ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအ၀ိုင်းကြောင့်ပဲဖြစ်ဖြစ်၊ လက်ထပ်ထားလို့ပဲဖြစ်ဖြစ် ယောက်ျားလေး တော်တော်များများက ကိုယ်လိင်တူဆက်ဆံတာကို မသတီဖြစ် တတ်တာ၊ ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်လို့ ထင်တတ်တာတွေဖြစ်တတ်ပါတယ်။ တကယ်လို့သာအဲဒီလိုမျိုးခံစားနေရမယ်ဆိုရင်ကိုယ့်ကျန်းမာရေးအတွက်ရော၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးအတွက်ရောတာဝန်ယူနိုင်မှာမဟုတ်တော့ပါဘူး။ လိင်တူဆက်ဆံတဲ့ယောက်ျားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်လက်မခံနိုင်မှုတွေကြောင့် HIV ပိုးနဲ့ကာလသား ရောဂါပိုး ကူးစက်နိုင်ခြေတွေ ပိုများလာနိုင်တာကို သတိပြုဖို့လိုပါတယ်။
၁။ ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်း
ယောက်ျားချင်း လိင်ဆက်ဆံတယ်ဆိုတာကို လူသိမခံဝံ့တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ကြပြီး ဆက်ဆံဖက်တွေလည်း များတတ်ပါတယ်။ လုံခြုံ စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းအကြောင်း၊ ကွန်ဒုံးနဲ့ဂျယ် အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောရမှာကို ရှက်ကြောက်နေတတ်တာကြောင့် HIV ပိုးနဲ့ ကာလသားပိုးတွေ ကူးစက် ခြင်းကို အားပေးနေသလို ဖြစ်တတ်ပါတယ်။
၂။ ကွန်ဒုံးများ
ဒီလို ပုန်းလျှိုးကွယ်လျှိုးနေတတ်တဲ့ ယောက်ျားလေးအများစုဟာ ကွန်ဒုံးနဲ့ဂျယ်ဆောင်ထားရမှာလည်း ရှက်ကြောက်တတ်ကြပါတယ်။ တခြားသူတွေကသူတို့မှာကွန်ဒုံးတွေဂျယ်တွေ ဆောင်ထားတာတွေ့သွားရင်သူတို့ကို စွပ်စွဲတာတွေ၊ ပုတ်ခတ်ပြောဆိုတာတွေ ဖြစ်လာနိုင်တာကြောင့်ပါပဲ။ တချို့ ကျတော့လည်း ကိုယ့်ရဲ့ရည်းစားက တွေ့သွားမှာကြောက်တဲ့ အတွက် ကွန်ဒုံးကို မဆောင်ထားတတ်ကြပါဘူး။ တော်တော်များများကတော့ ဆိုင်မှာသွားပြီး ကွန်ဒုံးနဲ့ဂျယ်ပြောဝယ်ရမှာကို အလွန်ရှက်ကြောက်ကြပါတယ်။
၃။ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သော ကျန်းမာရေး အသိပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှု နည်းပါးခြင်း
ကိုယ့်ကိုကိုယ် ယောက်ျားချင်းလိင်ဆက်ဆံတဲ့သူအဖြစ် ပွင့်ပွင့်လင်းလင်း ၀န်မခံရဲတဲ့သူတော်တော်များများဟာ HIV ပိုးနဲ့ တခြားကာလသားရောဂါပိုးတွေ စစ်ဆေးမှုခံယူဖို့ကို အလွန်ရှက်ကြောက်တတ်ကြပါတယ်။ ဂေး တွေချည်းပဲကုသပေးတဲ့ဆေးခန်းမျိုးကိုသွားရောက်ဖို့လည်းအင်မတန်ဝန်လေးရှက်ကြောက်ကြပါတယ်။ ဂေးမဂ္ဂဇင်းတွေနဲ့လက်ကမ်း စာစောင်တွေကပေးတဲ့ သတင်းအချက်အလက်တွေကိုလည်း မရယူရဲ၊ ဂေးတွေ တွေ့ဆုံလေ့ရှိတဲ့နေရာတွေကိုလည်း ပေါ်ပေါ်တင်တင်မသွားလာရဲတာတွေကြောင့် သူတို့ဟာလိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ သူများတွေလောက် မရရှိတတ်ကြပါဘူး။
၎။ အာရုံလွင့်ခြင်း
ကိုယ့်ကိုကိုယ် လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် လက်ခံနိုင်စွမ်း မရှိတဲ့သူတွေဟာ လိင်ဆက်ဆံတဲ့အချိန်မှာ ဖြစ်ပျက်နေတာတွေကိုထိန်းချုပ်နိုင်မှုအားနည်း တတ်ကြ ပါတယ်။ ကိုယ်မသိတဲ့ကိုယ့်လိင်ဆက် ဆံဖက် ပြုသမျှကိုပဲနုတတ်တဲ့အတွက်ကြောင့် သူလုပ်ခဲ့တာတွေက အန္တရာယ်နည်းသလား၊များသလားကိုသတိ မပြုမိတတ် ကြပါဘူး။ ဒီလိုအခြေအနေမျိုးရှိတဲ့ ယောက်ျားအများစုဟာ အရက် (သို့) ဆေးတစ်မျိုးမျိုးသုံးပြီး ရဲဆေးတင်ထားတတ်ကြတာမို့ သူတို့ကိုယ်သူတို့ တာဝန်ယူနိုင်စွမ်းမရှိကြပါဘူး။
၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှု
လိင်တူဆက်ဆံခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ထင်နေတဲ့ သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယုံ ကြည်မှုနည်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးနဲ့ တခြားသူတွေ ကျန်းမာရေးကို တာဝန်ယူဖို့လည်း တတ်ကြွမနေတာမို့ သူ့ဆီမှာလိင်ဆက်ဆံခြင်းကနေတဆင့်ရရှိနိုင်တဲ့ အန္တရာယ်တွေ ပိုများနေနိုင်ပါတယ်။ ယောက်ျားချင်း လိင်တူဆက်ဆံ တာဟာ လူ့ကျင့်ဝတ်မှားယွင်းမှုတစ်ခုလို့ ခံစားနေရတဲ့ယောက်ျားတွေရဲ့ စိတ်ထဲမှာသူတို့ဟာအပြစ်ရှိတဲ့အတွက် ကာလသားရောဂါပိုးတွေကူးစက်ခံရမယ်ဆိုရင်လည်းခံသင့်တယ်၊ ဘုရားသခင်အပြစ်ပေးတာလို့တောင် မှတ်ယူတတ်ကြပါတယ်။
်မောင်တို့ရွာ - ပုန်းလျှိုးကွယ်လျှိုး




