ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ တောင်ဘက် ကီလိုမီတာ (၅၆၈) ကီလိုမီတာ ခန့်ရှိ ရနောင်း ပြည်နယ်သည် လူဦးရေ အနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။၂ဝဝ၇ ခုနှစ်တွင် လူဦးရေ ၁,၇၉,၈၅ဝ ဦး ရှိသည်။ အများစုမှာဗုဒ္ဓ္ဓဘာသာများ ဖြစ်ပြီး ဒုတိယ အများဆုံးမှာ မွတ်ဆလင် လူမျိုးများ ဖြစ်ကြသည်။
မြန်မာပြည်ဘက် အခြမ်း ကော့သောင်းဘက်တွင် လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးဂိတ် ထားရှိပြီး တရားဝင်စာရွက်စာတမ်း အပြည့်အစုံနှင့် ခရီးသွားလာ ကြသူများအား စစ်ဆေးလျက် ရှိသည်။ သို့သော်လည်း မြန်မာဘက် အခြမ်းမှာ ရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကိုင် နေသူများသည် တောင်တန်းများ ထူထပ်သည့် ဧရိယာများမှ ဖြတ်သန်းပြီး တရားမဝင် ရနောင်းသို့ ဝင်လာလျက် ရှိကြသည်။
၂ဝဝ၆ ခုနှစ် ရနောင်းမြို့ရှိ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရုံး၏ အဆိုအရ နယ်စပ်ဖြတ်ကူးခွင့် လက်မှတ်ဖြင့် ရနောင်းမြို့သို့ ရောက်ရှိလာသူ (၃,ဝဝ,၃၃၈)ဦး ရှိသည်ဟု ဆိုသည်။ မြန်မာဘက် အခြမ်းသို့ ပြန်သွားသူ (၂,၆၅,၆၉၈)ဦးသာ ရှိပြီး (၆,၆၆၈)ဦးကို မူရင်းနိုင်ငံသို့ ပြန်ပို့ ပေးခဲ့ရသည်ဟု သိရသည်။ ၄င်းတွင် အမျိုးသား(၅,၁ဝဝ)နှင့် အမျိုးသမီး (၁၅၈၈)ဦးတို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ အတွက် လိင်လုပ်သားများ အဖြစ် ရောက်ရှိ လာကြသူများသည် အကျွမ်းတဝင် ခင်မင် ရင်းနှီးသူများ (သို့) သူငယ်ချင်းများ၏ ဆွဲဆောင်မှု များကြောင့် ရောက်ရှိ လာကြသူများ ဖြစ်ကြသည်။
ထိုဆွဲဆောင် စည်းရုံးသည့် သူငယ်ချင်းများသည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကတည်းက ထိုင်းနိုင်ငံအတွင်း လိင်လုပ်ငန်းများတွင် အလုပ် လုပ်ကိုင် ခဲ့ကြပြီး လူသစ် စုဆောင်းရာ မူလ နေရင်း ဌာနေသို့ ပြန်လည် လာရောက် စည်းရုံးကြသူများ ဖြစ်ကြသည်။
၎င်းတို့၏ မူရင်း နေရာများတွင်လည်း အလုပ်လက်မဲ့ ဖြစ်ခြင်း၊ လုပ်ခ နည်းပါးခြင်း၊ မိသားစုအား ထောက်ပံ့ရန် ဝင်ငွေ လုံလောက်မှု မရှိခြင်းတို့နှင့် ကြုံတွေ့ နေရသူများအား ထိုင်းနိုင်ငံဘက်တွင် ဝင်ငွေကောင်းသည့် လုပ်ငန်းများ ရရှိမည်ဟု လူကုန် ကူးသူများ၏ လိမ်လည် လှည့်ဖျားသော သတင်း အချက်အလက်များ ရှိနေသည်ကို တွေ့ရသည်။
လူကုန်ကူးခြင်း ခံရနိုင်ဖွယ် ရှိသည့် သူတို့၏ သွင်ပြင် ရုပ်ပုံလွှာများနှင့် အခြား နိုင်ငံတွင် အလုပ်ကောင်း ရရှိရန် အခွင့်အလမ်း ရှိသည်ဟု လိမ်လည် လှည့်ဖျားပြီး လူကုန်ကူး ခံရသူများမှာ ပုံမှန်ဝင်ငွေ မရှိသော ဆင်းရဲ နွမ်းပါးသူများ၊ ကျောင်းပညာ အဆင့်နိမ့်သူများ ဖြစ်၍ အများစုမှာ အမျိုးသမီးငယ်များ ဖြစ်သည်ကို တွေ့ရသည်။
