ကြည်ဝေ | အောက်တိုဘာ ၂၁၊ ၂၀၀၈
အပတ်စဉ် ဗုဒ္ဓဟူးနေ့ရောက်တိုင်း ရန်ကုန် ဝေဘာဂီဆေးရုံကြီး၏ ဆေးပေးဝေရေး အခန်းရှေ့တွင် ဆေးရရှိရန်အတွက် လာရောက်စီတန်းလျက်ရှိကြသော
အသားအရေ မွဲခြောက်ခြောက်၊ ပိန်ချိချိနှင့်
လူတွေ၊ ဖြူဖြူ ဖျော့ဖျော့ အသားအရေ၊ ၀ါးကပ်လို ပိန်ကပ်ကပ် ခန္ဓာကိုယ်မျိုးတွေနှင့် နွမ်းနွမ်းပါးပါး လူအုပ်ကြီးကို တွေ့မြင်ကြရမြဲဖြစ်သည်။
ထိုလူအုပ်ထဲတွင်
အသက် ၃၀ မှ ၄၀ ကျော်အရွယ်အမျိုးသမီးတွေလည်း
ပါသည်။ အသက်
၁၀ နှစ်အောက် ကလေးတွေ လည်းပါသည်။
ပြီးတော့ အသက် ၄၀ ကျော် အမျိုးသားတချို့လည်းပါသည်။ သို့သော်လည်း အများဆုံးကတော့
ခပ်ပိန်ပိန်
အမျိုးသမီးတွေနှင့်ဖြူဖျော့ဖျော့
ခပ်သေးသေး ကလေးငယ်တွေပဲ ဖြစ်သည်။
ဆေးရုံမှ
စူးရှသောပိုးသတ်ဆေးအနံ့သည် သူတို့ ပတ်ဝန်းကျင်တွင် လှိုင်လျက်ရှိသော်လည်း သူတို့သည် ထိုအနံ့ကိုပင် ယဉ်ပါးလျက်ရှိကာ ဆေးရရှိရေးအတွက် နံနက်ကတည်းကပင် အခန်းအပြင်ဘက်စင်္ကြံတွင် ထိုင်
လျက်တမျိုး ထလျက်တမျိုး စောင့်ဆိုင်းနေကြရင်း
အချင်းချင်း စကားစမြည်ပြောလျက်ရှိသည်။
သူတို့
အချင်းချင်းပြောလေ့ရှိသော စကားများမှာ ဆေးသောက်ရဖို့နီးပြီလား၊ ဘယ်တော့လောက် သောက်ရမယ်ထင်လဲ ဆိုတာမျိုး၊ ဘယ်သူကတော့
ဆေးစောင့်နေရင်းနဲ့
ဆုံးသွားပြီ ဆိုသည့် စကားမျိုးဖြစ်နေတာများ
သည်။
သူတို့နှင့်
ရှေ့တခန်းကျော်တွင်တော့ အေအာဗီဆေး လာထုတ်သည့် အခန်းဖြစ်သည်။ ထိုအခန်းရှေ့တွင်လည်း သူတို့ လိုပင်ဆေးလာစောင့်နေသူများ
ရှိသည်။ သူတို့လူအုပ်လောက် မများသော
ထိုလူအုပ်ဆီသို့ သူတို့ သည် အားကျသော မျက်ဝန်းများနှင့်လှမ်းလှမ်းကြည့်နေတတ်ကြသည်ကို တွေ့ရသည်။ သူတို့ အတွက် အေအာဗီဆေး အခမဲ့သောက်ခွင့်ရရေးမှာ အသက်ရှင်ခွင့် အထူးဆုကြီးတဆုပင် မဟုတ်ပါလား။
အခန်းထဲမှာတော့ ထဘီအပြာဝတ် သူနာပြုဆရာမကြီးတဦး၊ ထဘီအနီဝတ် သူနာပြု ဆရာမလေး ၂ ဦးနှင့်
အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံထားရသူများဖြစ်သော်လည်း ဘ၀တူများကို ပြန်လည် နှစ်သိမ့်အားပေးနိုင်သော PLWHA အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိုင်လျက်ရှိကာ နှစ်ယောက်တတွဲ ၀င်လာသော PLWHA များကို ဆေးပေးလျက်ရှိခြင်း ၊ ဆေးသောက်ပုံ သောက်နည်းကို ရှင်းပြလျက်ရှိခြင်း တို့ကိုတွေ့ရသည်။
သူနာပြုဆရာမကြီးပေးသော
ဆေးကို တရိုတသေ
