက်တော့မှာလေလား … နေပါဦး - ဖိုးသားရယ် . ဒီ စကားက တယ်လီဖုန်းနဲ့ မပြောသင့်တဲ့ စကားပါ . အမေကို သားက မျက်နှာချင်းဆိုင်ပြီး ပြောရမယ့် စကာမျိုးပါ .
“ သားမှာ သော့ပါလာတယ် " သူ့ အသံက ခြောက်ကပ်ကပ် . စက်ရုပ်စကားပြောနေသလိုမျိုး အနိမ့်အမြင့် မရှိဘူး . အဲဒီနောက် ဖုန်းခွက်ကို ကိုင်ပြီးတွေတွေကြီး ငိုင်နေတယ် . ကျနော် စိုးရိမ်သွားပါတယ် .
“ စိတ်ချလက်ချ အိပ်နှင့်လို့ ပြောလိုက် ” တိုးတိုးလေး ပြောလိုက်တော့မှ နှုတ်ခမ်းကို တင်းတင်းစေ့ အားတင်းပြီး ခေါင်းညိတ်တယ် .
“ စိတ်ချလက်ချ အိပ်နှင့် … အမေ ”
“ စိတ်ချလက်ချအိပ် ” နဲ့ “ အမေ ” ကြားထဲမှာ သူ့ အသံ တိမ်ဝင်သွားတာကို သူ့ အမေ သတိမထားမိပါစေနဲ့လို့ ဆုတောင်းရမှာပါပဲ . အမေတွေဟာ သားတွေရဲ့ စိတ်ကို ထိုးထွင်း သိမြင်တတ်ကြသူတွေ မဟုတ်လား .
သူနဲ့ ကျနော် ဆိုဖာပေါ်မှာ ဘေးချင်းယှဉ်ထိုင်မိတော့ သူ့မျက်နှာကို ဂရုတစိုက် ကြည့်မိပါတယ် . အခုအချိန်ကစပြီး မနက်ဖြန်မှာ သူ ရင်ဆိုင်ရမယ့် အရာတွေအကြောင်း စဉ်းစားရတော့မယ် .
“ ဖိုးသား … မင်း ဒီ သွေးအဖြေအကြောင်း ဘယ်သူတွေကို အသိပေးမှာလဲ ” သူ တွေဝေနေတယ် .
“ ငါ ကျန်တဲ့သူတွေကို မပြောချင်ဘူး . ငါ့ကြောင့် ငါ့ အမေ မျက်နှာငယ်မှာ စိုးတယ် . ”
ဒါဆို သူ သေရမှာကိုချည်း စိုးရိမ်နေတာ မဟုတ်ပဲ HIV ပိုးရှိသူအဖြစ် ပတ်ဝန်းကျင်က ကဲ့ရဲ့ နှိမ့်ချ အထင်သေးမှာကိုလည်း စိုးရိမ်နေတာပေါ့ . ကျနော်တို့ လူ့ပတ်ဝန်းကျင် ဆိုတာကလည်း ကိုယ့်သွေးထဲမှာ HIV ပိုး ရှိမရှိသာ သွေးမစစ်ကြည့်သေးလို့ မသိကြပေမယ့် positive ဆိုရင်ပဲ ကြောက်ရွံ့ အထင်သေးပြီး ဆုတ်ဖယ်ရှောင်ခွာတတ်တဲ့ အကျင့်ဆိုးကြီး ရှိနေတုန်း . တကယ်ဆို ဘာဆိုင်သလဲကွယ် ! လူဆိုတာ တစ်နေ့ သေမျိုးတွေချည်းပဲဟာကို . အဲဒီ အကျင့်တွေ ပျောက်ကွယ်သွားဖို့ဆိုတာ သူတို့ကို ဒီ ရောဂါပိုးအကြောင်း ရေရေလည်လည် နားလည် သဘောပေါက်အောင် ရှင်းပြမှ ဖြစ်မှာ .
“ အမေ့ကို ငါ ပြောပြမယ် … ပြီးတော့ ဆုဆုကို ငါ ပြောပြရမလား ”
“ ပြောပေါ့ … ပြောပြရမှာပေါ့ . ဆုဆု သိသင့်တယ်လေ . ” ချစ်သူဆိုတာ မြတ်နိုးဖော် ကြင်နာဖက် … ဆိုးတိုင်ပင် ကောင်းတိုင်ပင်မဟုတ်လား .