ရနောင်းမြို့ရောက် ပြည့်တန်ဆာ လုပ်ကိုင်နေသူ တစ်ဦး၏ ပြောပြချက်အရ ထိုင်းနိုင်ငံတွင် အနေကြာ အလုပ် လုပ်ကိုင်နေသော ရွာမှ သူငယ်ချင်း ပြန်ရောက်လာပြီး အလုပ်ကောင်း ရမည်ဟု စည်းရုံးသဖြင့် မနှစ်က ရနောင်းသို့ လိုက်ပါလာခဲ့ကြောင်း၊ ရနောင်း ရောက်မှ ပြည့်တန်ဆာ အလုပ် လုပ်ရမည်ကို သိရှိသည့်အခါ အိမ်ပြန်စရာ ငွေမရှိသဖြင့် အလုပ်ရှင်၏ အဓမ္မ ခိုင်းစေမှုကို ယနေ့တိုင် လုပ်ကိုင် နေရကြောင်းနှင့် အလုပ်ရှင်မှ ၄င်း၏ သူငယ်ချင်းအား ဘတ်(၅,ဝဝဝ)ခန့်ပေးပြီး ၄င်းအား ဝယ်လိုက်သည်ကို နောက်မှ သိရသည်ဟု ပြောပြသည်။
လူကုန်ကူးမှု လုပ်နည်း လုပ်ဟန်များတွင် လူကုန်ကူး ခံရသူများမှာ များသောအားဖြင့် မိတ်ဆွေများ၊ ဆွေမျိုး သားချင်းများ၏ စည်းရုံး သိမ်းသွင်းခြင်း ခံကြရသည်။ များသောအားဖြင့် အဒေါ်များက တူမများကို
နီးစပ်သော အခြား နိုင်ငံများသို့ အလုပ်လုပ်ရန် သိမ်းသွင်း တတ်သည်။ လူငယ်များက အမျိုးသမီး ငယ်များကို ခင်မင်အောင် ပြုလုပ်ပြီး အချိန်ယူ၍ အမျိုးသမီးငယ် တို့၏ ယုံကြည် ကိုးစားမှုများကို ရရှိ စေပြီးလျှင် အမျိုးသမီးငယ်ကို လူကုန်ကူးလေ့ ရှိသည်။
ထိုကဲ့သို့သော ရနောင်းမြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာကြသည့် ဖြစ်ရပ်များတွင် မိဘများနှင့် ၄င်းတို့ ကိုယ်တိုင်ပင် ထိုင်းအစိုးရက ခွင့်ပြုထားသည့် အိမ်ဖော် လုပ်ငန်းများ လုပ်ကိုင်ရန် လူလာ စုဆောင်းလေ့ ရှိသည်ဟု သိထား ကြသော်လည်း နောက်ဆုံးတွင် ၄င်းတို့၏ ဘဝသည် ရနောင်းမြို့၊ ပြည့်တန်ဆာ အိမ်များတွင် အဆုံးသတ်ကြလေ့ ရှိသည်။
ရနောင်းမြို့ရောက် ပြည့်တန်ဆာ လုပ်ကိုင်နေသူ အခြား တစ်ဦး၏ ပြောပြချက်အရ လူပွဲစား တစ်ယောက်သည် ၄င်း၏ မိဘများအား ထိုင်းနိုင်ငံတွင် ဝင်ငွေကောင်းကောင်း ရမည့် အလုပ်ရှာပေးမည်ဟု ပြောဆိုပြီး ၄င်းအား ခေါ်ခဲ့ကြောင်း၊ ၄င်း၏ စိတ်အထင်တွင် အိမ်ဖော်လုပ်ငန်း လုပ်ရမည်ဟုသာ ယူဆခဲ့ကြောင်း၊ ရနောင်းမြို့ ပြည့်တန်ဆာ အိမ်ရောက်မှ ထိုမကောင်းသည့် လုပ်ငန်း လုပ်ရမည်ကို သိရှိသည့် အတွက် ငြင်းဆန်ခဲ့ကြောင်း၊ သို့သော်လည်း မိဘများမှ ရောင်းစားလိုက်ပြီ ဖြစ်ကြောင်း၊ ၄င်း၏ ခရီးစရိတ်၊ စားသောက်စရိတ်၊ နေထိုင်စရိတ်တို့ အတွက် ကျခံပြီး ဖြစ်၍ ထိုအကြွေးများ ပြန်လည် ပေးဆပ်နိုင်မှသာ အိမ်ပြန်၍ ရမည်ဟု ပြည့်တန်ဆာခေါင်းမှ ပြောဆိုသည့် အတွက် နောက်ဆုံးတွင် ရွေးချယ်စရာ လမ်းမရှိ၍ လုပ်ကိုင်နေရသည်ကို ပြောပြသည်။
