ပွဲစားများမှတစ်ဆင့်
အရှေ့အာရှ အမျိုးသမီးများအား လက်ထပ်ရန်အတွက် လူကုန်ကူးနေမှုများ အပိုင်း(၂)
ဆရာဝင်းနိုင်ထွန်းက
ပွဲစားများမှတစ်ဆင့် အရှေ့အာရှ အမျိုးသမီးများအား လက်ထပ်ရန် အတွက် လူကုန်ကူးမှုများဟု
ဆိုကာ နိုင်ငံတကာမှ ပြဿနာများကို ဖော်ပြထားသည်။ (၂ဝဝ၆) ခုနှစ်၊ သြဂုတ်လအတွင်းက ကွတ်ခိုင်သူ
မြန်မာအမျိုးသမီးငယ် တစ်ဦးအား တရုတ် နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ရန် မြန်မာကျပ်ငွေ
(၉၆ဝဝဝဝ) ဖြင့် သွေးဆောင်စည်းရုံးပြီး ကြိုတင်ငွေ ကျပ်နှစ်သိန်းဖြင့် နယ်စပ်သို့ ခေါ်ဆောင်သွားသည့်။
လူပွဲစား
နှစ်ဦးအား မူဆယ် တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ် အပြစ်ပေးခဲ့သည်ဟု ဆိုသည်။ (၂ဝဝ၆)၊ စက်တင်ဘာက
တရုတ်နယ်စပ်တွင် အဖွဲ့ဝင် (၃ဝ) ပါသော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့အား နှစ်နိုင်ငံ ရဲတပ်ဖွဲ့မှ
ဖော်ထုတ်ရာ ယူနန်ပြည်နယ်တွင် ပြန်လည်ရောင်းစားရန် လိမ်လည်ကာ လက်ထပ်ယူထားသော မြန်မာအမျိုးသမီးငယ်
(၁၈ဝ) ဦးကို ကယ်တင်နိုင်ခဲ့ပြီး နှစ်ဆန်းပိုင်း ကလည်း။ (ခုနှစ် ဖော်ပြမထားပါ)။ (၆၄)
ဦး ပါဝင်သော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့အား ဖော်ထုတ်စစ်ဆေးရာ မြန်မာအမျိုးသမီးငယ်
(၄၉) ဦးကို တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းခဲ့ကာ တရုတ်နိုင်ငံသားများနှင့်
လက်ထပ်ရန် အဓမ္မ ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် မြန်မာအမျိုးသမီးများမှာ ဈေးပေါပေါဖြင့်
တရုတ်အမျိုးသားများနှင့် လက်ထပ် ပေါင်းသင်း၍ ရောင်းစားခံရပြီး အိမ်ဖော်ဘဝဖြင့် အတင်းအဓမ္မ
အလုပ်ခိုင်းစေခြင်းများလည်း ခံကြရကြောင်း ဖော်ပြထားသည်။
ဆရာဝင်းနိုင်ထွန်းက
အဆိုပါ ဆောင်းပါးတွင် အချို့မှာ ခင်ပွန်းဖြစ်သူ၏ တရုတ်ဆွေမျိုး သားချင်းများနှင့်လည်း
လက်ဆင့်ကမ်း အတင်းအဓမ္မ အိမ်ထောင်ပြု ခိုင်းစေမှုများလည်း ကြုံတွေ့ နေရသည်ဟု သုံးသပ်ထားသည်။
အဆိုပါ တရုတ်လောပန်များမှာ သားသမီး ရလာပါက မြန်မာမများကို ကန်ထုတ်လိုက်သည့် ပုံပြင်များလည်း
နားမဆံ့အောင် ကြားနေရသည်။ NGO အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ဆရာဝင်းနိုင်ထွန်း၏
စာအုပ်မိတ်ဆက်ပွဲတွင် မြန်မာအမျိုးသမီး တစ်ဦးကို တရုတ်တစ်ယောက်မှ အပျိုထင်မှတ်၍ လက်ထပ်လိုက်ရာမှ
အဆိုပါ မြန်မာ အမျိုးသမီးတွင် HIV စွဲကပ် နေကြောင်း သိရှိရသည်။
မြန်မာအမျိုးသမီးကို
လူမဆန်စွာ ရိုက်နှက် ကန်ကြောက်ကာ အမှိုက်ပုံတွင် သွားပစ်ထားသည့် အဖြစ်မျိုးလည်း ရှိခဲ့သည်ဆိုသည်။
ထိုသို့ မြန်မာအမျိုးသမီးများ ရင်နင့်ဖွယ်ရာ ပုံပြင်များစွာကို ရန်ကုန်မန္တလေးရှိ ဟိုတယ်များမှ
အနှိပ်ခန်းများတွင် အကြားရဆုံး ဖြစ်သည်။ လူပွဲစားများက အဆိုပါ အနှိပ်ခန်းများ၌ ဖြတ်လမ်းနည်းနှင့်
ကြီးပွားချမ်းသာလိုသော မြန်မာ အနှိပ်သမများကို ဆွယ်တရား၊ ဆွယ်စကား ဆိုကာ ရန်ကုန်မန္တလေးမှ
တစ်ဆင့် မူဆယ် အနှိပ်ခန်းများသို့ ပို့ပြီး ထိုမှတစ်ဆင့် သူတို့ ချိတ်ဆက်ထားသော တရုတ်များကို
စပွန်စာခိုင်တယ်ဟု ဖြားယောင်းကာ လက်ထပ်ဟန်ပြ စာချုပ်ချုပ်ဆိုစေ၍ ရောင်းစားကြခြင်းဖြစ်သည်။
ထိုသို့
တရုတ်များနှင့် လက်ထပ်လိုက်ရသူများလည်း လမ်းကြောင်း သိသွားကာ ပွဲစားများကို ထိပ်ကွက်ပြီး
သူတို့ကိုယ်တိုင် ပွဲစားပြန်လုပ်၍ အနှိပ်ခန်းများမှ သူငယ်ချင်း အပေါင်းအသင်းများကို
ဆွဲထုတ်သွားကာ နယ်စပ်သို့ပို့၍ ဖူးစာရေးနတ် လုပ်လာကြသည်များ ကြားနေရသည်။ ဤသည်မှာ ဆရာဝင်းနိုင်ထွန်း
သုံးသပ်သကဲ့သို့ ကြိုတင်ကာကွယ်နိုင်ရန် အတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများ၊ လူမှုရေးအသင်း
အဖွဲ့များသည် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာစေရန် ပညာပေး လုပ်ငန်းများအား ပို၍
အရှိန်မြင့် လုပ်ကိုင်ရန် လိုအပ်လျက်ရှိနေပြီ ဆိုခြင်း အချက်ကို ဝိုင်းဝန်း စဉ်းစား
သင့်လှပေသည်။
မြတ်ခိုင်
Vol2
No.47
လျှပ်တစ်ပြက် - ပွဲစားများမှတစ်ဆင့်
အရှေ့အာရှ အမျိုးသမီးများအား လက်ထပ်ရန်အတွက် လူကုန်ကူးနေမှုများ အပိုင်း(၂)