“ ပြီးတော့ … ငါ့ရဲ့ Boss ”
ဖိုးသားက company တခုမှာ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်အဖြစ် အလုပ်လုပ်နေတာပါ .အလုပ်ရှင်ကိုတော့ အသိပေးသင့်တာ နားလည်ပါတယ် . ဒါပေမယ့် သူ့ကို အလုပ်က ထုတ်ပစ်လေမလား . ကျနော့် မျက်လုံးက ဇဝေဇ၀ါ အတွေးကို သူ ဖတ်မိသွားပါတယ် .
“ ကိစ္စမရှိဘူး ငြိမ်းချမ်း ! အလုပ်ပြုတ်ဖို့တော့ များတယ် . ကိစ္စ မရှိပါဘူး . ငါ လိမ်မထားချင်ဘူး . ”
အလုပ်ရှင်က ဘယ်လောက်ပဲ သူ့ကို သနားကြင်နာသည် ဖြစ်စေ … ဘယ်လောက်ပဲ သံယောဇဉ်ရှိသည်ဖြစ်စေ … HIV ဆိုတာ အတူနေထိုင်စားသောက်ရုံ အသားချင်းထိရုံနဲ့ မကူးစက်တတ်ဘူးဆိုတာ ဘယ်လောက်ပဲ နားလည်သဘောပေါက်သည်ဖြစ်စေ ထုတ်ပယ်ဖို့တော့ များတယ် . ကျန်တဲ့ ၀န်ထမ်းတွေ နားလည်သဘောပေါက်အောင် ရှင်းပြဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲကိုး .
“ ငါ စိုးရိမ်တာက အလုပ်ကိစ္စ မဟုတ်ဘူး . ဆုဆု အတွက် . သူ ငိုလိမ့်မယ် . ငါ့ကိုလဲ အထင်သေးသွားမှာဟ . ငါတို့ ရှေ့ဆက် နီးစပ်ဖို့လဲ ငါကိုယ်တိုင်က လက်ခံမှာ မဟုတ်ဘူး . အဲဒီ အဖြစ်အပျက်ကို ငါ ခံနိုင်ရည်ရှိဖို့ အချိန်ယူပြီးတော့မှ . . . . . . ” ဒိန်းခနဲ ကျနော့်ခေါင်းထဲ တခုခု လာဆောင့်သွားတယ် . ဒီစကားကို ပြောသင့်လား မပြောသင့်လား တွေးမနေပဲ ပြောလိုက်မိတယ် .
“ ဆုဆုကိုရော … သွေးစစ်ဖို့လိုမလား ”
“ ဘာပြောတယ် ” သူ ကျနော့်ကို ရုတ်တရက် လှမ်းကြည့်ပုံက နာကျင်မှုတွေ အပြည့်နဲ့ပါ .
“ ငါ သူ့ကို လက်ဖျားနဲ့တောင် မထိဘူး … ငြိမ်းချမ်း ”
“ ဖြစ်နိုင်ပါ့မလား ”
“ ငါ့ကို မယုံဘူးပေါ့ ” ကျနော် ဘာမှ ပြန်မပြောပဲ ပခုံးပဲ တွန့်လိုက်မိတယ် . သူ တကယ်ပဲ စောင့်စည်းခဲ့တာရင်လဲ ဖြစ်မယ် . ရှက်လို့ လိမ်နေတာရင်လဲ ဖြစ်မယ် . ဒါက ဖြည်းဖြည်းချင်းကျမှ သူ ရင်ဖွင့်လာအောင် ဆွဲဆောင်ယူရမယ့် ကိစ္စ ဖြစ်ပါလိမ့်မယ် .
