လက်ချိုးရေတွက်၍ ရနိုင်သည့်
အမျိုးသမီး တချို့သာ မြန်မာနိုင်ငံ ပြင်ပ အတိုက်အခံ လှုပ်ရှားမှုအတွင်း
ထူးထူးခြားခြား အသိအမှတ်ပြုခံကြရသည်။ သို့သော် … လှုပ်ရှားမှုကြီး တခုလုံးနှင့်ယှဉ်လျင်မူ လိင်အရ အမှန်တကယ်
တန်းတူညီမျှမှု ရှိ မရှိ ဆိုသည်မှာ မသေချာလှပေ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း
ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ၃ ရက်အကြာတွင် ပုန်းအောင်း ရှောင်တိမ်းနေသည့်
မဖြူဖြူသင်းတယောက် ဒုက္ခရောက်နေသူများကို ကူညီရန် အပြင်သို့ ထွက်လာခဲ့သည်။“ကျမတို့ လူနာတွေ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေ
တော့မယ်ဆိုတာ သိတယ်။ ဒါနဲ့ ကျမလည်း သူတို့ကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုပြီး
ထွက်လာခဲ့တာ” ဟု မဖြူဖြူသင်းက
ဆိုခဲ့သည်။
မဖြူဖြူသင်းမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) လူငယ်ခေါင်းဆောင်တဦးဖြစ်ပြီး
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင် ဒီအက်စ် ဝေဒနာရှင်များအရေး လှုပ်ရှားဆောင်ရွက်နေသူ
ဖြစ်သည်။ ထို့ပြင် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူ တဦး အဖြစ် မြန်မာနိုင်ငံ
ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးစား လုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင်
အမျိုးသားများနှင့် တန်းတူရည်တူ ဦးဆောင်နေသည့် အမျိုးသမီးတဦးလည်း ဖြစ်သည်။
“လူနာတွေက
ချို့တဲ့ကြတယ်။ အခု မုန်တိုင်းကြောင့် သူတို့ ဘ၀တွေအားလုံး ပျက်စီးကုန်ကြပြီ။
သူတို့ မိသားစုတွေ လည်း ဆုံးရှုံးကုန်ကြပြီ။ စားစရာလည်း မရှိ၊ နေစရာလည်း
မရှိကြတော့ဘူး” ဟု မဖြူဖြူသင်းက
သူ့လူနာများနှင့် ပတ် သက်၍ ပြောပြခဲ့သည်။ သူသည် သြဂုတ်လက စစ်အစိုးရ ဆန့်ကျင်ရေး
ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီး ခံရမည့်ဘေးမှ
ပုန်းအောင်းတိမ်းရှောင်နေခဲ့ရသည်။
မဖြူဖြူသင်းကဲ့သို့ပင်
ခေတ်အဆက်ဆက် မြန်မာနိုင်ငံအရေးကိစ္စအတွက် တထောင့်တနေရာမှ ပါဝင် လှုပ်ရှားနေသည့်
အမျိုးသမီးများစွာ ရှိခဲ့သည်။ ထိုသို့သော အမျိုးသမီးများကို သမိုင်းမှတ်တမ်းများမှ
ဖယ်ထုတ်၍ မရစကောင်းပါ။
၁၉၃၁ ခုနှစ် ကတည်းက
နိုင်ငံပေါင်း ချုပ်အသင်းကြီးသို့ အာရှအမျိုးသမီးများကို ကိုယ်စားပြု၍ အစည်း