လှမ်းယူကြပြီး သောက်ရမည့်ဆေးကို လိုက်မှတ်ရင်း၊ အသင့်ပါလာသော အိတ်ထဲသို့ တရိုတသေ ထည့်သိမ်းရင်း သူတို့သည် ARV (Antiretroviral drug) ဆေး ဘယ်တော့လောက် သောက်ခွင့်ရမလဲ၊ သူတို့အလှည့်ရောက်ရန် နီးပါပြီလားဆိုသည်ကို မ၀ံ့မရဲ
အသံတိုးတိုးဖြင့်
ဆရာမနားကပ်ကာ မေးလေ့ရှိသည်။
“တယောက်လာလည်း ARV ဆေးသောက်ခွင့်ရပြီလား၊
ဘယ်လောက်စောင့်ရဦးမှာလဲ ဆိုတာချည်းပဲ
မေးနေကြတော့ ကျမတို့လည်း အဖြေရတော်တော်ခက်တယ်၊ မြင်တဲ့အတိုင်းပဲ လျှောက်လွှာတွေကလည်း တထပ်ကြီး”ဟု အဆိုပါအခန်းထဲမှ သူနာပြုဆရာမတဦးက ပြောဆိုရင်း အေအာဗီဆေး သောက်ခွင့်ရရေးအတွက် တင်ထားကြသော လျှောက်လွှာထပ်ကြီးကို မေးငေါ့ပြသည်။
မြန်မာနိုင်ငံတွင်
ARV (
Antiretroviral drug) ဆေးကို အခမဲ့သောက်ခွင့်ရနေသူများမှာ အေအာဗီဆေး
လိုအပ်နေသူပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ
ဆေးရခြင်းဖြစ်ပြီး အများစုမှာ ဆေးလိုအပ်နေကြောင်း အိတ်ခ်ျ အိုင်ဗီနှင့် ပတ်သက်သော လုပ်ငန်းများကို
ဆောင်ရွက်လျက်နေသော Marie
Stopes international မှ
ဆရာဝန်ကြီးတဦးက ဆိုသည်။
မြန်မာနိုင်ငံတွင်
အေအာဗီဆေးကို အခမဲ့အများဆုံးပေးနေသည်မှာ အေဇက်ဂျီက ဖွင့်ထားသော သဇင်ဆေးခန်းပင်ဖြစ်သည်။ ထိုဆေးခန်းမှ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် လူနာပေါင်း ၁ သောင်းကျော်ကို အေအာ ဗီဆေး အခမဲ့ပေးလျက်ရှိကြောင်း သာကေတ သဇင်ဆေးခန်း ဆရာဝန်တဦးထံမှသိရှိရသည်။ ယခုအခါ ထိုအဖွဲ့မှနောက်ထပ်လူနာများအား အေအာဗီဆေး
အခမဲ့ပေးခြင်းကို
ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ပေးနေတဲ့ လူက ခုကို ၁သောင်းကျော်နေပါပြီ၊
ဒီလူတွေကို သူတို့
အသက်ရှင်နေသရွေ့ပေးသွားမှာဆိုတော့
နောက်ထပ် လူနာသစ်လက်ခံပြီး ပေးဖို့ဆိုတာ လောလောဆယ်အခြေအနေအရတော့ မဖြစ်နိုင် သေးပါ ဘူး"
ဟု အဆိုပါ ဆရာဝန်ကဆိုသည်။
အေဇက်ဂျီမှ
ဆေးသောက်ရင်း သေဆုံးသွားသော လူနာများရှိပါက ထိုလူနာများရနေသော အေအာဗီဆေးကို အခြားလူနာ အသစ်တယောက်အတွက် စီစဉ်ပေးသော်လည်း
လက်ရှိဆေးသောက်ခွင့်ရနေသော လူနာ များအပြင် နောက်ထပ် လူနာအသစ်ကို ဆေးပေးနိုင်ရေးအတွက် ဘတ်ဂျက် အခက်အခဲတွေ့နေကြောင်း သိရသည်။
အစိုးရအနေနှင့်အခမဲ့ပေးသည်မှာ
ထောင်ဂဏန်းကျော်ရုံမျှ ရှိပြီး ကိုယ်ပိုင်ငွေဖြင့် ၀ယ်သောက်ကြသူများမှာလည်း ထောင်ဂဏန်းကျော်မျှ ရှိကြောင်းလည်း သိရသည်။