“ အခု ငါတို့ လုပ်ရမှာက အန်တီ့ကို ဖွင့်ပြောမယ် . အသက်နဲ့ အဝေးတကာ့ အဝေးကြီးဆိုတာ အန်တီ နားလည်သဘောပေါက်လာအောင် ရှင်းပြကြမယ် . တကယ်လည်း အဲ့လို ဖြစ်အောင် မင်း နေထိုင်ကျင့်ကြံရမယ် ” သူ ကျနော့်စကားကို စိတ်ဝင်စားသွားပုံရပါတယ် . ဆိုဖာပေါ် ခြေထောက်တင်ပြီး အကျအန ထိုင်လိုက်တယ် .
“ တကယ် ပြောတာလား … ငြိမ်းချမ်း”
“ သြော် … ဖိုးသားရယ် . ငါ ဘယ်တုန်းက မင်းကို လိမ်ခဲ့ဖူးလို့လဲ . မင်းလဲ ဆရာဝန် မဟုတ်ပေမယ့် ပညာတတ်တစ်ယောက်ပဲ . ငါ မပြောပေမယ့် စာတွေဖတ်ပြီး ဒီရောဂါ အကြောင်း သိအောင် လုပ်လို့ ရနေတာပဲ . အချိန်မရွေးသိလာမယ့် ကိစ္စတစ်ခုကို ငါက ညာစရာလား . တကယ် ပြောနေတာ . HIV positive ဘ၀နဲ့ ကျန်းမာအောင် နေပြီး ပတ်ဝန်းကျင်အတွက် လုပ်ပေးနိုင်တာတွေ အများကြီးပဲဟာကို . အဲ့လို နေထိုင်နည်းတွေကို ငါ သိသလောက် မင်းကို ပြောပြမှာပေါ့ . ”
သူ မျက်လုံး အ၀ိုင်းသားနဲ့ ကျနော့်ကို အားကိုးတကြီး ကြည့်နေတဲ့အခါ ကျနော့် ရင်ထဲမှာ နင့်နင့်သီးသီး ၀မ်းနည်းသွားမိပါတယ် . အဲဒီလို အမြဲတမ်း သူ အားတက်လာအောင် အားပေးနိုင်တဲ့သူ တစ်ယောက် တကယ် ဖြစ်ချင်ပါတယ် . NGO တစ်ခုမှာ စိတ်ဓာတ်ရေးရာ အတိုင်ပင်ခံ တစ်ဦးအနေနဲ့ အခါအားလျော်စွာ တာဝန်ယူခဲ့ဖူးပေမယ့် ကိုယ့် အချစ်ဆုံး သူငယ်ချင်းကို conseling လုပ်ပေးနိုင်လောက်တဲ့အထိ ကျနော် တည်ငြိမ်နိုင့်ပါ့မလား .. မသိပါဘူးလေ .
“ မင်း သွေးကို မကြာခဏဖောက်ပြီး သွေးဖြူဥလေးတွေ ပမာဏကို စစ်ကြည့်ကြမယ် CD4 စစ်တယ်ပေါ့လေ ထားပါ … ပြီးတော့ ကိုယ်အလေးချိန် မှန်မှန် ချိန်ကြည့်ရမယ် . ”
“အခု ငါ ဘော်ဒီဝိတ် တက်နေတုန်းပါ” သူက ခပ်မဲ့မဲ့ ပြုံးပြီးပြောတော့ ကျနော် ပျော်သွားပါတယ် .
“Good ! ”
ကျနော် ရွှတ်နောက်နောက် ပြောလိုက်တော့ သူ ရီပါတယ် . ဘယ်ဘက်သွားတက်လေးမှာ တပ်ထားတဲ့ စိန်ပွင့်လေးက လက်ခနဲ . ကျနော် သူ့ကို ဒီလို ပြုံးရယ်နေတာပဲ မြင်ချင်မိပါတယ် .
“အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို သတိထားပြီး လိုက်နာရမယ်နော် … ဖိုးသား ”
“အေးပါ ”
“HIV ပိုးက လူရဲ့  ကိုယ်ခံအားစနစ်ကို တိုက်ဖျက်တာဆိုတော့ မင်းမှာ ခုခံအားတွေ ကျလာနိုင်တယ် . ဒါ့ကြောင့် အလွယ်တကူ ရောဂါတွေ ရမယ် . ဒီတော့ အဲဒီလို ရောဂါမျိုးစုံ အလွယ်တကူ မရအောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောင့်ရှောက်ရမယ် . ကြောက်ရမယ့် ရောဂါတွေက ၀မ်းလျှောရောဂါ … TB ရောဂါ နဲ့ အရေပြားပေါ်မှာ အနာဖြစ်တတ်တဲ့ ဟာတွေပေါ့ . ဒါတွေကို ကာကွယ်ထားနိုင်မယ်ဆိုရင် မင်း အသက် ရှည်ကိုရှည်ရမှာပေါ့ ”
“ … … … … … ”
“ ဒါနဲ့ ပြောပါဦး . မင်းက လူ့ဘ၀ရဲ့  အဓိပ္ပာယ်နဲ့ အနှစ်သာရကို ဘယ်လို သဘောထားလဲ” သူက ဆိုဖာနောက်မှီကို မှီပြီး မျက်စိမှိတ်စဉ်းစားနေတယ် . ကျနော့် ဧည့်ခန်းက တိုင်ကပ်နာရီက ၁၁နာရီ ခွဲတဲ့ အထိမ်းအမှတ်နဲ့ တစ်ချက် မြည်သွားတယ် .
“ လူ့ဘ၀ရဲ့ အဓိပ္ပာယ် … အင်း ! တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေးဟ . နေရသမျှ ဘ၀တိုတိုလေးထဲမှာ … ငါ - အစစ်အမှန် ပျော်ရွှင်ရောင့်ရဲတဲ့သူ ဖြစ်ချင်တယ် . ငါ့ အသိုင်းအ၀ိုင်း သေးသေးလေးပဲ ဖြစ်ဖြစ် ငါ့ကြောင့် စိတ်မညစ် စိတ်မရှုပ်ရပဲနဲ့ ငါ့ကြောင့်ပဲ ပျော်စေချင်တယ် . ဒါပါပဲ” ကျနော် ခေါင်းညိတ်လိုက်မိတယ် .
“ ငါလဲ အတူတူပါပဲ . ငါက မင်းထက် နည်းနည်းလေးပဲ ပိုတယ် . အခု အသက် ရှင်သန်နေချိန်လေးအတွင်းမှာ လိုအပ်နေတဲ့သူ လိုအပ်နေတဲ့အရာတွေကို ငါ နိုင်သလောက် ကလေးနဲ့ ဖြည့်စွမ်းပေးသွားချင်တာ . လောလောဆယ်တော့ ငါ့ကိုယ်ငါပဲ မတ်မတ်ရပ်နိုင်အောင် ကျားကန်နေရတုန်းပါပဲ” ပြောရင်းနဲ့ အသံနည်းနည်း တိမ်ဝင်သွားတော့ သူက မျက်မှောင်ကျုံ့ ပြီး ပြုံးတယ် .
“ အော … ငြိမ်းချမ်း . ငါကတောင် မင်းကို ပြန်ကူညီရဦးမှာလား . ”
“ မလိုပါဘူးကွာ . .. ငါ့ကို ကူညီမယ့်အစား မိဘမဲ့ ကလေးတွေ . ဘိုးဘွားရိပ်သာတွေ . လူမှုရေးဖောင်ဒေးရှင်းတွေကို သွားလှူလိုက်ပါလား . မင်းက ချမ်းသာတာပဲဥစ္စာ . ”
“ အင်း … အဲ့လိုတွေ ငါ လှူချင်ပါတယ် . ဒါပေမယ့် ငါ့ ရောဂါအတွက် ဆေးဖိုးက နင့်နေအောင် ကုန်ဦးမှာလေ … ” ကျနော် သူ့ လက်ဖျားကို အမှတ်တမဲ့ ဆုပ်ညှစ်လိုက်မိပါတယ် .