အဝေးတက် ရောက်ရန် ဒေါ်မြစိန်ကဲ့သို့သော ထူးချွန်သည့် မြန်မာအမျိုးသမီးများ
ရွေးချယ်ခံရဖူးသည့် အစဉ်အလာ ရှိခဲ့သည်။ ထိုမျှမက ကိုလိုနီခေတ် လွှတ်တော်အမတ်များ
ဖြစ်ကြသည့် ဒေါ်နှင်းမနှင့် ဒေါက်တာ စောစ၊ လွတ်လပ်ရေးရအပြီး ကရင်ပြည်နယ်
ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါ်ဘမောင်ချိန်တို့သည်လည်း မြန်မာအမျိုးသမီးများ
နိုင်ငံရေးကဏ္ဍအတွင်း ပါဝင်ဆောင် ရွက်ခဲ့သည့် လမ်းကို စတင်ဖောက် လုပ်ခဲ့ကြသူများ
ဖြစ်ကြသည်။
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း
စစ်အာဏာသိမ်း အုပ်ချုပ်ပြီး များမကြာမီတွင် မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်၌
အမျိုးသမီးများ ထင်ရှားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာတို့
ချုပ်ငြိမ်းရတော့သည်။ နောက်ပိုင်းတွင် ဟန်ပြသဘော နေရာပေး ထားခြင်းထက်ပို၍
နေရာပေးခံရခြင်း မရှိတော့ပေ။ ထို့အတွက်ကြောင့်လည်း အတိုက်အခံလှုပ်ရှားမှုများတွင်
ဝင်ရောက်ပူး ပေါင်း ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။
မဖြူဖြူသင်းကဲ့သို့သော
အမျိုးသမီးများက သူတို့၏ အခန်းကဏ္ဍကို တိုးတက်မှုရရှိအောင် စွမ်းဆောင် ပြသနိုင်ခဲ့ကြ
သော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု၏ ထိပ်ပိုင်း ဦးဆောင်သူများ နေရာတွင်
ကျား - မ လိင်တန်းတူညီမျှမှုနှင့် ပတ်သက်၍ လစ်ဟာနေသေးကြောင်း လူအများက
ထောက်ပြကြသည်။
အိပ်ခ်ျ အိုင်ဗွီ၊
အေအိုင်ဒီအက်စ် ဝေဒနာရှင်များနှင့် ဆက်ဆံလုပ်ကိုင်နေရသည့် အန်အယ်လ်ဒီ၏ လူမှုအထောက်
အကူပြု အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ မဖြူဖြူသင်းက ၎င်း၏ အဖွဲ့အစည်းတွင် လိင်မှုဆိုင်ရာ
ကွဲပြားမှုမှာ အရေးကြီးသည့် ပြဿနာ တရပ်မဟုတ်ကြောင်း ပြောပြသည်။
“ယောက်ျား၊ မိန်းမ
လိင်မခွဲခြားဘဲလည်း အတူတူ အလုပ်လုပ်နိုင်ကြတာပါပဲ” ဟု မကြာသေးမီက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းခန်းတွင်
သူက ပြောခဲ့သည်။တခြားသော အမျိုးသမီးများကလည်း ရည်မှန်းချက်တခုကို အတူတကွ ခိုင်ခိုင်မာမာ
သံန္နိဌာန်ထား၍ လုပ်ကိုင်ဆောင်ရွက် နေကြချိန်တွင် ကျား - မ ကွာခြားမှုက မည်သို့မျှ
အရေးမကြီးဟု ဆိုကြသည်။
“ကျားရယ်၊ မရယ်
ဆိုပြီး ကွဲပြားတဲ့ ကိစ္စကို ဒီလောက်ကြီး စဉ်းစား မနေပါဘူး။ မြန်မာနိုင်ငံမှာ
