30
Jul

ပန်းအဖျား အဆန်းအပြားလုပ်ခြင်း

1. Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
2. Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား
3. Foreign body on penis ယောက်ျားလိင်အင်္ဂါမှာ တခြားအရာတွေ
1. Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း

Phimosis ပန်းငုံတာကို ဖြတ်ပေးတဲ့ Circumcision လုပ်တာမှာ အဆန်းထွင်တာတွေ ရှိတယ်။ ဆေးရုံတွေမှာ လုပ်မပေးပါ။ ဆရာများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဂေါ်လီလုံး လိုမျိုး။ ဒီလိုလုပ်တာက စိတ်ကူးကတော့ လုံးပါတ်ကြီးအောင်ပေါ့။ ထူးအောင်နေမှာပေါ့။ ခွဲစိတ်တုံး ပိုးမွှား မဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် Foreign body ကိုယ်ပိုင်ပစ္စည်း မဟုတ်တာ ဖြစ်လို့ ကိုယ်ထဲမှာ ကြာကြာ လက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ “မောင်အေး-နှစ်ခါနာ” ပေါ့။ အတူနေဖက်က ဘယ်လို စိတ်ထားမလဲ မပြောတတ်ပါ။ ထင်တာတော့ အတွေ့အကြုံများတဲ့ အမျိုးသမီးက တခါတလေ ဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစု မိန်းကလေးတွေဆိုရင် သဘာဝ မဟုတ်တာကို လက်ခံဘို့ ခက်မယ် ထင်ပါတယ်။ (ကွန်ဒွမ်) သုံးတာတောင် လက်မခံချင်တဲ့ မိန်းကလေးတွေရှိတယ်။ ကိုယ်တွေ့ပါဘဲ၊ မြို့ဆေးရုံတခုမှာ ဂေါ်လီကို ပြန်ထုတ်ပေးခဲ့ရဘူးတယ်။ သူ့ဇနီး သဘောဆန္ဒအရပေါ့။

ယောက်ျားအင်္ဂါရဲ့အပေါ်ဖုံးအရေပြား Foreskin အောက်မှာ အညစ်အကြေး ရှိတာဟာ ရောဂါပိုးကြောင့် ဖြစ်တာက နည်းပါတယ်။ ငယ်ရွယ်သူများမှာ ဒီအရေပြားကို အဖွင့်-အပိတ် သိပ်မလုပ်တာမို့၊ သန့်ရှင်းပေးဘို့လဲ လိုလို့ အရေပြားက ထွက်တဲ့ ချွေး-အဆီတွေက အညစ်အကြေး ဖြစ်လာရတယ်။ အဲလိုသာဆိုရင် သာမန် သန့်ရှင်းရေး လုပ်ပေးတာနဲ့ ကောင်းနိုင်ပါတယ်။ အညစ်အကြေးကို ဖယ်ထုတ်၊ ဆပ်ပြာနဲ့ရေ သုံးပြီး၊ ဆေးကြောသင့်တယ်။ ရေချိုးတိုင်း သန့်ပေးပါ။ Glans penis ပန်းထိပ်အသားက သိပ်နုတာမို့၊ အထိအခိုက် ဂရုစိုက်ရပါမယ်။ ပုဆိုး ဝတ်တာတောင်မှ သတိထားရမှာပါ။ လူပျို မပေါက် တပေါက်အရွယ်မှာ ကွမ်းသီးခေါင်းအထိ အရေပြား လှန်ပေးတာကို ခံနိုင်သလောက် ဖြေးဖြေးချင်း၊ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးဘဝမှာ အပေါ်အရေပြားကို တခါတည်းနဲ့ အတင်းဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ တချို့ ကာလသားကြီးတွေက လုပ်တတ်ကြတယ်။

