13
Sep

ပီအယ်လ်အိတ်ခ်ျ (PLH)

လူတစ်ဦးမှာ
HIV ပိုးကူးစက်ခံထားရသော်လည်း
သာမာန်လူသားတစ်ယောက်လို သွားလာနေထိုင်
လုပ်ကိုင် နိုင်ပါတယ်။ အမြင်အားဖြင့်
ထင်ကြေးပေးလို့မရပါ။ HIV ရှိမရှိ
အကြောင်းကြောင်း ကြောင့်
သွေးစစ်ပြီးလို့ ရှိမှန်းသိရင်လည်း
ကျန်းမာစွာ ရှင်သန်လှုပ်ရှား
နေနိုင်ပါတယ်။ ဒါကြောင့်
မိမိမှာ HIV ပိုးကင်းစင်ကြောင်း၊
ဒါမှမဟုတ် ရှိမရှိ မသေချာဘူး
ဆိုရင်တော့ သေချာသိရှိရအောင်
စောစီးစွာ သွေးစစ်ဆေးခြင်း၊
နှစ်သိမ့်ဆွေးနွေးခြင်းတွေ
ခံယူသင့်ပါတယ်။ ကြိုတင်သိတော့
ကြိုတင်ကာကွယ်ရေးတွေ၊ ထိန်းသိမ်းရမှာတွေ
လုပ်နိုင်တာပေါ့။

PLH
(People Living with HIV) ဆိုတာကတော့ အိတ်ခ်ျအိုင်ဗီ
နဲ့အတူ ရှင်သန်လူသားလို့
အဓိပ္ပါယ်ရပါတယ်။ HIV ပိုးရှိနေသူ
တစ်ဦးဟာ AIDS အဆင့်ရောက်မှ ဆေးကုသရတာထက်
HIV ပိုးရှိနေတဲ့အဆင့် (PLH အဆင့်)
မှာ ဆေးကုသတာဟာ ရောဂါဆက်မတိုးအောင်၊
အသက်ရှည်အောင် နေထိုင်ဖို့
အခွင့်အလမ်းတွေရှိပါတယ်။

(PLH)
HIV နဲ့အတူ ရှင်သန်လူသား အတွက်
ကျန်းမာရေး စောင့်ရှောက်မှု
ဆက်လက်ဂရုစိုက် အလေးထား ပေးခြင်းအားဖြင့်
အကျိုးကျေးဇူး များစွာရရှိနိုင်ပါတယ်။
ဂရုစိုက်ပြီး အခြေအနေမှန်ကို
ဆန်းစစ်ခြင်းအားဖြင့် မှန်ကန်တဲ့
ထင်မြင်ယူဆချက်တွေကို ရရှိမှာ
ဖြစ်ပါတယ်။ ဒါမှသာ အကောင်းဆုံးဖြစ်အောင်
ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်မှုကို Patient Evaluation
လို့ခေါ်ပါတယ်။ လူနာတစ်ဦးကို
လက်ရှိကျန်းမာရေး အခြေအနေကို
တိုင်းတာခြင်း၊ စစ်ဆေးခြင်းများ
ပြုလုပ်ပေးခြင်းဖြင့် ရှေ့လုပ်ငန်းများကို
ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ
ဖြစ်ပါတယ်။ HIV လူနာတစ်ဦးကို
ရောဂါရာဇ၀င် ယူခြင်း (Medical History)
ကလည်း အရေးကြီးပါတယ်။ ပထမဆုံး
(HIV Serology) သွေးစစ်ဆေးခြင်းနဲ့
ပတ်သက်တာတွေ လေ့လာရပါတယ်။
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ
ဘယ်လို စမ်းသပ်မှု (Test) အဖြေတွေနဲ့
အခြေအနေတွေ သိထားသင့်တယ်။
အဲဒီ ရရှိတဲ့ အဖြေတွေမှာ ထပ်ဆင့်သေချာအောင်
စစ်တာမျိုး (Confirm) လုပ်တာမျိုး
လိုမလို သိဖို့ပါ။ အရင်က HIV
စစ်ရခြင်းရဲ့ အကြောင်းအရင်းကိုလည်း
သိဖို့ လိုအပ်ပါတယ်။ ဥပမာ
-  အိမ်ထောင်ပြုဖို့ သွေးစစ်လိုက်တော့မှ
တွေ့တာလား။ နိုင်ငံခြားသွားဖို့
သွေးစစ်တာလား၊ ကျန်းမာရေး
မကောင်းလို့ သွေးစစ်တာလား၊
ဒါမှမဟုတ် စိတ်မချလို့ စစ်ကြည့်တာ
စသဖြင့် အခြေအနေ အကြောင်းအမျိုးမျိုးတွေ
ရှိပါတယ်။