အပြောင်း အလဲတွေ ဖြစ်လာ ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပြီး
ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ၁၉၈၈ ခုနှစ်နှင့် ၁၉၉၆ ခုနှစ် လူထုဆန္ဒပြပွဲများတွင်
ပါဝင်လှုပ်ရှား ခဲ့ဖူးသူ အမျိုးသမီးတဦးက ပြောသည်။
အမျိုးသမီးများက
ဤကဲ့သို့သဘောထားများ ရှိနေချိန်တွင် တချို့ကမူ ဦးဆောင်ဆုံးဖြတ်ရမည့်နေရာတွင်
အမျိုးသမီးများ ပါဝင်လာမည်ဆိုပါက အခက်အခဲများစွာ တွေ့နိုင်သည်ဟု ဆိုလာ၏။
ထင်ရှားသည့် အမျိုးသမီး ခေါင်းဆောင်များမှာ ဒေါ်အောင်ဆန်းစုကြည်၊ မဖြူဖြူသင်း
စသည်ဖြင့် အရေအတွက် အလွန်နည်းနေသဖြင့် ဤသို့ မှတ်ချက်ပေးကြခြင်း ဖြစ်နိုင်ပါသည်။
ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ရှိနေကြသော
အဓိကကျသည့် အဖွဲ့အစည်းများကို အပေါ်ယံကြည့်လိုက်မည် ဆိုပါကလည်း
ခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီးများ ပါဝင်နေမှုက ၁ ရာခိုင်နှုန်းထက်
နည်းနေသည်ကို တွေ့ရသည်။
ဤအချက်က ယဉ်ကျေးမှုနှင့်လည်း
များစွာ သက်ဆိုင် နေနိုင်ပါသည်။ ရိုးရာထုံးတမ်းစဉ်လာများအရ အမျိုးသမီးများ၏
နေရာကို အိမ်တွင်း မီးဖိုချောင်ဟုသာ သတ်မှတ်ထားကြပြီး အမျိုးသမီးများ ပညာတတ်မြောက်
စေရန်လည်း အားမပေး ခဲ့ကြပေ။ ထို့အပြင် ယောက်ျားတို့က “ဘုန်း” ကြီးသည်ဟူသည့် ယုံကြည်ချက်ကလည်း လူ့အဖွဲ့အစည်းအတွင်း ရှိနေ
သေးသည်။
တချိန်တည်းမှာပင်
တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးအဖွဲ့များသည်လည်း တော်လှန်ရေး လက်နက်ကိုင်
တပ်များနှင့် ပူးတွဲတည်ရှိနေကြသော စစ်တပ်ဆန်သည့် ယဉ်ကျေးမှု သဘောသဘာဝကြောင့်
ယောက်ျားများ ၏ အခန်းကဏ္ဍကိုသာ ဗဟိုပြုထားကြပြန်သည်။
သို့သော်လည်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ ဗဟိုအလုပ်မှုဆောင်တဦးလည်းဖြစ်၊ ကရင်
အမျိုးသမီး အစည်းအရုံးတွင် ထင်ရှားသည့်ခေါင်းဆောင်တဦးလည်းဖြစ်သူ
မခိုင်မာကျော်ဇောကမူ ကရင် အမျိုးသမီးများ၏ ပါဝင် ဦးဆောင်နိုင်ခွင့်ကို
ကန့်သတ်ထားသည်မှာ သူတို့၏ ပညာမဲ့မှုကြောင့်ဟု ဆိုသည်။
“အမျိုးသမီးတွေ
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ မပါဝင်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့
သူတို့မှာ လေ့လာသင်ယူဖို့ အခွင့်အလမ်း မရခဲ့တာကြောင့်ပဲ။ ကြီးလာပြန်တော့လည်း
အိမ်မှာပဲနေ၊ အိမ် အလုပ်ပဲ လုပ်နေကြရတယ်။ ကျောင်းတက်ခွင့် မရပြန်ဘူး။ ဒါကြောင့်
