ခောတ်ပြိုင်-
၆ ဧပြီ ၂၀၀၇
ပီတာအောင်
ပုဂ္ဂလိကဆေးရုံနှင့်ဆေးပေးခန်းများ
လိုင်စင်မရှိဘဲဖွင့်လှစ်လုပ်ကိုင်သူများကိုအမြင့်ဆုံးထောင်ဒဏ်(၅)နှစ်အထိချမှတ်နိုင်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ
ဥပဒေကို နအဖစစ်အစိုးရက ယမန်နေ့ရက်စွဲဖြင့်
ပြဋ္ဌာန်းလိုက်သည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တိုးတက် ဖြစ်ထွန်းစေရန်နှင့် ပြည်သူများအတွက် အရည်အသွေးမြင့်မားသည့် ၀န်ဆောင်မှုပေးနိုင်စေရန်ရည်ရွယ်သည်ဟု
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ထုတ်ပြန်သည့် ထိုဥပဒေတွင် ဖော်ပြသည်။
ဥပဒေ၌ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင်ရှိရမည့်
အဆောက်အဦပုံစံ၊ ရေ၊ မီး၊ သန့်ရှင်းရေးနှင့် လူနာမှတ်တမ်းစနစ်များ၊ ကုသရေးဆိုင်ရာ
ပစ္စည်းကိရိယာနှင့် ဆေးဝါးများ စသည့် လူနာပြုစု ကုသစောင့်ရှောက်မှုဆိုင်ရာ
စံသတ်မှတ်ချက်များ ပါဝင်သည်။လိုင်စင်မရှိဘဲ ပုဂ္ဂလိကဆေးရုံလုပ်ငန်း လုပ်ကိုင်သူကို
အနည်းဆုံးထောင်ဒဏ် (၁)နှစ်မှ
(၅) နှစ်နှင့် ငွေဒဏ်၊
ပုဂ္ဂလိကသားဖွားခန်းနှင့် ဆေးခန်းလုပ်ငန်း လုပ်ကိုင်သူကို ထောင်ဒဏ် (၆) လမှ အများဆုံး (၃) နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟုလည်း
ပါရှိသည်။
ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ဥပဒေပြဋ္ဌာန်း၍
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်သည်မှာ ကောင်းမွန်သော်လည်း ဥပဒေအတိုင်း တနိုင်ငံလုံး
တပြေးညီကျင့်သုံးရန် လိုအပ်ကြောင်း၊ ထိုဥပဒေကို အကြောင်းပြု၍ ၀န်ထမ်းများ
လာဘ်စားရန်အတွက် စားကွက်ထွင်ပေးခြင်းမျိုးမဖြစ်ရန် အရေးကြီးသည်ဟု နိုက်တင်ဂေးလ်
ကျန်းမာရေးဂျာနယ်အယ်ဒီတာ ဒေါက်တာလွဏ်းဆွေက ပြော သည်။
“ပုဂ္ဂလိကဆေးရုံအများစုက ဗိုလ်ချုပ်တွေ၊ သူတို့မိသားစုတွေနဲ့
ပတ်သက်ရာပတ်သက်ကြောင်းတွေ ဖွင့်ထားတာဆိုတော့ ဒီဥပဒေ ထုတ်လိုက်တဲ့အပေါ်မှာ
သက်ရောက်မှု သိပ်မရှိနိုင်ပေမယ့် ရပ်ကွက် တွေထဲက တနိုင်တပိုင်ဖွင့်ထားတဲ့
ဆေးခန်းငယ်လေးတွေ အတွက် တော့ ဒီသတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်ဖို့
အခက်အခဲတွေ့နိုင်ပါတယ်” ဟု ၎င်းကပြောသည်။
သတင်း - ခောတ်ပြိုင် - ၆ ဧပြီ ၂၀၀၇ ပုဂ္ဂလိကဆေးရုံနှင့် ဆေးပေးခန်းများအတွက် ဥပဒေထုတ်ပြန်