“ ဖိုးသား … နားထောင်စမ်း ! ရောဂါဆိုတဲ့ စကားလုံးကို ငါ ကန့်ကွက်တယ် . မင်းဟာက ရောဂါ မဟုတ်ဘူး . virus ပိုးဝင်ရုံပဲ ရှိသေးတာ . အဲဒီ ပိုးက မင်းကိုယ်ထဲက ကိုယ်ခံစွမ်းအားတွေ ကျဆင်းသွားအောင် လုပ်ဖို့ဆိုတာ အချိန်တွေ အများကြီးယူဦးမှာ . အဲဒီအချိန်မှာ မင်းက ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာတွေကို စား . စိတ်တည်ငြိမ်အောင် တရားထိုင် . exercise တွေလုပ် . အရက်နဲ့ ဆေးလိပ်ရှောင် . လိုအပ်လာတဲ့အချိန်ကျရင် ဆေးစား … အဲဒါဆို ရောဂါတွေ ၀င်လာဦးမှာ မဟုတ်ဘူးလေ . ”
“ … … … … … ”
“ ထားပါတော့ . ဆေးဖိုးအကြောင်း နောက်မှ ပြောမယ် . အခု အရေးကြီးတာ တခုပြောမလို့ . မင်း Bossက အလုပ်ဖြုတ်ခဲ့ရင် ငါ့ အမေရဲ့ magazine မှာ ဆောင်းပါးတွေ ၀င်ရေးပါလားဟင် . ဂီတနဲ့ ပတ်သက်လို့ မင်း ကျွမ်းတာ ငါ သိပါတယ် … ဘယ်လိုလဲ … နော်”
သူ အသံထွက်အောင် ရယ်တော့ ကျနော်ပါ လိုက်ပြုံးမိတယ် . အင်းလေ … ဖိုးသားဆိုတာ စာကို လေးလုံးကွဲအောင်တောင် ရေးတတ်တဲ့ကောင်မှ မဟုတ်တာ . ဒါပေမယ့် ဖိုးသားက သီချင်းဆို သိပ်ကောင်းပါတယ် .
“ နောက်မနေစမ်းပါနဲ့ ငြိမ်းချမ်းရာ . သီချင်းဆိုတဲ့ အလုပ် လုပ်တာကမှ နီးစပ်သေးတယ် . မင်း ငါ့ကို သီချင်းတစ်ခွေ ထုတ်ပေးလေ . ငါ ဆိုပေးမယ် . ဆိုခ မယူဘူး . ”
အဲ … ဟုတ်သားပဲ . ကျနော် မေ့နေလိုက်တော . လွန်ခဲ့တဲ့ ခြောက်လလောက်က သူ့ကို သီချင်းရေးဆရာ မိတ်ဆွေတစ်ယောက်ဆီ အပ်ပေးမယ်လို့ ကတိပေးခဲ့ဖူးတာပဲ .
ကျနော်နဲ့သူ နှစ်ယောက် ပေါင်းလိုက်ရင်တော့ သီချင်းခွေ တစ်ခွေစာ ငွေရင်း လုံလောက်ပါတယ် . အဲဒီအခွေ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ … သူ့အတွက်တော့ ဒါ အားမာန်ဖြည့်ဆေး တစ်ခွက်ဖြစ်မယ်ဆို ကျနော် ကျေနပ်ပါတယ် .
“ ကောင်းတယ် … တကယ် ကတိနော် . ”
“ အော် … ခက်ပြီ . တကယ် - တကယ် ”
“ မြတ်ရင် မင်းကို ငါ ဆိုခ ပေးမယ် . ရှုံးရင် မင်း မယူရဘူး ” သူ့ မျက်နှာ ကြည်လင်လာတယ် .
“ အေးပါဆို . ”
အဲဒီနော်က အခန်းထောင့်မှာ ထောင်ထားတဲ့ ဂစ်တာဆီ သူ မျက်စိ ရောက်သွားပါတယ် . ကျနော်ကိုယ်တိုင် မတီးတတ်ပေမယ့် သူ လာရင် တီးပြခိုင်းလို့ရအောင် ၀ယ်ထားတဲ့ ဂစ်တာလေးက အခုတော့ ဖုန်တွေတောင် တက်လို့ … အေးပေါ့လေ … ဒီအိမ်ကို သူ မရောက်ဖြစ်တာ သူနဲ့ ဆုဆု ကြိုက်ကတည်းကဆိုတော့ တစ်နှစ်နီးပါးလောက်တောင် ရှိရောပေါ့ .