အမျိုးသမီးတွေက ယောက်ျား တွေနဲ့ယှဉ်ရင် သိမြင်မှုနည်းသလို ဖြစ်လာတယ်” ဟု သူက ပြောသည်။
ဆက်လက်၍ သူက ရိုးရာဓလေ့
ထုံးတမ်းစဉ်လာအရ ယောက်ျားများကို အိမ်ထောင်ဦးစီး၊ နိုင်ငံ ခေါင်းဆောင် စသည်ဖြင့်
ယေဘုယျ သဘောထားကြသည့် အယူအဆကြောင့် အမျိုးသမီးများ၏ တာဝန်မှာ သူတို့၏
လင်ယောက်ျားများနှင့် ကလေး များကို ပြုစုစောင့်ရှောက်ရန်ဟူ၍ ဖြစ်လာပြီး
ပြင်ပလောကတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခွင့်မရသည့် အကြောင်းရင်း ဖြစ်လာသည်ဟု
ဆိုသည်။ အမျိုးသမီးများအနေနှင့် ပညာ အရည်အချင်းရှိလာပြီး သတ္တိလည်း ရှိမှသာ ပို၍
မြင့်မားသည့် ရည်မှန်းချက်များ ထားရှိလာနိုင်ကြမည်ဟု သူက သုံးသပ်သည်။
ထို့အပြင် စိတ်ဓာတ်ရေးရာ
အားပေးမြေတောင်မြှောက်မှု မရှိခြင်းသည်လည်း အမျိုးသမီးများ တွေ့ကြုံရသည့် နောက်ထပ်
အခက်အခဲတခုဖြစ်သည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အမျိုးသမီးခေါင်းဆောင် များက
ဆိုကြသည်။
ကရင်နီ
အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ၏ ပထမဦးဆုံးနှင့် တဦးတည်းသော အမျိုးသမီး ဗဟို
အလုပ်အမှု ဆောင်ကော်မတီဝင် ဒေးဒေးဖောက သူ့မိဘများသည် ဘယ်တုန်းကမှ သူ့ကို ပညာသင်ရန်
အားမပေးခဲ့ကြဟု ပြောပြသည်။
“သူတို့က ကျမကို
အမြဲတမ်း အိမ်မှာနေဖို့၊ လယ်လုပ်ဖို့နဲ့ မောင်လေးတွေ၊ ညီမလေးတွေကို
စောင့်ရှောက်ဖို့ပဲ ပြောကြတယ်” ဟု သူက ပြောပြသည်။ သူ့ မိသားစုက သူ ၉ တန်း ရောက်သည့်
နှစ်တွင် အဓမ္မ ကျောင်း ထွက်ခိုင်းသောကြောင့် အိမ်မှ ထွက်ပြေးကာ တော်လှန်ရေးတွင်
ပါဝင်ပူးပေါင်းခဲ့သည်ဟု ဆိုသည်။
“အဆင့်မြင့်ပညာရေး
မသင်ကြားခဲ့ရလို့ ကျမ ၀မ်းနည်းမိတယ်။ အခု ကျမက ကရင်နီနိုင်ငံရေးအဖွဲ့ အစည်းမှာ
ခေါင်းဆောင် တယောက် ဆိုပေမယ့် ကျမ ပြောချင်တာတွေ လူသိအောင် ပြောနိုင်ဆိုနိုင်ဖို့
ခက်နေသေးတယ်” ဟု သူက
ဆက်ပြောသည်။
အမျိုးသမီးများ
ရင်ဆိုင်နေရသည့် ပညာရေးအခွင့်အလမ်း ချို့တဲ့မှုမှာ ငယ်စဉ်ကာလ ကျောင်းတက်ခွင့်
မရခြင်း တခုမျှသာ မဟုတ်ပါ။“ကလေး ၅ ယောက်နဲ့ ယောက်ျားကို ပြုစုဖို့ ကျမ
အချိန်အတော်ပေးရတယ်။ စာအုပ်တွေ ဖတ်ဖို့၊ သတင်းစာတွေ ရှာဖတ်ဖို့၊ ရေဒီယိုနားထောင်ဖို့
အချိန် မရဘူး။ ဒါကြောင့် ယောက်ျားတွေနဲ့ ပြောဆို ဆက်ဆံတဲ့ နေရာမှာ ပိုခက်ခဲတယ်” ဟု ဒေးဒေးဖောက ပြောသည်။
ကေအန်ပီပီအဖွဲ့ ၀န်ကြီးချုပ်၏
ဇနီးဖြစ်သောကြောင့်လည်း ဒေးဒေးဖောကို လူအများက ကရင်နီပြည်သူလူထု၏ ထိပ်တန်း
အမျိုးသမီးခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။ သူ ကိုယ်တိုင်လည်း ခေါင်းဆောင်မှု
အရည်အချင်းရှိသူ ဖြစ်သည်။ သူက ကေအန်ပီပီပါတီအတွင်း အမျိုးသမီးများကို မြှင့်တင်ရန်
ပျက်ကွက်မှုရှိနေသည်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်သူလည်း ဖြစ်သည်။
နိုင်ငံရေးတွင် စိတ်ဝင်စားသည့် အမျိုး သမီးများကို မြေတောင်မြှောက် အားပေးရန်
လိုအပ်ကြောင်းလည်း သူက လူသိရှင်ကြား ပြောဆို တိုက်တွန်း လေ့ရှိ၏။
ထိုင်းနိုင်ငံအခြေစိုက်
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ၏
အဖွဲ့ဝင်တဦးဖြစ်သူ မမြင့်မြင့်စန်းကမူ ဤသို့ ဖြစ်နေကြရသည့် ပြဿနာအများစုအတွက်
အခြေခံအကြောင်းရင်းမှာ ယောက်ျားတို့တွင် “ဘုန်း” ရှိသည် ဟူသော ရိုးရာ အစွဲအလန်းကြောင့် ဟု မြင်သည်။
ရိုးရာ အစဉ်အလာအရ ထိုသို့ပင်
အမြစ်တွယ်နေကြသောကြောင့် အမျိုးသမီးများက သူတို့၏ နိမ့်ကျသည့် အနေအထားကို
လက်ခံလိုက်ကြပြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကြိုးပမ်းအားထုတ်ရန် မစွမ်း
သာတော့သလို ဖြစ်လာရသည်ဟု ဆိုသည်။ ဤအကြောင်းကြောင့်ပင် တချို့သော
အမျိုးသမီးများအဖို့ နိုင်ငံရေးတွင် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်
ဆောင်ရွက်ရန် မစဉ်းစားတော့ကြောင်း မမြင့်မြင့်စန်းက ပြောသည်။
လက်နက်ကိုင်တိုက်ပွဲများဖြင့်
မျိုးဆက်များစွာ အသားကျနေကြရသည့် နယ်စပ်ဒေသများရှိ အမျိုးသမီး များအဖို့
နိုင်ငံရေး နှင့် ၀င်ရောက်ပတ်သက်ရန် ပို၍ပင် ခက်ခဲတွန့်ဆုတ်စေသည်။ အကြောင်းမှာ
ခေါင်း ဆောင်မှုနေရာရရန်အတွက် စစ်ရေး စွမ်းဆောင်မှု အရည်အချင်းပြနိုင်မှသာ
လက်ခံကြမည့် အမြင်သဘောရှိ နေကြသောကြောင့် ဖြစ်၏။
မမြင့်မြင့်စန်းက
ယောက်ျားအများစုသည် ၎င်းတို့ကိုယ်ကို အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်
ပေးသူများဟူသည့် အမြင်ရှိနေခြင်းကြောင့် လူမှုအဖွဲ့အစည်းကို ဦးဆောင်ရန်အခွင့်အရေး
ရှိနေကြသူများ အဖြစ် သူတို့ကိုယ်သူတို့ ခံယူထားပုံ ရသည်ဟု ဆိုသည်။ ထိုအမြင်က
အမျိုးသမီးများ၏ အားသာချက်များကို ငြင်းပယ်ထားသဖြင့် မျှတမှု မရှိကြောင်း သူက
ပြောသည်။
“တကယ်တော့
ကျမတို့ကိုယ်ကို ကျမတို့ ကာကွယ်ကြရမှာ။ ဒါပေမယ့် အဲဒီလိုဖြစ်ရမယ့်အစား ကျမတို့ရဲ့
