ဖူးငုံ မဂ္ဂဇင်းက
အယ်ဒီတာ့ အာဘော် အဟောင်းလေး ဖြစ်ပေးမယ့် လူငယ်တွေ အတွက် တွေးစရာ၊ ဆွေးနွေးစရာ တွေ
ဖြစ်လာလို့ ပြန်တင်ပေး လိုက်ပါတယ်။
လေးစားလျက်-
မော်ဒရေတာ
Xxxxxxxxxxxxxxxxxxxxxxxxx
(Dec-09) Message
to Teen
၁၉၈၀ နှောင်းပိုင်းကစပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားလာခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီHIVဟာ အခုဆိုရင် ကမ္ဘာတစ်ပတ် ပတ်ပြီး အောင်လံ လွှင့်နေဆဲ ဖြစ်ပါတယ်။
၁၉၈၁ ကနေ ခုထိ နှစ်ပေါင်း ၂၈ နှစ် အတွင်းမှာ ကမ္ဘာတစ်လွှား အိပ်ခ်ျအိုင်ဗွီကြောင့်
သေဆုံး ရသူပေါင်း ၂၅ သန်းဝန်းကျင်တောင် ရှိသွားပြီ ဖြစ်ပါ တယ်။ အာဖရိကမှာတော့ အိပ်ခ်ျအိုင်ဗွီ
ကြောင့် ကလေးသူငယ် ၁၁.၆ သန်းခန့်ဟာ မိဘမဲ့ ဖြစ်ခဲ့ရပါပြီ။ ၂၀၀၇ နှစ်ကုန်မှာ ကမ္ဘာ့ အမျိုးသမီးဦးရေရဲ့
ထက်ဝက်ဟာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင် နေတယ်လို့ ဆိုပါတယ်။ အသက် ဆယ့်ငါးနှစ်အောက် လူငယ်ဦးရေ
နှစ်သန်းဟာလည်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ နေရပြီး အသက် ၂၀ နဲ့ ၂၄နှစ်ကြား လူငယ်တွေ
သေဆုံးရခြင်း အကြောင်းရင်းထဲမှာ ဒုတိယ အဖြစ်များဆုံး အကြောင်းရင်းဟာ အေအိုင်ဒီအက်စ်
ဖြစ်နေပါတယ်။ သည်တော့ အိပ်ခ်ျအိုင်ဗွီဟာ ကမ္ဘာကို အမှန်တကယ် ခြိမ်းခြောက်နေတဲ့ ပြဿနာ
တစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရောဂါဖြစ်သူ သုံးသန်းနီးပါးသာ
လိုအပ်တဲ့ARV ဆေးဝါးကို သုံးစွဲခွင့် ရနေပြီး ရောဂါဖြစ်သူ ဆယ်သန်းကတော့ ဆေးဝါး
သုံးစွဲခွင့် လုံးဝ မရဘဲ ဖြစ်နေပါတယ်။
လက်ရှိမှာလည်း ကမ္ဘာတစ်လွှား အိပ်ခ်ျအိုင်ဗွီရှိနေသူဟာ သုံးဆယ့်သုံးသန်း တောင်ရှိနေပြီး
ရောဂါ ကူးစက်ခံရသူ အသစ် အရေအတွက်ဟာလည်း နှစ်သန်းခုနစ် သိန်းလောက် ရှိပါတယ်။ ကမ္ဘာ့အိပ်ခ်ျအိုင်ဗွီ
ကူးစက်ခံ နေရသူတွေ ထဲမှာ တောင်အာဖရိကက အများဆုံး (၂၂ သန်းခန့်)ဖြစ်ပြီး ဒုတိယ အများဆုံးကတော့
အာရှ (၅ သန်းခန့်) ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ မြောက်အာဖရိကနဲ့ အာရှ အရှေ့အလယ်ပိုင်း
ဒေသမှာ အိပ်ခ်ျအိုင်ဗွီ ဖြစ်သူ (သုံးသိန်းရှစ်သောင်းခန့်) အင်မတန် နည်းတာပါပဲ။ အာဖရိကတိုက်
တစ်ခုတည်း၊ အာရှတိုက် တစ်ခုတည်း မှာတင် အိပ်ခ်ျအိုင်ဗွီဟာ အသွင် နှစ်မျိုး ဖြစ်နေတာပါ။
အဲဒီ ကွဲပြား မှုကို သေချာ ဆန်းစစ်ကြည့်မယ် ဆိုရင်တော့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု နည်းပါးတဲ့
မြောက် အာဖရိကနဲ့ အာရှအရှေ့ အလယ်ပိုင်း ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြီးစိုးလေ့
ရှိတဲ့ နေရာ ဖြစ်ပါတယ်။ တစ် နည်းအားဖြင့်တော့ အဲဒီ ဒေသတွေမှာ လူတွေဟာ အိပ်ခ်ျအိုင်ဗွီ
ကြောင့်ထက် စစ်၊ အသေခံ ဗုံးခွဲမှုစတဲ့ အကြောင်းတွေကြောင့် သေဆုံးတတ်ကြတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်