အသက်ကြီးသူများမှာ ပိုးဝင်တာလဲ ဖြစ်တတ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ STDs/STIs တွေဆိုရင် သူ့နည်းအတိုင်း ကုရမှာပါ။ မဟုတ်ရင် အနာ-အဆာလိမ်းဆေး Antiseptic တခုခုသုံးပါ။ Cortisone (ကော်တီဇုမ်း) မပါတာ သုံးပါ။ Dettol, Savlon စတာတွေ သုံးနိုင်ပါတယ်။ (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်)က အညစ်အကြေးတွေပါ အမြှုပ်ထပြီး၊ သန့်သွားစေမယ်။ အိုင်အိုဒင်း ဆိုရင် ၂% ထက် မပြင်းသင့်ပါ။ အနာလိုဖြစ်မှသာ သုံးပါ။ တင်ချာ-အိုင်အိုဒင်း မသုံးသင့်ပါ။ အသားနုနေချိန်မှာ အရက်ပြန် Methylated alcohol သုံးတာတောင် သိပ်မသင့်သေးပါ။ ပါးစပ်မှာကို သုံးနိုင်တဲ့ Gentian violet ကို အဆီပြန်သလို ဖြစ်နေရင် သုံးနိုင်တယ်။ Chloramphenicol, Tetracycline မျက်စဉ်းမျိုးက အဆီသဘောလဲပါလို့ ပိုအဆင်ပြေပါတယ်။ ကပ်လဲမကပ်ဘူး။

ဆက်ဆံရာမှာ အတို-အရှည်၊ အကြီး-အသေး နဲ့ ထူးခြားမှုဆိုတာတွေက Orgasm နဲ့ မဆိုင်ပါ။ နှစ်ဦးနှစ်ဖက် မျှတ ညီညွတ်ဘို့က အဓိကပါ။ တယောက်က နောက်တယောက်ထက် ပိုထူးနေတာက ရည်ရွယ်ချက်ကို မပေါက်ရောက်နိုင်ပါ။ အရွယ်အစား အတွက်ဘဲဖြစ်ဖြစ်၊ ကလိစရာ ပစ္စည်းမျိုး ထည့်တာ၊ သုံးတာတွေက နောက်ကြောင်း မအေးပါ။ ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီး စိတ်မချရပါ။ လေဟာပြင်ဈေးလို၊ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေး လိုမှာ လူကဲခပ်ပြီး လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆွဲဆောင်ဆေး လုပ်ရောင်းတာ ရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။

Dr. တင့်ဆွေ
၁၄-၈-၂ဝ၁ဝ

2. Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား
8 Aug 10, 05:33
ထည့်ပြီး လိင်ဆက်ဆံတာနဲ့ ရိုးရိုးသာမန် ဆက်ဆံတာနဲ့ ဘာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ်ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ပြီးတော့ ကိုယ့်ဆက်ဆံဖော်က ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလား။

သူငယ်ချင်းက ပြောတဲ့ ရည်ရွယ်ချက်အတွက် ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက် မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအစားထိုး၊ အသံအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတတ်တယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင် မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်း မဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

လူမှုရေးဘက်က တွက်ရအောင်။ အာရုံခံစားနိုင်စွမ်းဆိုတာ မတူကြပါ။ လိင်မှုဆက်ဆံရေးမှာ ကဲချင်သူရှိသလို၊ လှေကြီးထိုးသမား ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်လှုတ်ရှားစေတတ်တာ ရှိသလို ကြောက်လန့်စေတာလည်း ဖြစ်နိုင်တယ်။ လူလွတ်ဘဝမှာ ပျော်စရာအတွက် ဆိုရင်လည်း၊ ပျော်စရာနောက်က လိုက်ရတာတွေ ရှိလိမ့်မယ်။ သူများထက် ကဲချင်ရင် သူများထက် သတိကဲစရာတွေ ရှိမယ်။

ကိုယ်အဖေါ်ကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ အမျိုးသမီးက ဘာကို လိုလားသလဲ။ “သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု။” ဒါကို ပေးစွမ်း-ဖြည့်ဆီးနိုင်တာဟာ အင်္ဂါထူးခြားတာထက် ပိုတယ်။ ဂဏန်းလို ပြောရင် ပိုရှည်တာ၊ ပိုကားတာတွေက အရည်အတွက်အရ များတာတွေ မှန်ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်။