အိတ်ခ်ျအိုင်ဗီပိုး
ကူးစက်ခံရသူများ(PLWHA)
အနေနှင့် အစိုးရပေးသော ARV( Antiretrovial drug) ဆေး အခမဲ့ သောက်ခွင့်ရရေးအတွက်
ရန်ကုန်မြို့
ဝေဘာဂီဆေးရုံကြီးတွင် လျှောက်လွှာတင်ပြီး
စောင့်ကြရသည် မှာ လပေါင်းများစွာ ကြာမြင့်ကြောင်း ဝေဘာဂီဆေးရုံကြီးမှ သူနာပြုဆရာမ တဦး၏
ပြောပြချက်အရ
သိရသည်။
ထိုသူနာပြုဆရာမက
အခမဲ့ဆေးသောက်ခွင့်လျှောက်ထားသူများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဆေးရခြင်းဖြစ်ပြီး ထိုသူများကလည်း ၁ နှစ်ကျော်ကျော်ကြာသည်အထိ စောင့်ရခြင်းဖြစ်ကြောင်း
ပြောဆိုသည်။
အေအာဗီဆေး အခမဲ့သောက်ခွင့်ကို လူတိုင်းရရှိခြင်းမဟုတ်၊ ရန်ကုန်မြို့တွင် နေထိုင်သူ( ရန်ကုန်မြို့မှ ပုံစံ ၁၀ တွင်ပါဝင်သူ ) များသာလျှင် ဆေးလျှောက်ယူခွင့်ရှိသည်။ နယ်မှ လာသူများမှာ
ဆေးရလိုသည့်အတွက် ရန်ကုန်မြို့မှ ဆွေမျိုးသားချင်း သို့မဟုတ် မိတ်ဆွေတဦးဥင်္ီး၏
နေအိမ်တွင် နေထိုင်သူအဖြစ် ပုံစံ ၁၀ စာရင်းသွင်းကာ
ထိုဆေးရရှိရေးအတွက် လျှောက်ထားရခြင်းဖြစ်သည်။
နယ်မှ
အေအာဗီဆေးသောက်ရန် လိုအပ်နေသော plwha များအနေနှင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ရန်လိုအပ်ကြောင်း သိရသည်။ နယ်မှ လူများသည် ဆေးကုရန်အတွက် ရန်ကုန်မြို့သို့တက်လာကြပြီး ၄င်းတို့ ကို
ကူညီပံ့ပိုးပေးနေသည့် အိတ်ခ်ျအိုင်ဗီ နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသော
ပြည်တွင်း အဖွဲအစည်း များနှင့်ဆက်သွယ်ရခြင်း
ဖြစ်သည်။
ထိုအဖွဲ့အစည်းများက
၎င်းတို့နှင့်လာရောက်ဆက်သွယ်ကြသူများအား ဆေးရရှိရေးအတွက် မည်ကဲ့သို့ လျှောက် ရမည်၊ အေအာဗီဆေးမရခင် ပိုးသတ်ဆေးနှင့် အားဆေးစသည့် လိုအပ်သည့်ဆေးများသောက်ခွင့်ရရေး အတွက်လည်းကောင်း၊
အေအာဗီဆေး အားချင်းလိုအပ်သူများကို
ဆေးအလှူရှင်ရှာဖွေပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။
အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူ
အသက် ၃၆ နှစ်အရွယ် ကိုနိုင်ဦးသည် ARV ဆေးသောက်ခွင့်ရရေးအတွက်
အောင်လံမြို့ကနေ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး မြောက်ဥက္ကလာပ ကျောက်ရေတွင်းတွင် အိမ်ခန်း လေးငှားနေကာ
ဆေးကိုစောင့်လျက်ရှိကြောင်း ကိုနိုင်ဦးက ပြောပြသည်။
“ARV(