အာဖရိကနဲ့ အာရှဟာ ကပ်သုံး ပါးလုံးနဲ့ မကင်းတဲ့နေရာ ဖြစ်မြဲဖြစ် နေခဲ့ ပါတယ်။
အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ရင် နိုင်ငံ အသီးသီး၊ အဖွဲ့အစည်း အသီးသီးက နည်းအသွယ်သွယ်နဲ့
ရင်ဆိုင် နေကြပေမယ့် အပြီးတိုင် ပျောက်ကင်းအောင် စွမ်းဆောင် ပေးနိုင်တဲ့ ဆေးဝါးမျိုး
မရှိသေးတဲ့ အတွက် ပြဿနာအဖုံဖုံဟာ ကမ္ဘာ အနှံ့မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံတွေမှာတော့ အိပ်ခ်ျအိုင်ဗွီကြောင့် ဖြစ်လာမယ့် အေအိုင်ဒီ အက်စ် ဝေဒနာတွေကို သက်သာအောင်
စွမ်းနိုင်တဲ့ ဆေးဝါးတွေနဲ့ တခြား လိုအပ်တဲ့ အာဟာရလိုမျိုး ဆောင်ရန်၊ ရှောင်ရန်တွေကို
ပံ့ပိုးညွှန် ကြားဖို့ အတော့်ကိုလွယ်ကူလှပါတယ်။ ငွေကြေး ချို့ငဲ့သလို Infrastructure လို့ခေါ်ရမယ့် အခြေခံ လူမှု အဆောက်အအုံ ခိုင်မာ တောင့်တင်းမှုမရှိတဲ့
ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေမှာတော့ARV ဆေးအလုံအလောက် ရဖို့နဲ့ တခြား လိုအပ်တဲ့ ရှောင်ရန်၊ ဆောင်ရန်၊
အာဟာရ စတာတွေ ရနိုင်ဖို့ဟာ အခုအချိန်ထိ အတော့်ကို ခဲယဉ်းနေသေးတာပါ။ ဒါကြောင့်လည်း အိပ်ခ်ျအိုင်ဗွီ
ဖြစ်တာ ချင်းတူဦးတော့ အိပ်ခ်ျအိုင်ဗွီ ကြောင့် သေရတဲ့ အရေအတွက်ဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုပေါ်မှာ
မူတည်ပြီး ကွာခြားနေမြဲ ဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ ရှိသူတွေကို ခွဲခြားနှိမ်ချ မဆက်ဆံကြဖို့ ပြောနေကြပေမယ့် ဒီလို
ပြဿနာတွေ ကတော့ ရှိနေမြဲဖြစ် ပါတယ်။ ပိုးမရှိသူတွေက ရှိသူတွေ အပေါ် ခွဲခြားနှိမ်ချ ဆက်ဆံတဲ့
ပြဿနာကို ဇောင်းပေး နေကြချိန်မှာ ပိုးရှိသူ တစ်ဦးက ပိုးမရှိသူ အမျိုးသမီးတစ်ဦးကို သူ့မှာ
ပိုးရှိကြောင်း ထုတ်မပြောဘဲ အဓမ္မကျင့်မှု တစ်ခုလည်း မကြာသေး ခင်က သြစတြေးလျမှာ ဖြစ်ပွားခဲ့ပါတယ်။
နှစ်ဦးလုံးက အာဖရိကသားတွေ ဖြစ်ပြီး အခုတော့ တရားရုံးမှာ တရား ရင်ဆိုင် နေပါပြီ။ ဒီတော့
အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ရင် လူတိုင်းမှာ အသိ ကိုယ်စီရှိကြဖို့ လိုတာ ထင်ရှားပါတယ်။
ပိုးမရှိသူတွေ အနေနဲ့ ပိုးရှိသူတွေ အပေါ် ခွဲခြားနှိမ်ချ ဆက်ဆံမှုမဲ့စွာ ဖေးမဖို့လိုမှာ
ဖြစ်သလို ပိုးရှိသူတွေ အနေနဲ့ လည်း မရှိသူတွေ အပေါ် စာနာမှုနဲ့ အတူ စေတနာ ထားကာ ကိုယ့်လို
မဖြစ်စေ ရဆိုတဲ့ အသိနဲ့ ဆက်ဆံပေးဖို့ လိုမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အာရှတိုက်ဟာ အိပ်ခ်ျအိုင်ဗွီ
အဖြစ်များတဲ့ နေရာလည်းဖြစ်၊ ဖွံ့ဖြိုးမှုနည်းတဲ့ နေရာ လည်း ဖြစ်တာမို့ အာရှတိုက်သားတွေ
ဖြစ်တဲ့ ဖူးငုံတို့ အနေနဲ့ မြန်မာ့ ယဉ်ကျေးမှု စံတစ်ခုဖြစ်တဲ့ ကိုယ်ချင်းစာ တရားကို
လက်ကိုင်ထားကာ အိပ်ခ်ျအိုင်ဗွီကို ခုခံရေးမှာ အသိတရားကိုယ်စီ ထားရှိကြစေ လိုကြောင်း
အသိပေး လိုက်ရပါတယ်။
အယ်ဒီတာ (၇-၁၂-၂၀၀၉)
Teen Magazine: (Dec-09)
Message to Teen