Dr. တင်ဆွေ
၈-၈-၂ဝ၁ဝ

3. Foreign body on penis ယောက်ျားလိင်အင်္ဂါမှာ တခြားအရာတွေ
ယောက်ျားလိင်အင်္ဂါမှာ တခြားအရာတခုခု စွပ်တာ၊ ထိုးသွင်းတာ၊ ဆေးထိုးသလို ထိုးတာတဲ့လူနာတွေကို ခွဲစိတ်ဆရာဝန်တွေ တွေ့ရတတ်ပါတယ်။ ကလေးတွေ ဆော့တာကလွဲရင် မတော်တဆ လုပ်ကြတာ မဟုတ်ဘဲ တမင်တကာ လုပ်ကြတာဖြစ်တယ်။ တချို့မှာ အဖေါ် မိန်းမကနေ ကူညီလုပ်ပေးတာလဲ ရှိတယ်။ ရည်ရွယ်ချက်ကတော့ Sexual gratification လိင်အရေးမှာ ထူးချင်ကြလို့ဖြစ်တယ်။ လိင်အင်္ဂါအရွယ်အစား ကြီးမာတာဟာ Sexuality လိင်မှုရေးရာမှာ ဂုဏ်ယူစရာလို့ ထင်မြင်ယူဆသူတွေထဲကနေ လုပ်ကြတာဖြစ်တယ်။

လိင်တံထဲ ဆေးထိုးကြတဲ့ ထိုင်းအမျိုးသား (၈) ဦးကို လေ့လာမှုတခု လုပ်ထားတာ ရှိတယ်။ အသက် ၂၄ နှစ်ကနေ ၅၂ နှစ်အထိဖြစ်တယ်။ သူတို့ထဲက ၇၅% မှာ Penis pain လိင်အင်္ဂါနာတယ်လို့ ပြောတယ်။ အဲလိုဖြစ်သွားတာကို ဆေးကုပေးရတာလဲ မအောင်မြင်သလောက်ရှိခဲ့တယ်။ ၈၇့၅% က ကိုယ်တိုင် ဆေးထိုးတာကို လေ့လာမှု မတိုင်ခင် ပျမ်းမျှ ၁့၈ နှစ်တုံးက လုပ်ခဲ့တယ်။ သူတို့အားလုံးဟာ Sexual attraction လိင်ဆွဲဆောင်မှုကို မျှော်ကိုးပြီး သူငယ်ချင်းတွေ တိုက်တွန်းလို့ လုပ်ကြတာဖြစ်တယ်။ ဒီလေ့လာမှုထဲက လူတွေမှာ နောင်မှာ အနာဖြစ်တာ မတွေ့ရပေမဲ့ အရင်လေ့လာမှုမှာ Penile ulceration လိင်တံမှာ အနာဖြစ်တာ ရှိတယ်။

Vaseline နဲ့ Olive oil တွေကို ထိုးထည့်ကြတယ်။ တခြားနိုင်ငံတွေမှာသုံးတဲ့ Silicone နဲ့ Paraffin ထက် ရှာရတာလွယ်လို့ ဖြစ်တယ်။ ပိုးဝင်တာ အနည်းနဲ့အများ ဖြစ်တယ်။ နောင်မှာ Residual foreign material ထိုးထားတာတွေနဲ့ Granulomatous tissue အသားမာတွေကို ပြန်ထုတ်ပြစ်ဘို့ ဆရာဝန်တွေက အကြံပေးရတယ်။

Heavy metal objects အလေးစား သတ္တုတွေကိုလဲ လိင်တံထဲထည့်ကြတယ်။ Penile incarceration လိင်အင်္ဂါ အနာ ဖြစ်ရင် ကုသရတာ ပိုခက်ခဲတယ်။ ပုံမှန်ခွဲစိတ်ခမ်းသုံး ကရိယာတွေနဲ့ မရတာမျိုးဖြစ်တတ်တယ်။ Ring cutters, Bolt cutters, Motorized rotary tool စတဲ့ စက်ပြင်ကရိယာတွေ သုံးရတတ်တယ်။ Barbell နဲ့ Sledgehammer head တွေကို ထုတ်ပေးရတာ တကယ်ရှိတယ်။ မြန်မာပြည်မှာတော့ စက်ဘီး ဘောစေ့ ထည့်ထားတာကို ကိုယ်တိုင် ထုတ်ပေးရဘူးတယ်။

ဒေါက်တာတင်ဆွေ (၁၃-၇-၂ဝ၁၂)

ဒေါက်တာတင်ဆွေပန်းအဖျား အဆန်းအပြားလုပ်ခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top