Antiretrovial drug) သောက်ခွင့်ရရေးအတွက် ဝေဘာဂီဆေးရုံကြီးမှာလျှောက်လွှာတင်ပြီး
စောင့်နေရတာ အောက်တိုဘာလ ၂၀ ရက်နေ့ဆိုလျှင် ၁နှစ် နှင့် ၂လ ပြည့်ပြီ၊ ဘယ်လောက်စောင့်ရဦးမလဲ ဆိုတာမသိဘူး” ဟု သူကဆိုသည်။
ကိုနိုင်ဦးလိုပင် ဆေးရရှိရေးအတွက် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ပြီး
ဆေးရမည့်ရက်ကို
စောင့်နေသူပေါင်း ၃ ထောင် ၀န်းကျင်ခန့်ရှိကြောင်း ဝေဘာဂီဆေးရုံကြီး၏ စာရင်းများအရ သိရှိရသည်။
ထိုကဲ့သို့ ဆေးစောင့်မျှော်နေသူများသည် ဆေးသောက်ခွင့်မရမီမှာပင် သေဆုံးသွားကြခြင်းလည်း ရှိကြောင်း ပြည်တွင်းအန်ဂျီအို အဖွဲ့အစည်းတခုဖြစ်သော Spring မှ ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။
“ဆေးရမလားရမလားနဲ့ စောင့်ရင်းစောင့်ရင်း
သေကုန်ကြတာပဲ။ ခုလည်း ကျမတို့အဖွဲ့ကနေ
ဝေဘာဂီဆေးရုံ ကြီးကို ဆက်သွယ်ပြီး လျှောက်လွှာတင်ပေးထားတဲ့ သူ ၂၆ ယောက်ရှိတယ် ဝေဘာဂီကနေ ရပြီးတာ၂ ယောက်၊ သဇင်ကနေ ရနေတာ ၇ ယောက်ရှိတယ်၊ အလှူရှင်တွေ့သွားပြီး ဆေးရတဲ့သူက ၂ ဦးရှိတယ်၊
ကျန်တဲ့သူတွေထဲက ဆုံးသွားတာ ၄ ယောက်ရှိတယ်”ဟု အဆိုပါ
အဖွဲ့မှ ၀န်ထမ်းက ဆိုသည်။
အသက်
၂၈ နှစ်အရွယ် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ မမျိုးသည် ARV( Antiretrovial drug) သောက်ခွင့်ရရေးအတွက် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးတွင် လျှောက်လွှာတင်ပြီး စောင့်နေခဲ့ရသည်မှာ
၁၀ လ ကြာခဲ့ပြီး နောက်ဆုံးတွင် ဆေးမရဘဲ
သေဆုံးသွားခဲ့ကြောင်း သူမ၏ မိခင်ဖြစ်သူက ပြောပြသည်။
သူမသည်
ဆေးရရေးအတွက် သူမနေထိုင်ရာတောင်ကြီးမြို့ကနေ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်တွင်
အိမ်ခန်းလေးငှားကာ
လာရောက်နေထိုင်ပြီး ဆေးရမည့်ရက်ကို
စောင့်မျှော်နေ သူ ဖြစ်ကြောင်း သူမ၏မိခင်က ဆိုသည်။
မြန်မာနိုင်ငံတွင်၂၀၀၆
ခုနှစ် စာရင်းအရ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရသူပေါင်း ၃ သိန်းကျော်ခန့်ရှိသည် ဟု အစိုးရက ဆိုသည်။
ပြည်တွင်း အန်ဂျီအို တခုဖြစ်သော spring မှ ၂၀၀၇ ခုနှစ် သတင်းထုတ်ပြန်ချက်တွင်
အိတိခ်ျအိုင်ဗီိပိုးကူးစက်ခံရ
သူပေါင်း ၅ သိန်း
ကျော်ခန့်ရှိသည်ဟု အနီးစပ်ဆုံး
ခန့်မှန်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
http://www.irrawaddymedia.com/bur/Articles2008/October/06.html