ရနောင်းသို့ ရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကိုင်ရန်
သွားလာကြသည့် သူများသည် ကော့သောင်းမှ စက်လှေများဖြင့် လိုက်ပါပြီး Tha Saphan Pla ငါးဖမ်း စက်လှေဆိပ်မှ တစ်ဆင့် အလုပ်ခွင်သို့ အငှားယာဉ်(သို့)ဆိုင်ကယ်များဖြင့် သွားလာကြသည်။ ထို့ကြောင့် သုတေသန စာတမ်း အများစု တွေ့ရှိချက်များတွင် မူရင်းဒေသမှ အလုပ်ခွင်သို့ သွားရာ လမ်းကြောင်းသည် ပိုမို လွယ်ကူ သွားလာမှုရှိပြီး အခက်အခဲ အဟန့်အတား ပြဿနာများ မရှိဟု ဖော်ပြကြသည်။ ရနောင်းမြို့သို့ သွားရန် နယ်စပ် ဖြတ်ကျော်ခွင့် ပြုသည့် အထောက်အထား မထုတ်ပေးမီ အချိန်သာလျှင် ထိုင်းအာဏာပိုင်များမှ အချို့ ခရီး သွားလာသူများကို မေးမြန်းလေ့ ရှိသည်။
ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် ကြသူများသည် ရွှေ့ပြောင်း အလုပ်သမားများ အုပ်စုဖွဲ့ပြီး လူစုဆောင်းသည့် ကိုယ်စားလှယ်များနှင့် အတူ သွားလာလေ့ ရှိကြသည်။ ထိုနည်းအတိုင်း ရနောင်း အပြင် ဘန်ကောက်နှင့် စမုစခွန် အပါအဝင် အခြားပြည်နယ် များသို့ အခြား အုပ်စုများလည်း သွားလာကြသည်။ တောများ၊ တောင်တန်းများ ခြေလျင် ခရီးဖြင့် ဖြတ်ကျော် သွားကြသလို၊ ဒေသတွင်း သွားလာကြသည့် ကုန်တင်ကား၊ မော်တော်ဆိုင်ကယ်၊ ဘတ်စ်ကားနှင့် တက္ကဆီများဖြင့် အသုံးပြု သွားလာကြသည်။ လူကုန်ကူးမှု လုပ်နည်း လုပ်ဟန်များတွင် လူကုန်ကူး ခံရသူများကို ရွှေ့ပြောင်း သယ်ယူ ပို့ဆောင်ရာတွင် လေကြောင်း၊ ပင်လယ်ရေကြောင်း၊ ကုန်းလမ်း (အထူးသဖြင့် မီးရထား၊ မော်တော်ကား)တို့ဖြင့် ရွှေ့ပြောင်း သယ်ယူ တတ်ကြသည်။ လူကုန်ကူးမှု ဖြစ်စဉ်တွင် တစ်ခါတရံ၌ ပြစ်မှုဂိုဏ်း တစ်ခုမှ နောက်ဂိုဏ်း တစ်ခုထံသို့ အဆင့်ဆင့် လွှဲပြောင်း ပေးတတ်ကြသည်။
ထိုရနောင်း ခရီးစဉ်တွင် လူစုဆောင်းခ၊ နယ်စပ် ဖြတ်သန်းခ၊ သယ်ယူ ပို့ဆောင် စရိတ်နှင့် အလုပ် ရရှိရေးတွက် ဘတ် (၅,ဝဝဝ)မှ (၁၂,ဝဝဝ)ထိ ပေးကြရသည်။ ကုန်ကျစရိတ် အများစုမှာ ခရီးသွားလာ စရိတ်က အများဆုံး ကုန်ကျသည်။ ရန်ကုန်မှ ကော့သောင်း လေယာဉ်ခ အတွက် ဘတ်(၆,ဝဝဝ)၊ ကော့သောင်းမှ ရနောင်းထိ စက်လှေခ ဘတ်(၅ဝ)၊ နယ်စပ်ဖြတ်ကျော်ခ ဘတ်(၁,၅ဝဝ)နှင့် ရနောင်း ဆိပ်ကမ်းမှ လုပ်ငန်းခွင်နေရာ အထိ မော်တော်ဆိုင် ကယ်ခ ဘတ်(၂ဝ)တို့ ကုန်ကျသည်။
span>
တရားဝင်မဟုတ်သည့် လူစုဆောင်းသော အဖွဲ့များသည် ယခင်ကတည်းက ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြရသည့် မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ ဖြစ်နေတတ်သည်။ ထို့ကြောင့် တစ်ဆင့်ခံ လူစုဆောင်း သူများအား လူစုဆောင်းခ မပေးကြရသော်လည်း အလုပ်ရှင်များမှ စုဆောင်း ပေးသူများအား လူစုဆောင်းခ ပေးကြရပြီး စုဆောင်းခကို ဝင်ငွေထဲမှ ဖြတ်တောက်ခြင်း ခံကြရသည်။
