14
Jun

ပလောင်ဒေသ လူကုန်ကူးမှု ဆက်လက် ကြီးထွား

ရှမ်းပြည်နယ်၊ ပလောင်ဒေသတွင် လူကုန်ကူးမှု ကြီးထွားနေရခြင်းမှာ အာဏာပိုင်တို့ ဖိနှိပ်ခြင်း၊  စီးပွားရေး ကျပ်တည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ထိုင်းမြန်မာနယ်စပ် အခြေစိုက် အမျိုးသမီးအဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။

၂၀၀၅ ခုနှစ်နောက်ပိုင်း စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွန် မြင့်မားလာခြင်း၊ စားဝတ်နေရေး ခက်ခဲလာခြင်းတို့က ဒေသခံများကို  လူကုန်ကူးခံရသည့် ဘ၀သို့ တွန်းပို့နေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံး၏ ယနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးခံရသူ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများတွင် ၀င်ငွေကောင်းသည့် အလုပ်အကိုင် ရမည် ဟူသော မက်လုံးဖြင့် လှည့်ဖြားခံရသူများ ဖြစ်သည်ဟု ဆိုသည်။

“တရုတ်ပြည် ရောက်တဲ့အချိန်မှာ တရုတ် အမျိုးသားရဲ့ ဇနီးမယားအဖြစ် အတင်းအဓမ္မ လက်ထပ်ခံရတယ်၊ ဒါမှမဟုတ် ပြည့်တန်ဆာ အဖြစ် ရောင်းစားခံရတယ်” ဟု  အစီရင်ခံစာ ပြုစု ရေးသားသူ တဦး ဖြစ်သည့် လွေးမိုးခမ်းက ပြောသည်။

အမျိုးသမီးများ အတင်းအကျပ် လက်ထပ်ခံရမှုကို  ဖြစ်စဉ်၏ ၂၅ ရာခိုင်နှုန်းကျော်တွင် တွေ့ရပြီး   လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် ရောင်းစားခံကြရမှုကို ၁၀  ရာခိုင်နှုန်းတွင် တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အသက် ၁၀ နှစ်အောက် ကလေးငယ် ရောင်းဝယ်သည့် ဖြစ်ရပ် ၁၁ ခုလည်း တွေ့ရှိချက်များတွင် ပါဝင်သည်။

"သိမ်းပိုက်ခံဘ၀များ" အမည်ရှိ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် ၆ နှစ်အတွင်း ပလောင်ဒေသရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့နယ်တို့မှ လူကုန်ကူးမှု ဖြစ်စဉ် ၇၂ ခုကို သုတေသနပြုပြီး ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း လူကုန်ကူးမှု ဖြစ်ပေါ်စေသော အရင်းအမြစ်များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေသည် ဟုလည်း အစီရင်ခံစာက ထောက်ပြ ထားသည်။

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အစိုးရကလည်း ဆောင်ရွက်နေကြောင်း ယခုတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြထားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးသည် "အမျိုးသားရေးလုပ်ငန်း" တရပ် ဖြစ်သည်ဟု အစိုးရ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ခင်မောင်စီက ယခုလ ၄ ရက်နေ့တွင် ပြောကြားကြောင်း ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ပြီး ထိုအဖွဲ့က လူကုန်ကူးမှု အဖြစ်များသည့် ဒေသများတွင် အသိပညာပေး ဆိုင်းဘုတ်များ၊ ပိုစတာများ စိုက်ထူထားသည်ဟု သိရသည်။

ဧရာဝတီ - ပလောင်ဒေသ လူကုန်ကူးမှု ဆက်လက် ကြီးထွား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top