ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် မြို့နယ်၌ လိင်တူချစ်သူများ အတွင်း အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်ခံရနှုန်းမှာ အမြင့်မားဆုံးရှိနေကြောင်း သတင်းရရှိသည်။
ကျန်းမာရေးအဖွဲ့အစည်း များက ကောက်ယူခဲ့သည့် ၂၀၁၃ နောက်ဆုံး စစ်တမ်းများအရ ဧရာဝတီတိုင်း ဒေသကြီး၌ အိတ်ခ်ျအိုင်ဗီရောဂါ ဖြစ်ပွားနိုင်သော အန္တရာယ်ရှိ အုပ်စုများဖြစ်သည့် အမျိုးသမီးလိင်အလုပ်သမ၊ အကြောထဲမူးယစ်ဆေး ထိုးသွင်းသူများထက် လိင်တူချစ်သူအုပ်စုမှာ ပိုများနေပြီး ၁၀ ရာခိုင်နှုန်းကျော် ရှိနေခြင်းဖြစ်သည်။
‘‘ပညာပေး ကာကွယ်ရေး အတွက် လုပ်နေလို့ ဖြစ်နှုန်းကျသွားပေမယ့် ဖြစ်ပွားနိုင်တဲ့ အုပ်စုတွေ ထပ်တိုးလာတယ်။ အပုန်းတွေက အရင်က သူ့ဟာသူနေကြပေမယ့် အခုက ပြောင်ပြောင်တင်းတင်း နေလာကြတယ်။ အဲဒီအုပ်စုက ဖြစ်နှုန်း တက်လာတယ်။ ဦးရေတက် လာတယ်’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ပညာပေးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းက ဆိုသည်။
ဖြစ်ပွားနိုင်သည့် အုပ်စုများအလိုက် ခွဲခြားထားပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်းလိင် ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ရှမ်းပြည်နယ်တွင် အကြောထဲ မူးယစ်ဆေး ထိုးသွင်းအုပ်စုများပြားပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင်မူ အမျိုးသားချင်းလိင်တူ ဆက်ဆံသူ အုပ်စုပိုမိုများပြားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၀ ပြည့် နှစ်တွင် အိတ်ခ်ျအိုင်ဗီလူနာပေါင်း ၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ တွင်မူ ၀ ဒသမ ၄၅ ရာခိုင် နှုန်းသို့ ကျဆင်းလာခဲ့သော်လည်း လိင်တူပျော်ပါးခြင်း၊ အရွယ်မ ရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရခြင်း၊ အမျိုးသမီး အကြမ်းဖက်ခံရခြင်း၊ မူးယစ်ဆေး ထိုးသွင်းမှုများပြားလာခြင်း စသော ဖြစ်ပွားနိုင်သည့် အုပ်စုများမှ တိုးလာနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အသက် (၁၅) နှစ်အထက် အရွယ်ရောက်ပြီးသူများ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ နေရသူပေါင်း တစ်သိန်းရှစ်သောင်းကျော် ရှိသည့်အနက် ၂၀၁၃ တွင် ရောဂါပိုးကူးစက်ခံရသူ လူနာသစ် ခုနစ်ထောင် ရှိနေပြီး နေ့စဉ် ၁၉ ဦး ကူးစက်ခံနေရသည်ဟု ကုလသမဂ္ဂ HIV/AIDS ပူးပေါင်းအစီအစဉ် (United Nations Joint Pro-gramme On HIV/AIDS (UNAIDS)) မှ သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ယင်းအန္တရာယ်ရှိသည့် အုပ်စုများအား ရောဂါကူးစက်နိုင်မည့် နည်းလမ်း၊ အပြုအမူများကို အသိပညာပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာပေး လုပ်ကိုင်နေသူ အချို့ကဆိုသည်။
‘‘ကူးစက်ခံရတဲ့ အကြောင်း အရင်းကို ဖြေရှင်းနိုင်ရင် ကူးစက်ခံရနှုန်းက ကျဆင်းသွားမယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတော့ အပွင့်ကနေ အပုန်းဖြစ်ကုန်ရော။ ကျန်းမာရေးအသိမရတော့ ကူးစက်ခံရနှုန်းက တက်လာရော။ သူတို့ကို ကြည်ဖြူစာနာရင် ဒါတွေကို ပညာပေးနိုင်ဖို့လိုတယ်။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေးပညာပေးတွေ လုပ်ပေးဖို့လိုတယ်’’ ဟု အနှစ် (၂၀) ကျော်ကြာ ကျန်းမာရေးပညာပေး လုပ်ကိုင်ခဲ့သည့် စာရေးဆရာ ဒေါက်တာ ထွန်းဝင်းက ဆိုသည်။
7 Day Daily -ပုသိမ်တွင် လိင်တူချစ်သူများအတွင်း အိတ်ခ်ျအိုင်ဗီကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေဟုဆို




