(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျွန်မ
နာမည်မတင်မြတ်ထွေးဖြစ်ပါတယ်။ မွေးပေါက်ဖော် ခုနှစ်ယောက်ရှိတဲ့အနက်မှာ ကျွန်မအကြီး
ဆုံးဖြစ်ပြီး HIV ပိုးနဲ့ အသက်ရှင်နေထိုင်တာ ၇ နှစ်လောက်တော့ရှိပါပြီ။
ကျွန်မ
ခင်ပွန်း HIV ပိုးရှိမှန်း ၂၀၀၄ ခုနှစ်မှာ သိပါတယ်။ သိပ်မကြာလိုက်ပါဘူး။ ၁၆၊ ၁၂၊
၂၀၀၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်မခင်ပွန်းဆုံးတဲ့နေ့မှာပဲ
အိမ်ရဲ့တောင်ဘက်မှာ ဝင်းထရံတွေ ကို ပြာတွေနဲ့ဖြူးထား ပါတယ်။ အိမ်ရဲ့အနောက်ဘက်အိမ်က
ဝင်းထရံတွေကို ထုံးတွေနဲ့ဖြူးထား ပါတယ်။ သူတို့က ကျွန်မခင်ပွန်း AIDS နဲ့ဆုံးတာကို
သိတယ်လေ။ အဲဒါကြောင့် ကူးမှာ ကြောက်ကြ တယ်။
အဲဒီအချိန်တုံးက
ကျွန်မဒေါသတွေ ဖြစ်ခဲ့ရပါတယ်။ စိတ်အားလဲ ငယ်ခဲ့ရပါတယ်။ ခင်ပွန်းဆုံးလို့
ဝမ်းနည်းရတာ တမျိုး၊ ခွဲခြားဆက်ဆံခြင်းခံရတာ တစ်မျိုးးနဲ့အတော်ကို ဒုက္ခရောက်ခဲ့ရပါတယ်။
အခုလို အတိတ်ကအကြောင်းတွေ ပြန်ရေးနေတဲ့ အချိန်မှာတောင် မျက်ရည်ကျရပါတယ်။
ပြီးတော့
ကျွန်မမှာ သမီးလေး ၃ ယောက်ရှိပါတယ်။ အကြီးဆုံးက ၈ တန်း၊ အလတ်က ၄-တန်း၊ အငယ်ဆုံးလေးက
သူငယ်တန်းပါ။ ကျွန်မတို့မိသားစုက ဆင်းရဲတော့ အိမ်မှာ မီတာလဲမရှိ၊ TV လဲ မရှိတော့
သမီးလေးတွေက အိမ်နီးနားချင်းအိမ်မှာ TV သွားကြည့်ကြပါတယ်။ ပြန်လာတဲ့အခါ ကျွန်မ ကိုပြန်ပြောကြတယ်။
သူတို့ သွားကြည့်တဲ့ အချိန်မှာ သောက်ရေအိုးကို ပုဆိုးနဲ့အုပ်တဲ့အကြောင်း၊
ရေခွက်တွေသိမ်းတဲ့အကြောင်း ပြောပြပါတယ်။ ကျွန်မလေ ရင်ထဲကခံစားချက်တွေကို
ပြောမပြတတ် အောင် ရေးမပြတတ်အောင်ပါပဲ။
ကျွန်မခင်ပွန်းရဲ့အဒေါ်ဆိုရင်
အိမ်အလည်လာတာတောင် မထိုင်တော့ဘဲ မတ်တပ်ရပ်စကားပြောပြီး ပြန်သွားပါ တယ်။
အိမ်နီးနားချင်းက ကလေးတွေ အိမ်လာရင်လဲ သူတို့အမေတွေက ချက်ချင်းလိုက် ခေါ်ကြတယ်။
သူတို့ ကလေးတွေကိုလဲ အတူတူမကစားဖို့ ၊သူတို့အဖေက AIDS ရောဂါနဲ့ သေတာ၊ နင့်တို့ကူးလိမ့်မယ်လို့
ပြောပြထား ကြပါတယ်။ `
သူငယ်ချင်းတယောက်က
အိမ်အလည်လာတာ ကလေးခေါ်ခဲ့ပါတယ်။ ကလေးအမေက ချက်ချင်း လိုက်လာပြီး
