23
Jan

ပန်းခရမ်းပြာရဲ့ အိပ်မက်များကို ကြိုဆိုခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကာလများက မြန်မာပြည်မှာ စာပေ၊ ဂီတစတဲ့ အနုပညာရှင်များကို ဖန်တီး သူတို့ရဲ့ စာပေနဲ့ အနုပညာ တင်ဆက်မှုများမှာသာ ထင်ထင်ရှားရှား တွေ့မြင် ခဲ့ကြရတာ များပါတယ်။ အခု ခေတ်မှာတော့ တကယ်တမ်း ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေအတွက် ခံစားကူညီရာမှာ တနည်းအားဖြင့် ပြည်သူကို တိုက်ရိုက် အလုပ်အကြွေးပြုတဲ့ နေရာမှာ အထင်ကရ အနုပညာရှင်များကို ထင်ထင်ရှားရှားမြင် လာကြရပါတယ်။

အမိမြန်မာနိုင်ငံကြီး ဆင်းရဲဒုက္ခထဲ ရောက်နေတဲ့ ကာလတွေမှာ ခိုကိုးရာ မဲ့ခဲ့တဲ့ ခလေးတွေ HIV ရောဂါရခဲ့တဲ့ ခလေးတွေ ပညာရေး မရရှိနိုင်တဲ့ ခလေးတွေ ကယ်သူမဲ့ ဘ၀များစွာ ရှိလာခဲ့ရပါတယ်။ သက်ကြီး ရွယ်အိုများရဲ့ ထောက်တည်ရာမဲ့ ဘ၀တွေနဲ့ ဆင်းရဲဒုက္ခ များစွာ ခံစားနေကြရပါတယ်။ ထိုများစွာသော ဘ၀တွေကို စာနာမှုနှလုံးသားနဲ့ လက်တွေ့ ကူညီမှုတွေနဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က နေ့စဉ် ကူညီစောင့်ရှောက်ပေးလို့ အားကိုး ရာမဲ့ ဘ၀များ အေးချမ်းမှု ရရှိခဲ့ကြပါတယ်။

တစ်ဦးချင်းသာ မကဘဲ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဘက်များနဲ့ အတူ သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ ‘အောင်မြေ’ ပညာဒါနကျောင်းနဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) စတဲ့ စေတနာ့ ၀န်ထမ်း လူမှုကူညီရေးတွေကို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဌ နာရေးကူညီမှုအသင်း၊ ရန်ကုန်) ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

တက္ကသိုလ် ပုရ၀ုဏ်နဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ ရေပန်းစားလှတဲ့ “ပန်းခရမ်းပြာ” သီချင်းကို ရေးသားခဲ့သူက တေးရေးဆရာ ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဖြစ်ပါတယ်။ မေတ္တာတရားကို ရေးဖွဲ့တဲ့ သီချင်းတွေနဲ့ နာမည် ကျော်ကြားတဲ့ တေးရေးဆရာ တဦးအဖြစ် ကျနော်တို့ သိခဲ့ကြပါတယ်။ သူရေးစပ်တဲ့ သီချင်းတွေနဲ့ အတူ သူကိုယ်တိုင် မေတ္တာတရားတွေ ဖော်ပြခဲ့တာကို “ငြိမ်းချမ်းရေးအတွက် ပန်းရဲ့လမ်း”မှာ အထင်အရှား တွေ့မြင် ရပြီဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဒုက္ခကို အနုပညာနဲ့ ကူညီရာမှာ စင်မြင့်ပေါ်မှာသာ မဟုတ်ဘဲ နယ်ပေါင်းစုံက လက္ဘက်ရည်ဆိုင်တွေမှာလဲ ကိုယ်တိုင် တီးခတ် သီဆိုပြီး အလှူငွေရှာပေးခဲ့သူ ဖြစ်ပါတယ်။ လူထု အချစ်တော် ဂီတပညာရှင် ကိုရဲလွင် (မဇ္မျိမလှိုင်း) ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

ကိုယ်ပိုင် သံစဉ်များကို ချစ်မြတ်နိုးသူ ဘ၀သီချင်းတွေရေးစပ် သီဆိုသူလို့ နာမည် ကျော်ကြားသူကတော့ ကိုဆောင်းဦးလှိုင် ဖြစ်ပါတယ်။ နာရေး ကူညီမှုအသင်းနဲ့ လူမှုရေးလုပ်ငန်းများ၊ HIV/AIDS လူနာများ အတွက် ရံပုံငွေ ဂီတပွဲများမှာ သာမက၊ တကိုယ်တော် ဂီတဖျော်ဖြေမှုနဲ့ “နှလုံးသားတွေ လှူမယ့်ည”  ပိုင်ရှင် တဦးဖြစ်ခဲ့တဲ့ တေးရေး တေးဆို  နိုင်ငံကျော် အဆိုတော် ကိုဆောင်းဦးလှိုင်ကို တွေ့မြင် ကြရပါတယ်။ အဆိုတော် ဆောင်းဦးလှိုင် ဟာ “နှလုံးသားတွေ လှူမယ့်ည” တကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပြည်သူတွေရဲ့ အလှူငွေပေါင်း (၁၂၆) သိန်း ရရှိခဲ့ပြီးတော့ ရရှိတဲ့ ငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေကို ပြန်လည် လှူဒါန်း ခဲ့ပါတယ်။ စေတနာ့ ၀န်ထမ်း နိုင်ငံကျော် အဆိုတော် ဆောင်းဦးလှိုင်ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

စာပေနဲ့ ဂီတ အနုပညာရှင်(၃) ဦးရဲ့ အမေရိကန် ခရီးစဉ်မှာ အမေရိကန်က မြန်မာ မိသားစုတွေရဲ့ အလှူငွေကိုလည်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ပေးလှူ သွားမယ်လို့ ကြိုတင် ပြောထားပြီး ဖြစ်ပါတယ်။ အမိမြန်မာပြည်နဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား မြန်မာပြည်သား အားလုံးရဲ့ အနာတရတွေကို ဖေးမ ကူညီဖို့အတွက် ကျနော်တို့အားလုံးမှာလဲ တာဝန်ရှိပါတယ်။

“ပန်းခရမ်းပြာရဲ့ အိပ်မက်များ” ဆိုတာ တကယ်တော့ ကျနော်တို့ အားလုံးရဲ့ အိပ်မက်များလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အိပ်မက် ပိုင်ရှင်များကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြဖို့ ကျနော်တို့ အဆင်သင့် ဖြစ်နေကြပါပြီ။

သန်းနိုင်
ပြည်သူ့ဂုဏ်ရည်အသင်း
ဖလော်ရီဒါဌာနခွဲ

ပြည်သူ့ ဂုဏ်ရည် - ပန်းခရမ်းပြာရဲ့အိပ်မက်များကို ကြိုဆိုခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top