15
Sep

ပိုးရှိသူ၏ အပေါ်ယံ ထွက်သည့်သွေးမှ HIV ရောဂါ ကူးစက်ခံရမှု မရှိနိုင်

HIV  ပိုးရှိသူ၏ အပေါ်ယံထွက်သော သွေးမှလည်း အခြားသူများထံသို့ ရောဂါ ကူးစက်ခံရမှု မရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများ မှပညာရှင်တို့က ဆိုသည်။ HIV ပိုးမှာ ပိုးရှိသူနှင့် အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလို ART ဆေးဝါး သောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။

''ရုပ်ရှင်တွေထဲမှာပါတဲ့  ပိုးရှိတဲ့သူက အကျင့်ယုတ်ပြီး အသားတွေအပေါ်ကို သူ့ရဲ့သွေးတွေ လောင်းပြီး လုပ်လိုက်တယ် ဆိုတာတွေက အလကားပါ အပေါ်ယံထွက်တဲ့ သွေးနဲ့လည်း ပိုးကူးစက်ခံရမှု မရှိနိုင်ပါဘူး။ ကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေနဲ့ပဲ ပိုးကူးနိုင်တာပါ။'' ဟု Burnet Institute  မှ ဒေါက်တာဒေါ်နန်းပန်းအိခမ်းက ပြောသည်။

HIV  ပိုးကူးစက်ခံရနိုင်သည့် နည်းလမ်းများမှာ အမျိုးသမီး လိင်လုပ်သားများနှင့် ဆက်ဆံခြင်း၊ ယောက်ျားချင်း လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အပ်တစ်ချောင်းထဲဖြင့် မျှဝေသုံးစွဲခြင်း၊ အခြားအန္တရာယ် ရှိသော အမူအကျင့်များကြောင့်သာ  ကူးစက်ပျံ့ပွားမှု ဖြစ် ကြောင်းကိုလည်း သိရှိရသည်။

ထို့ကြောင့် ပိုးကူးစက်ခံရမှု မရှိအောင် စည်းကမ်းတကျ နေထိုင် သွားသင့်ကြောင်းနှင့် မိမိကိုယ်ကို ကာကွယ်မှသာ ရောဂါပိုး ကူးစက်ခံရမှုနှုန်း လျှော့ကျနိုင်မည်ဖြစ်ကြောင်း အကူအညီ ပေးရေးအဖွဲ့များ က ထောက်ပြ ပြောဆိုကြသည်။

ART ဆေးဝါးသည်လည်း  HIV ပိုးအား အရှင်းမပျောက်ကင်းနိုင်ခြင်းမှာ ဆေးအာနိသင်သည် ခန္ဓာကိုယ် အတွင်းထဲထိ လိုက်လံချေဖျက်နိုင်ခြင်း  မရှိသောကြောင့် ပိုးပွားမလာအောင် ထိန်းထားရုံသာ တတ် နိုင်ကြောင်း၊ ဝေဒနာရှင်များ အနေဖြင့် ဆေးကို ဆွဲသောက်ရမည်ဖြစ်ပြီး ဆေးပြတ်သွားလျှင်လည်း  HIV  ပိုးပြန်တက်လာနိုင်သည့် အတွက် စိုးရိမ်ရကြောင်းကိုလည်း ပညာရှင်တို့က ဆိုသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက်နှုန်း ကျဆင်းလာရခြင်း အကြောင်းရင်းများမှာ ကူညီပေးရေး အဖွဲ့စည်းများ ပေါ်ပေါက်လာခြင်း၊ ပိုးကူးစက်ခံရပြီး သေနှုန်းမြင့်တတ်ခြင်း၊ ဆေးကုနိုင်ရန် နည်းပညာကောင်းများ ပေါ်ပေါက် လာခြင်းတို့ကြောင့် HIV ကူးစက်ခံရနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

''ဒီထက်ပိုပြီး ကူးစက်နှုန်းတွေ ကျဆင်းလာဖို့ လိုအပ်တယ်။ ပိုးကူးစက်ခံရတာ အများဆုံးဆိုတဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်တာများတယ်။ ဆေးသောက်ဖို့နဲ့ ကာကွယ်နိုင်ဖို့ အတွက်ကို ပြည်သူတွေဆီကို သတင်းအချက်လက်တွေ များများရောက်အောင် လုပ်ပေးဖို့လိုတယ်။ အစိုးရပိုင်းက ဆေးရဖို့ ကူညီပေးတာလည်း အရမ်းနည်းနေသေးတယ်။'' ဟု Burnet Institute မှ ဒေါက်တာ လှဋ္ဌေးက သုံးသပ်ပြောကြားသည်။

HIV ပိုးကူးစက်ခံရသူများသည် အချိန်မှီဆေးကုသမှု ခံယူသင့်ကြောင်းနှင့် ကြောက်စရာမလို ရှက်စရာမလိုပဲ ဆေးသောက်သုံးလျှင် လူ့သက်တမ်းစေ့ နေနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံက သိရှိရသည်။

ပိုးကူးစက် ခံရသူများသည် ART ဆေးဝါးများကို အမြန်ဆုံးသောက်သုံးရန် လိုအပ်ကြောင်းနှင့် အဆိုပါ ART ဆေးဝါး ရရှိရန်အတွက်လည်း ဆေးပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နည်းလမ်း တကျ သောက်သုံးနိုင်မှသာ ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ ART ဆေးဝါးများ သောက်သုံးရာတွင်လည်း အမျိုးအစား ပေါင်းစုံရှိသည့်အတွက် ဆေးဝါးတိုင်းမှာ ပိုးရှိသူတိုင်းနှင့် မတည့်သဖြင့် မိမိနှင့် သင့်တော်သော ဆေးဝါးများကိုသာ ပညာရှင်တို့၏ လမ်းညွှန်မှုဖြင့် စမ်းသပ်သောက်သုံးသင့်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက် ခံရနှုန်းကျဆင်းနေသည်ဟု ဆိုနိုင်သော်လည်း အမျိုးသမီးလိင် လုပ်သားများ၊ ယောက်ျားချင်း လိင်ဆက်ဆံသည့်သူများ၊ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများ အကြားတွင် ယနေ့ထိတိုင် ကူးစက်နှုန်း မြင့်မားလျှက်ရှိနေဆဲဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ထွန်းနေအောင် (မြစ်မခ)

မြစ်မခ - ပိုးရှိသူ၏ အပေါ်ယံ ထွက်သည့်သွေးမှ HIV ရောဂါ ကူးစက်ခံရမှု မရှိနိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top