“ ငါတို့ သီချင်းတွေ ရွေးကြမယ် . သိလား … ဖိုးသား ”
“ အင်း … ကော်ပီလား”
“ အေးလေး … ကော်ပီပဲပေါ့ . ဒါနဲ့ ပထမဆုံးအခွေမှာ မင်း အပါစေချင်ဆုံး သီချင်းတစ်ပုဒ်ကို ပြောပြ ” သူ တခဏ စဉ်းစားပြီးတော့ မျက်နှာ ညှိုးကျသွားပါတယ် .
“ အပါစေချင်ဆုံး သီချင်းတော့ ငါ မသိဘူးဟာ . ငါ မဆိုချင်ဆုံး သီချင်းတစ်ပုဒ်တော့ ရှိတယ် . ”
“ ဘာလဲ ”
“ When I am 64 ” ကျနော် ဘာပြောရမှန်း မသိတော့တာမို့ သူ့ လက်ကိုပဲ တင်းကျပ်နေအောင် ဆုပ်ညှစ်လိုက်မိတယ် .
သူ့ဘေးမှာ ဘယ်သူပဲ ရှိရှိ မရှိရှိ သူ့ အမေကတော့ ရှိနေမှာပါ . ထာဝရ ရှိနေမှာပါ . ကျနော် သိတယ် . ပြီးတော့ ကျနော်လည်း သူ့ဘေးမှာ ရှိနေမှာပါ . ထာဝရရှိနေပေးမှာ ကျနော့်ကိုယ် ကျနော် သိတယ် . နောက်ထပ် သူ့ဘေးမှာ ဘယ်သူ ရှိဦးမှာလဲ . သူ အရမ်း ချစ်ခင်ကြင်နာရပါသည်ဆိုသော သူ့ ချစ်သူ ကောင်မလေးကရော ??? အင်း …
ဒါတွေက တဖြည်းဖြည်း သိလာရမှာပါပဲလေ . HIV ပိုးဟာ လက်ချင်းထိရုံ စကားပြောရုံ တစ်ရုံးတည်းလုပ်ရုံ တစ်မိုးတည်းနေရုံနဲ့ တစ်ယောက်ကို တစ်ယောက် မကူးဘူးဆိုတာ ပတ်ဝန်းကျင်က လူသားတွေ အားလုံးနားလည်လက်ခံလာချိန် မရောက်မချင်း သူ့လို လူမျိုးတွေ အထီးကျန် အားငယ်နေရမှာ ..
“ သိလား … ငြိမ်းချမ်း ! အရင်တုန်းက အဲ့သီချင်းကို ဆိုရင် ငါ ဘာမှ မခံစားရဘူး … အခု … အခုတော့ … ”
ဟင့်အင်း … မဆိုနဲ့ . ကျနော် တားလိုက်ချင်ပါတယ် . ဒါပေမယ့် တားလိုက်ရင် ကျနော့်ရင်ထဲက နှမြောတသ ယူကျုံးမရစိတ်က သူ့ ရင်ထဲက ဝေဒနာနဲ့ ပေါင်းပြီး သူ ပိုခံစားသွားရမှာပါ . ဒါ့ကြောင့် ကျနော် အားတင်း ပြုံးနေလိုက်ပါတယ် သတ္တိအရမ်းကောင်းတဲ့ သူက ဂျွန်လင်နွန်ရဲ့ သီချင်းကို တစ်ပိုင်းတစ်စ ဆိုညည်းပြလိုက်သေးရဲ့ . . .
When I get older, losing my hair, many years from now
Will you still be sending me a valentine, birthday greetings, bottle of wine?
If I'd been out 'til quarter to three, would you lock the door?
Will you still need me, will you still feed me when I'm sixty-four?
ကျနော်လေ … … … သူ့ ရှေ့ မှာ မျက်ရည်မျက်စေရဘူးလို့ သူ မရောက်လာခင်ကတည်းက အားတင်းပြီး ထိန်းချုပ်ထားခဲ့တာပါ . ဒါပေမယ့် မရပါဘူး - ငိုချင်တာပါပဲ .
မဆိုပါနဲ့လို့လည်း မတားရက်ဘူး . သူ့ အသက် ၆၄ နှစ်အထိ နေရမှာပါလို့လည်း လိမ်ညာနေစရာ မလိုပါဘူး . ဒါ မဖြစ်နိုင်ဘူးဆိုတာ သူရော ကျနော်ပါ သိနေကြတာပဲလေ .
သီချင်းသံ တစ်ပိုင်းတစ်စနဲ့ ရပ်သွားပြီး သူ ဗြုန်းခနဲ ထ ရပ်လိုက်ပါတယ် . နောက်ပြီး ၀ရန်တာဆီ ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတယ် . ကျနော် သိနေတယ် . သူ တိတ်တိတ်ကလေး သွားငိုတော့မယ် . ကျနော် သူ့ကို ဘယ်လို နှစ်သိမ့်ရပါ့မလဲကွယ် .
သူ့ကို ကျနော် အနှောင့်အယှက် မပေးချင်ပေမယ့် သူ့ နောက်ကို ကျနော် လိုက်ဖို့လိုတယ်လို့ ယူဆမိလို့ လိုက်သွားပါတယ် . သူ အဝေးကို လှမ်းငေးနေတယ် … အင်း လှမ်းငေးနေတယ် ထင်ရတာပါပဲ . သူ့ ရှေ့ တည့်တည့် အဝေးမှာ ည အမှောင်ထဲကနေ ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံဘာရားကို သူ ကြည့်နေမလား …. ဒါမှမဟုတ် ဒီ့ထက် ဝေးလံလှတဲ့ အမှောင်ထုဆီ သူ ငေးနေလေမလား … ကျနော် မသိပါဘူး .
“ ဖိုးသား ” သူ လှည့်မကြည့်ဘူး
“ မင်း ရှေ့ မှာ နှစ်တွေ အများကြီးနော် ” သူ မတုန်မလှုပ်ရက်နေတုန်းပဲ
“ မင်းဘေးမှာ အန်တီမြင့် ရှိနေတယ်နော် . .. အမြဲ ရှိတာ ”
“ ငါ သိပါတယ် ” သူ့ အသံက ခပ်မာမာ … ခပ်ပြတ်ပြတ် .
“ နောက်ပြီး - မင်း နောက်မှာ ငါ ရှိတယ် ... ထာဝရ ရှိနေမှာ ” ပြောရင်း ဘယ်လို ဖြစ်ပြီး ကျနော့် အသံက အက်သွားမှန်း မသိဘူး အရေးအကြောင်းဆို ကျနော်က ဒီလိုပဲ ဟန်လည်း မဆောင်တတ်သေးပါဘူး
“ အေးပါကွာ . . . ငါ သိပါတယ် ”
သူ့ လေသံက ရုတ်တရက် ပျော့ပျောင်းသွားတယ် . အဲဒီနောက်တော့ ကျနော့်ဘက် သူ လှည့်ကြည့်ပါတယ် ဘုရားရေ !!! ကျနော်မြင်ဖူးသမျှ သူ့ မျက်လုံးအကြည့်တွေထဲမှာ အခုတစ်ခါလောက် နူးညံ့တာမျိုး မရှိခဲ့ဖူးပါဘူး .အဲဒီနောက်တော့ သူ ကျနော့်ခေါင်းကို တစ်ချက် ပုတ်လိုက်တယ် . နောက်ပြီးတော့ ဘယ်တုန်းက ကျနေမှန်း မသိတဲ့ ကျနော့်ပါးပေါ်က မျက်ရည်တစ်စကို အသာ သုတ်ပေးပါတယ်
လောကကြီးက ကျနော်တို့ကို ဘာတွေ ပေးခဲ့ပါသလဲ … ကျနော်တို့ကရော ဘာတွေ ပြန် ရခဲ့ပါသလဲ … နောင်လာမယ့် မနက်ဖြန်ကိုတော့ ရင်ဆိုင်နိုင်ဖို့ရာ ကျနော် အားတင်းရပါဦးမယ် …သူရှိသော မနက်ဖြန်တွေအပြင် သူ မရှိသော မနက်ဖြန်တွေကိုပါ ရင်ဆိုင်နိုင်ဖို့အတွက်ပေါ့ . . .
အူဝဲ
LGBT - ပထမဆုံးနေ့ (အပိုင်း - ၂)




