22
Oct

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ

လက်ရှိ သိရှိထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်သော မျိုးကွဲ တစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှားနိုင်ငံမှ သုတေသီများက ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခု အဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။ အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀) ရာခိုင်နှုန်းသည် ယခု ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခ အပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေကြောင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက်နေကြောင်းလည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆) ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံး အကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR) မှ ပညာရှင်များက 02_AG/A ကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသနပြု လေ့လာလျှက် ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇) ခုနှစ်မှ (၂၀၁၂) ခုနှစ်အတွင်း HIV ပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀) မှ (၁၅၀၀၀) သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIV သည် သာမန်အားဖြင့် HIV-1 နှင့် HIV-2 ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1 က သက်ရောက်မှု ပိုမိုပြင်းထန် သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ် အဖြစ် ယူဆထားကြသည်။ 02_AG/A က သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များ ကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင်ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

(၂၀၀၁) ခုနှစ် နောက်ပိုင်း ကတည်းက ကမ္ဘာအနှံ့တွင် HIV ရောဂါပိုး ကူးစက်မှုသည် (၃) ပုံ (၁) ပုံမျှ ကျဆင်းသွားသော်လည်း ကလေးငယ် အများအပြား ကူးစက်ခံနေရဆဲ ဖြစ်သည်။ ယမန်နှစ်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် AIDS ဖြစ်ပွားစေသည့် ရောဂါပိုး ကူးစက်ခံရသူ (၂.၃) သန်း ရှိခဲ့ပြီး (၂၀၀၁) ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃၃) ရာခိုင်နှုန်း နည်းပါးသွားခဲ့သည်။ ကလေးငယ်များ ရောဂါပိုး ကူးစက်မှု အရေအတွက် (၂၆၀၀၀၀) မျှ ရှိခဲ့ပြီး (၂၀၀၁) ခုနှစ်နှင့် ယှဉ်လျှင် (၅၂) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကုလသမဂ္ဂ စစ်တမ်းအရ သိရှိရသည်။

Planet - ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top