လင်ယောက်ျား တွေကို အလုပ်အကျွေးပြုရင်း ဘ၀ကို မြှုပ်နှံထားကြရတယ်” ဟု သူက ဆက်ပြောသည်။
တန်းတူညီမျှရေး ရရန်အတွက်
အမျိုးသမီးများအနေနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်ကြရမည်ဟု သူ့အမြင်ကို ပြောပြသည်။
ဤတိုက်ပွဲက တောတွင်းတိုက်ပွဲမဟုတ်ပါ။ အမျိုးသားများ၏ ဘေးတွင်ယှဉ်တွဲ၍ ၎င်းတို့နှင့်
အတူ လိုက်ပါဆောင်ရွက်ခွင့် ရရန်၊ အိမ်တွင်း၌သာ အမျိုးသမီးများကို ထားရှိသည့်
ရိုးရာ အစွဲအလမ်းများကို အတူတကွ လက်တွဲတိုက်ခိုက်ကြရန်သာ သူက ဆိုလိုခြင်း ဖြစ်သည်။
အမျိုးသမီးများ အနေနှင့်
ပညာသင်ယူခြင်းကို မည်သည့်အခါမျှ မရပ်တန့်ဘဲ မိမိတို့၏ အမှန်တကယ်
စွမ်းဆောင်နိုင်မှုသည် လူမှုအဖွဲ့အစည်းအတွက် မည်မျှ ကောင်းကျိုးပြုနိုင်သည်
ဆိုသည်တို့ကို ယောက်ျားများ သိရှိရန် အစဉ်အမြဲ သတိပေးနေဖို့ လိုအပ်သည်ဟု ဆိုသည်။
“လိင်ကွဲပြားလို့၊
လူတန်းစားကွဲပြားလို့ ဆိုပြီး တန်းတူညီမျှမှု မရှိရင် တရားမျှတမှုဆိုတာ ဘယ်တော့မှ
ရမှာမဟုတ်ဘူး။ တန်းတူအခွင့်အရေး ရရှိဖို့၊ တန်းတူ ပါဝင်ခွင့်ရရှိဖို့ ဆိုတာတွေက
လူမှုအဖွဲ့အစည်းတခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျ တဲ့ ကိစ္စတွေပါ” ဟု မမြင့်မြင့်စန်းက သူ့အမြင်ကို ပြောပြသည်။
အမျိုးသမီးများအနေနှင့်
တဦးချင်း စွမ်းဆောင်နိုင်သည့် အရည်အချင်းကို ယောက်ျားများအား ပြသနိုင်ကြပါသည်။
သို့သော် လည်း အဆုံးစွန်ရည်မှန်းချက် ပြည့်မြောက်ရန်မှာမူ အမျိုးသမီးများအားလုံး
ညီညွတ်စွာ အတူတကွ ကြိုးပမ်းဆောင်ရွက်ကြ ရမည် ဖြစ်သည်။
“ကျမတို့က စနစ်ကို
အသစ်ပြောင်းချင်တယ်ဆိုရင် အမျိုးသမီးရေးရာကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ့်
ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ပြဌာန်းချက်တွေ လိုအပ်ပါတယ်။ ကျမတို့တွေ မညီညွတ်ဘဲ စနစ်တကျ
မလုပ်နိုင်ဘူး ဆိုရင် အမျိုးသားတွေရဲ့ ခေါင်းဆောင် မှုနောက်မှာပဲ ကျန်ရစ်ခဲ့မှာပါ” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) ကို
စတင်တည်ထောင်ခဲ့သူတဦး ဖြစ်သည့် မခင်ဥမ္မာက ပြောသည်။ ၎င်းအဖွဲ့သည် ပြည်ပရောက်
အမျိုးသမီး အဖွဲ့များကို စုစည်းထားသည့် တပ်ပေါင်းစု အဖွဲ့အစည်း တခုဖြစ်သည်။
ယနေ့ လက်ရှိ
အမျိုးသမီးခေါင်းဆောင်များက အမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှုတွင် ပိုမို