တိုက်ရိုက် လိင်မှုဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် ပြည့်တန်ဆာ အိမ်များ နှင့် ကာရာအိုကေ၊ ဘီယာဆိုင်များ စသည့် ဖြေဖျော်ရေးနေရာများမှ တစ်ဆင့် လိင်မှုဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းဟူ၍ ပုံစံ နှစ်မျိုးနှစ်စား ရနောင်းမြို့တွင် တွေ့ရသည်။ ထိုလိင်လုပ်သားများ အဖို့ ရိုက်နှက်ခံရခြင်း၊ ကြိမ်းမောင်း ဆဲဆို ခံရခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်း ခံရမှုများ နည်းပါးသည်။
နေထိုင် မကောင်းသည့် အခါ လုပ်ငန်းပိုင်ရှင် ကိုယ်တိုင် ဆေးကုသမှုပေးသည်။ HIV/AIDS ရောဂါပိုး ရှိသည့်တိုင် ပုံမှန် ဆေးကုသမှုများ၊ ရောဂါ မပြန့်ပွားရေး ဆောင်ရွက်ချက်များနှင့် ဆေးစစ် မှတ်တမ်းများ ပြသနိုင်ပါက အလုပ်ရှင်နှင့် ပျော်ပါးသူများ ကျေနပ်မှုဖြင့် ဆက်လက် အလုပ် လုပ်ကိုင်ခွင့် ရှိနေကြသည်။ ရနောင်း ပြည်နယ်၊ Social
Development နှင့် Human
Security ရုံးတို့သည် လူကုန်ကူးခြင်း ခံရသူများ ဖြစ်ကြသော အမျိုးသမီးများနှင့် ကလေးငယ်များကို ကယ်ဆယ်ရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်းများတွင် ဦးဆောင်ဦးရွက် ပြုလုပ်နေကြသည်။
၎င်းတို့၏ ဆောင်ရွက်ချက်များမှာ သားကောင်များအား ကာကွယ် စောင့်ရှောက်ခြင်း၊ ကယ်ဆယ်ခြင်းနှင့် လူကုန်ကူးမှု အကြောင်း ဗဟုသုတ ပညာပေး အစီအစဉ်များ ပြုလုပ်ခြင်း၊ ပြင်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အဓိက ပြဿနာ ဖြစ်သော ဘာသာစကားနှင့် ယဉ်ကျေးမှု မတူညီသော အတားအဆီးများကြောင့် ဆက်သွယ် ဆက်ဆံရမှု အခက်အခဲများအား လျော့ပါးရေး အတွက် ပြုလုပ်ကြသည်။
ပြည်နယ် အလုပ်သမား ရုံးမှလည်း လုပ်ငန်းခွင်များရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို စစ်ဆေး မေးမြန်းခြင်း အပါအဝင် ဥပဒေကြောင်း အရ အကာအကွယ် ပေးရေးနှင့် မှတ်ပုံတင်ရေး တို့အတွက် အဓိက ဆောင်ရွက် ပေးနေသည်။ ဒေသခံရဲများ၊ လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိ သူများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ အဓိက ပြဿနာမှာ အလုပ်ရှင်များမှ ထိုရွှေ့ပြောင်း အလုပ်သမားများကို ခေါ်ယူလာပြီး မှတ်ပုံတင်ရေး ပူးပေါင်း ဆောင်ရွက်ရန်ပင် ဖြစ်သည်။
ပြည်နယ် Welfare
နှင့် Labour
