အေးမြတ်သူက သူ့ရဲ့ဝတ်စုံတွေကို အွန်လိုင်းမှာ ရောင်းချနေပြီး ရရှိတဲ့ငွေကြေးများကို သုခရိပ်မြုံက HIV ဖြစ်နေတဲ့ ကလေးငယ်များ အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဇိုင်နာ ကိုလတ် (MIIL) ချုပ်ပေးထားတဲ့ ပွဲ တက်ဝတ်စုံနှစ်စုံကို တစ်စုံကို တစ်သိန်းနဲ့ ရောင်းချပြီး သွားပြီဖြစ်ပြီး နောက်ထပ် မြန်မာဝတ်စုံတွေကိုလည်း ဆက်လက် ရောင်းချသွား ဦးမှာဖြစ်ကြောင်း အေးမြတ်သူက ပြောပါတယ်။
"ဖေ့စ်ဘုတ်အကောင့်ထဲက အစ်မတွေက မေလ ၂၄ ရက်နေ့မှာ သုခရိပ်မြုံက HIV ဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို သွားလှူဖို့ ရှိတယ်။ အဲဒီမှာ သွားလှူဖို့အတွက် ဝတ်စုံတွေ ရောင်းနေတာပါ။ ဝယ်သလောက်ရောင်း ကြည့်မယ်လေ။ ရသမျှ ပိုက်ဆံအားလုံးကို လှူပစ်မှာပါ။ ၂၄ ရက်နေ့ဆိုတော့ အချိန်လည်း နည်းနည်းရသေးတယ်။ ပထမတော့ မရောင်းနိုင်ဘူး ထင်တာ။ စရောင်းတဲ့နေ့ မေလ ၅ ရက်မှာပဲ တစ်ထည်ရောင်းတာ ရောင်းထွက် သွားတယ်။ မေ ၈ ရက်နေ့မှာ နောက်ထပ် ဝတ်စုံ တစ်စုံ အွန်လိုင်း ထပ်တင်တာ အဲဒါလည်း ရောင်းထွက်သွားပြီ။ နောက်ထပ် မြန်မာဝတ်စုံတွေ ရောင်းဖို့ စိတ်ကူးထားတယ်။ ၅ သိန်းလောက်လှူမယ်လို့ မှန်းထားတယ်" လို့ပြောပါတယ်။ ရရှိတဲ့ ငွေများကို ဝတ်စုံဝယ်ယူအားပေးတဲ့ သူတွေနဲ့အတူ မေလ ၂၄ ရက်နေ့ သုခရိပ်မြုံမှာ သွားရောက်လှူဒါန်း သွားမှာဖြစ်တယ်လို့ အေးမြတ်သူက ပြောပါတယ်။
ခိုင်ဝေလွင်
Popular - ပွဲတက်ဝတ်စုံတွေကို အွန်လိုင်းမှာရောင်းချပြီး HIV ကလေးငယ်များအတွက် လှူဒါန်းမယ့် အေးမြတ်သူ