နေရာရရှိရေး၊ ပိုမို တက်ကြွစွာ ဆောင်ရွက်နိုင်ရေးအတွက် အားပေး တိုက်တွန်းမှုများ
ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများပါ
ပူးတွဲတာဝန်ထမ်းဆောင်ကြရန် အားပေးပြောကြား နေသည်။
“အမျိုးသမီးတွေ
သူတို့ကိုယ်သူတို့ အားနည်းပါတယ်ပြောရင် ကျမ မကြိုက်ဘူး။ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့
နိုင်ငံရေးစနစ်က မြန်မာအမျိုးသမီးတွေကို တားဆီးထားတယ် ဆိုပေမယ့် လက်ရှိ
ရက်စက်ကြမ်းကြုတ်လှတဲ့ စနစ်ဆိုးကြီးကို ပြောင်းလဲနိုင်ဖို့ လှုပ်ရှားနေကြတဲ့
တိုက်ပွဲတွေမှာ ကျမတို့ အမျိုးသမီးတွေလည်း ပါဝင်ကြိုးပမ်းနေကြတာပဲ” ဟု ကရင်အမျိုးသမီး အစည်း အရုံး၏အမှုဆောင်အတွင်းရေးမှူးလည်းဖြစ်
ကေအန်ယူဗဟိုအလုပ်အမှုဆောင် တဦးလည်းဖြစ်သူ နော်စီဖိုးရာက ပြောသည်။
တချိန်တည်းတွင်
ကေအန်ပီပီပါတီမှ ဒေးဒေးဖိုးကလည်း ပါတီခေါင်းဆောင်မှုအတွင်း နောက်ထပ် အမျိုးသမီး
မျိုးဆက်သစ် များ ၀င်ရောက်တာဝန်ယူနိုင်ရေးအတွက် တိုက်တွန်းအားပေးလျှက် ရှိသည်။ မြန်မာနိုင်ငံအတွင်း
တက်ကြွလှုပ်ရှားနေကြသူ အမျိုးသမီးများမှာမူ စစ်အစိုးရ၏ ဖိနှိပ်ကန့်သတ်မှုများကြောင့်
အခက်အခဲများ ပိုမိုကြုံတွေ့ကြရသည်။ ပြောဆိုဆွေးနွေးခွင့်အတွက်ပင် ခက်ခဲနေကြရသည်။
“အမျိုးသမီးတွေကို
မြေတောင်မြှောက် မြှင့်တင်အားပေးဖို့ နေရာမရှိဘူး။ သူတို့ကို သင်ကြားပေးဖို့၊
လှုပ်ရှားမှု ထဲမှာ ပိုပြီး ဆောင်ရွက်လာနိုင်အောင် စီစဉ်ပေးဖို့ နေရာမရှိဘူး။
ပြီးတော့အမျိုးသမီးငယ်တွေကို လေ့ကျင့် သင်ကြားပေးဖို့ အရင်းအမြစ် တွေလည်း မရှိဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော် မတီဝင်
တဦးဖြစ်သူ ဒေါ်လဲ့လဲ့က ပြောသည်။
မြန်မာနိုင်ငံအတွင်း
အပြောင်းအလဲများ အမှန်တကယ် ဖြစ်ပေါ်လာသည့်တိုင် မြန်မာအမျိုးသမီး အများစုမှာ
အမျိုးသားများ ထက်နောက်ကျကျန်ရစ်နေရမည့် အနေအထားရှိနေသေးသည်။ သို့သော်လည်း
နိုင်ငံပြင်ပရှိအမျိုးသမီးများမှာမူ စစ်အစိုးရ ဆန့်ကျင်ရေး
လှုပ်ရှားမှုဆောင်ရွက်နေကြစဉ် ကာလ၌ အမျိုးသမီးရေးရာ ကိစ္စကို အမြဲတစေ
ထည့်သွင်းဆွေးနွေး နေကြသည်။“ကျမတို့အမျိုးသမီးတွေက သမိုင်းတလျှောက်လုံးမှာ
လျစ်လျူရှုခံထားခဲ့ရတယ်။ နောက်တကြိမ် ဒါမျိုး လုံးဝ မဖြစ်စေရဘူး” ဟု မခင်ဥမ္မာကပြောသည်။
ပုခက်လွှဲသောလက်များ၏ အနာဂတ်
အခန်းကဏ္ဍ




