12
Jan

ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာနဲ့ HIV

ပါးစပ်နဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ပါသလားခင်ဗျာ။ ပါးစပ်နဲ့လုပ်ပေးတဲ့သူမှာ HIV ပိုးရှိရင် ပါးစပ်နဲ့ လုပ်ပေးတာကို ခံတဲ့သူမှာ ကူးစက်နိုင်ပါသလား ခင်ဗျာ။

Oral Sex is not risk free ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုခြင်းဟာ အန္တရာယ် မကင်းပါ။ (၁) တယောက်မှာ HIV ပိုးရှိနေရင်၊ (၂) နှစ်ယောက်လုံးက ဆေးစစ်မထားလို့ ပိုးရှိ-မရှိ မသိကြရင်၊ (၃) တယောက် ယောက်ဟာ အတူနေဖေါ်များသူဆိုရင် နဲ့ (၄) တယောက်ယောက်ဟာ မူးယစ်ဆေး ထိုးနေသူဆိုရင် လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် HIV ကူးစက်နိုင်ချေ ရှိပါမယ်။

ဒါပေမဲ့ ဗဂျိုင်းနာ၊ စအိုလမ်းတွေကို အသုံးပြုတာထက် HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ Condoms (ကွန်ဒွမ်) သုံးပြီး ဘယ်လမ်းကို အသုံးချချ ကူးစက်နိုင်ချေ မရှိသလောက်ပါ။

သုတေသနတွေ လုပ်ပါတယ်။ ဥပမာ Kaiser Family Foundation ကနေ အသက် ၁၅-၁၇နှစ် လူငယ်လေးတွေကို မေးကြည့်တယ်။ ၂၆% က အဲဒီ ပါးစပ်နည်းသုံးတာ လုံးဝ မကူးလာဘူးပြောတယ်။ ၁၅% က မပြောနိုင်ဘူးလို့ ဆိုတယ်။ သတိထားဘို့က လိင်ဆက်ဆံကြတာမှာ ပါးစပ်နည်း တမျိုးတည်းနဲ့ အဆုံးသတ်တယ် ဆိုတာက ရှားပါးတယ်။ နောက်နည်းတွေကိုပါ ဆက်တွဲပြီး ဆက်ဆံတယ်ဆိုရင် ဒီကူးစက်မှုဟာ ပါးစပ်ကြောင့် ဟုတ်မယ်၊ မဟုတ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ပါးစပ်တခုတည်းသာဖြစ်လောက်ကြမဲ့ ကလေးတွေကို လေ့လာရတာဖြစ်မယ်။

ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာ မျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက် စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုးပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

နောက်ထပ် သိစရာတခုက တကယ်လို့ တယောက်ယောက်မှာ ပါးစပ်၊ နှုတ်ခမ်းအနာအဆာရှိနေရင်၊ သွေးထွက်တာ ရှိနေရင် တခြား STD ရှိနေရင် HIV ကူးစက်ဘို့ အခွင့်အလမ်းပိုများတယ်။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေ ကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေနိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေး မပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။ အစာလမ်း ကူးစက်ရောဂါတွေဖြစ်တဲ့ အသဲရောင် (အေ) နဲ့ ဝမ်းကိုက်ပိုးတွေလဲ ဒီစာရင်းထဲထည့်ရတယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၁-၂ဝ၁၃ )

ဒေါက်တာတင့်ဆွေ - ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာနဲ့ HIV

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top