ကလေးကိုပြန်ခေါ်သွားပါတယ်။ ကျွန်မတို့အိမ်ရဲ့ ရှေ့ဘက်အိမ်က ကောင်မလေး ကျွန်မတို့ဖိနပ်
ခိုးစီးပါတယ်။ သူ့အမေကို တိုင်ပြောတော့ သူ့သမီးကို ဘာမို့ခိုးစီးတာလဲ၊ ရောဂါကူး
ခံချင်လို့လားလို့ ပြောပါတယ်။ သမီးလေး ကျောင်းဆင်းချိန် ထမင်းချိုင့်သွားပို့တော့လဲ
သူ့ သူငယ်ချင်းက အတူတူမစားပဲ အပြင်ထွက်စားတာကို တွေ့ခဲ့ရပါ တယ်။
ကောင်းတာဖြစ်ဖြစ်
၊ ဆိုးတာဖြစ်ဖြစ် မမြဲဘူးဆိုတဲ့အတိုင်း ကျွန်မတို့ မိသားစုကို ကူညီစောင့်ရှောက်မဲ့
သူတွေ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါတယ်။ C.H.B.C, ရွှေခြင်္သေ့, DRC ဆိုတာပါပဲ။ အဲဒီအဖွဲ့အစည်းတွေက
ကျွန်မတို့ မိသားစုကို supporting လုပ်ပေးပါတယ်။ perfect မဟုတ်ပေမဲ့ တော်တော်လေး
အဆင်ပြေရပါတယ်။ ပြီးတော့ အိမ်တိုင်ရာရောက် လာရောက်ပြီး ပြုစုစောင့်ရှောက် ကြတာတွေကို
ပတ်ဝန်းကျင်ကမြင်ပြီး ကျွန်မကိုမေးတယ်။ ကျွန်မရဲ့ character ကလဲ ပွင့်ပွင့် လင်းလင်းဆိုတော့
အကုန်ပြောပြတယ်။ အဲဒီတော့မှ ပတ်ဝန်းကျင်က ကျွန်မတို့မိသားစုကို နားလည် လာတယ်။
ခွဲခြားမှုတွေ လျော့ပါးလာပါတယ်။
အခုဆိုရင်
ကျွန်မ ARV ကို ရွှေခြင်္သေ့ရဲ့ကူညီမှုနဲ့ free သောက်နေရပါပြီ။ ကျွန်မအပြောမဟုတ်ပါဘူး။
တကယ်ပါ ဆေးအလှူရှင်ကိုရော ရွှေခြင်္သေ့ကိုပါ မေတ္တာပို့ပေးပါတယ်။ ကျွန်မ ARV
စသောက်တော့ CD4 208 ပဲ ရှိပါတယ်။ အခုဆိုရင် ကျွန်မရဲ့ CD4 512 ရှိနေပါပြီ။
ကျွန်မမေ့နေတာ
ရှိသေးတယ်။ အဲဒါက လက်ကမ်းစာဆောင်တွေ၊ ကျန်းမာရေးဗဟုသုတ ရစေမဲ့ စာအုပ်တွေကိုလဲ
ဝေပေးပါတယ်။ အဲဒါတွေကို ပတ်ဝန်းကျင်ကဖတ်ကြလို့ ခွဲခြားဆက်ဆံခြင်းတွေ
လျော့ပါးတယ်လို့ ကျွန်မထင်ပါ တယ်။
ကျွန်မတို့
PLHIV တွေနဲ့ ရွှေခြင်္သေ့ volunteer တွေ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို Social function
ထွက်တဲ့ ခရီးစဉ်ဟာ ကျွန်မ မမေ့နိုင်တဲ့ ခရီးစဉ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့
မသွားဘူးတဲ့နေရာ၊ စားရခဲပေတဲ့ အစားအစာတွေ ကျွေးမွေးလို့ ပါပဲ ။
တင်မြတ်ထွေး
မိုးမခ
- ပုဂံ၊
ညောင်ဦး၊ ပုပါးကို မမေ့ဘူး