နောက်တစ်ခု
အနေနဲ့ ရောဂါကူးစက်မှု အခြေအနေ
ထရန်စမစ်ရှင်း (Transmission Category) ကိုလည်း
သိဖို့လိုအပ်ပါတယ်။ ဥပမာ
- လိင်တူ (သို့မဟုတ်) လိင်ကွဲဆက်ဆံမှုကြောင့်လား၊
မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူလား၊
တခြား အကြောင်း တစ်ခုခုကြောင့်လား၊
ဒါမှ မဟုတ် အကြောင်းရင်း မသိခြင်း
(Unknown Cause) ဆိုတာမျိုးလား မေးမြန်းရပါတယ်။
HIV နဲ့ပတ်သက်တဲ့ စစ်ဆေးမှုများ
အကြောင်းကိုလည်း စစ်ဆေးရပါတယ်။
CD4 အရေအတွက် စစ်ဆေးပြီး ပြီလား။
AIDS အဆင့် ရောဂါ အမည်တပ်ခြင်း
ရှိမရှိ (HIV – Related History) ကိုလည်း
သိထားဖို့ လိုပါတယ်။ ယခင်က
ကျန်းမာရေး အခြေအနေကိုလည်း
သိဖို့လိုပါတယ်။ ဒါကို ဆေးပညာအလိုအရ
(Past Medical History) လို့ခေါ်ပါတယ်။ ဥပမာ
- နှလုံးသွေးကြောရောဂါများ
ရှိ မရှိ သိအောင်လုပ်ဖို့လိုပါတယ်။

နှလုံးသွေးကြောရောဂါများ
ရဖို့ နီးစပ်တဲ့ အကြောင်းရှိသူများ၊
အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊
သွေးတိုးရောဂါ ရှိခြင်း၊
မိမိမှာ သို့မဟုတ် မိမိရဲ့
မိသားစုထဲမှာ ရှိမရှိ စုံစမ်းဖို့
လိုပါတယ်။ သွေးတွင်း အဆီ၊
အဆုတ်၊ အသည်း၊ ဦးနှောက်၊
အာရုံကြော၊ ဆီးနဲ့ ပတ်သက်တာတွေ၊
မျိုးပွားမှုဆိုင်ရာ၊ အစာအိမ်
အူလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊
အရေပြားပေါ်မှာ ဖြစ်တဲ့ အဖု
အပိမ့် အနာအဆာများ အစ ဆေးရုံတက်ဖူးခြင်း
အထိ စုံစုံလင်လင် ပြောပြသင့်ပါတယ်။
ဆရာဝန်ကိုယ်တိုင် လည်း မေးမြန်းစစ်ဆေးဖို့
လိုအပ်ပါတယ်။ ဒါ့အပြင် တီဘီ
ရောဂါ ဖြစ်ခဲ့ဖူးခြင်း ရှိ
မရှိ၊ အတူနေ မနေ ကာလသားရောဂါ
များ ရှိ မရှိ၊ လိင်မှုဆိုင်ရာ
ကူးစက်ရောဂါများ ရှိ မရှိ၊
ကျောက်ပေါက်ခြင်း၊ ရေယုန်ပေါက်ခြင်း၊
အသည်းရောင် အသားဝါ (A, B, C) များ
ရှိ မရှိ၊ သားဖွားမီးယပ်ရောဂါ
ရာဇ၀င်များနဲ့ အရက်သောက်ခြင်း၊
သုံးစွဲဖူးသော ဆေးဝါးများ
အခြေအနေကို ဆန်းစစ်ရပါမယ်။
HIV နဲ့ ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်
ဖြစ်စေ အသုံးပြုဖူးတဲ့ ဆေးဝါးများ၊
ဆေးမြီးတိုများ သုံးစွဲခဲ့ဖူးခြင်း
ရှိ မရှိ သိဖို့ လိုအပ်ပါတယ်။
HIV နဲ့ ပတ်သက်လို့ ဘယ်လို ဆေးတွေကို
ဘယ်လောက်အချိန်ကြာကြာ သောက်ခဲ့သလဲ
ဆိုတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
သောက်သုံးခဲ့တဲ့ ဆေးတွေကိုလည်း
ဘယ်လောက်ကြာကြာ စွဲစွဲမြဲမြဲ
သောက်ခဲ့သလဲ ဆိုတာ စစ်ဆေးရမှာ
ဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)


(၂၀၀၉ ခု စက်တင်ဘာလ
(၉) ရက်နေ့ထုတ် Family Health ဂျာနယ်)
 

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top