Protection ရုံးသည် မှတ်ပုံတင်ထားသော ရွှေ့ပြောင်း အလုပ်သမားများ၏ လူမှု ဖူလုံရေးနှင့် အကာအကွယ်ပေးရေး အတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိသည်။ လိင်ကုန်ကူးမှုနှင့် ပြည့်တန်ဆာ လုပ်ငန်းကို ဥပဒေအရ အကာအကွယ်ပေးမှု မရှိသည့် အချက်က ၄င်းဌာန အတွက် လုပ်ဆောင်ရန် အခက်အခဲ ရှိသည်။ ၄င်းအပြင် ရွှေ့ပြောင်း အလုပ်သမားများနှင့် ဘာသာစကား မပေါက်မှုကလည်း ထိထိရောက်ရောက် ဆက်သွယ် ဆောင်ရွက်မှု မပြုလုပ်နိုင်ပေ။
ပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု ရုံးသည် ထိုင်းလူမျိုးများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်။ ထိုရုံးသည် World
Vision Foundation ကဲ့သို့ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ထိုဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများကို ကျန်းမာရေး ဆိုင်ရာ ပညာများ ဖြန့်ဝေပေးလျက် ရှိသည်။
ထိုရုံး၏ အခက်အခဲမှာ ဘာသာစကား နားလည်မှု မရှိကြသည့် အတွက် ရွှေ့ပြောင်း အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မပေးနိုင်သည့် အပြင် လိင်လုပ်သားများသည် ထိုင်းအာဏာပိုင်များ ဖမ်းဆီးမှုမှ တိမ်းရှောင်ရခြင်း၊ ပုန်းအောင်း ရခြင်းနှင့် အလုပ်ခွင် span>ခဏခဏ ပြောင်းရွှေ့ လုပ်ကိုင်ရခြင်း တို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက် ပေးရမှုများ အခက်အခဲနှင့် ကြုံတွေ့ နေရသည်။
ထိုဒေသရှိ World
Vision Foundation သည် အထောက်အထားမဲ့ လာရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း အလုပ်သမားများကို အဓိက ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ၄င်းအဖွဲ့ အတွက် အခက်အခဲမှာ ထိုင်းအာဏာပိုင်များ ရန်ကြောင့် ပုန်းအောင်း နေကြသည့် အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများနှင့် လိင်လုပ်သားများ ထံကို အကူအညီပေးဖို့ အတွက် လက်လှမ်း မမီခြင်းပင် ဖြစ်သည်။
ရနောင်းသည် လိင်အရောင်းအဝယ် ပြုလုပ်ရာ ခရီးဆုံးနှင့် တစ်ထောက်နားရပ် အဖြစ် တည်ရှိနေသည့် ဒေသ ဖြစ်သည်။ ထိုဒေသရှိ လိင်လုပ်သားများမှာ မြန်မာနှင့် လာအို နိုင်ငံသားများ ဖြစ်ကြသည်။ ၄င်းတို့မှာ လူကုန်ကူးခြင်း ခံရသူများ ဖြစ်ကြသည်။
အများစုမှာ အတင်းအဓမ္မ ခိုင်းစေ ခံရခြင်းထက် လိမ်ညာ လှည့်စား ခံရခြင်းကြောင့် မကောင်းသည့် ဘဝသို့ ရောက်ကြရသူများ ဖြစ်သည်။ ဒေသခံ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ အနေဖြင့် ဘာသာစကား မတတ်ကျွမ်းမှုနှင့် လိင်လုပ်သားများ၏ သဘောသဘာဝ အရ ရွေ့လျား သွားလာနေမှုများကြောင့် သားကောင်ဖြစ်ခြင်း ခံရသူများကို အကူအညီ မပေးနိုင်မှုက အဓိက ပြဿနာ အဖြစ် တည်ရှိနေဆဲ ဖြစ်နေပေတော့သည်။




