ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ
MDG သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံများ လက်မှတ်ထိုးအပြီး ဆယ်စုနှစ် တခုကျော်အကြာ၌
MDG ၏ စံသတ်မှတ်ချက်နှင့်များစွာ အလှမ်းဝေးသေးသည့် အခြေအနေအဆိုးဆုံး ၄၉ နိုင်ငံကို
ကူညီရေး အတွက် ကုလသမဂ္ဂကကြီးမှူး၍ အစည်းအဝေး ပြုလုပ်ရန် အဆင်သင့် ဖြစ်ပြီဖြစ်သည်။
ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများကို ကူညီရေးနှင့် ပတ်သက်၍
မေလ ဒုတိယအပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူ၌ ၅ ရက်ကြာ အစည်းအဝေးတရပ် ပြုလုပ်သွားရန် စီစဉ်ထားပြီးခြင်း
ဖြစ်သည်။
ကုလသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံကို
၁၉၈၇ ခုနှစ်တွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။ အကျိုးဆက်အဖြစ် ကုန်သွယ်ရေး ဦးစားပေးခံရမှုနှင့်
ဖွံ့ဖြိုးရေး အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု
နှုန်းထားသည် လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်ဟု ယုံကြည်ရပြီး ယခုအခါ ၉ဝ ရာခိုင်နှုန်းအထိ
ရှိလာသည်။
ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များတွင်ဆင်းရဲမွဲတေမှု
တိုက်ဖျက်ရေး၊ တကမ္ဘာလုံး အတိုင်း အတာဖြင့် မူလတန်းပညာ သင်ယူခွင့် ရရှိရေး၊ ကျား/မ တန်းတူအခွင့်အရေး
ပေးရေး၊ နို့စို့အရွယ် ကလေးငယ်များ သေဆုံးသည့်နှုန်း လျော့ကျရေး၊ ကိုယ်ဝန်ဆောင် မိခင်များ၏
ကျန်းမာရေး တိုးတက် လာစေရေး၊ ကူးစက်ရောဂါများ တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်
ဖွံ့ဖြိုးရေး ဟူ၍ ရည်မှန်းချက် ၈ ခု ပါဝင်သည်။
အမေရိကန် ထောက်လှမ်းရေး CIA ထုတ် အချက်အလက်များအရ မြန်မာနိုင်ငံ၏
တဦးချင်းပျမ်းမျှ GDP (ထုတ်ကုန်တန်ဖိုး) သည် အမေရိကန် ဒေါ်လာ ၁၁ဝဝ ခန့်သာရှိပြီး၊ လူဦးရေ
သုံးပုံတပုံခန့်၏ အခြေအနေသည် ဆင်းရဲမွဲတေမှု မျဉ်းကြောင်း Poverty line အောက်၌ ရှိနေသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံး ပျမ်းမျှအနေဖြင့် ၉ နှစ်အထိသာ
ပညာသင်ကြားခွင့် ရကြပြီး၊ နို့စို့အရွယ် ကလေးငယ် သေဆုံးမှု နှုန်းထားမှာ ဦးရေ ၁ဝဝဝ လျှင်
၄၉ ဒဿမ ၂၃ ရှိနေသည်။ ထို့အပြင် AIDS နှင့် ငှက်ဖျား ကဲ့သို့သော ကူးစက်ရောဂါဆိုးများ
ဖြစ်ပွားမှုနှုန်းလည်း မြင့်နေသည်။
တူရကီ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့်
ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၌ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီပေးရေး၊
ပို့ကုန်ဈေးကွက်များ မြှင့်တင်ပေးရေး၊ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် အောင်မြင်ရန်အတွက်
လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်မြှင့်တင်ကာ လိုအပ်သည့် အကူအညီပေးရေး စသည့်
ကိစ္စရပ်များကို ဆွေးနွေးကြ လိမ့်မည်ဟု မျှော်လင့်ရသည်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံး
နိုင်ငံများတွင် လူနေမှု အဆင့်အတန်း မြှင့်တင်ရေး အတွက် အခက်အခဲများ ပိုမိုကြုံတွေ့နေချိန်၌
ကုလက ပြုလုပ်မည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအရေး စတုတ္ထ အကြိမ်မြောက် ညီလာခံသည်
အချိန်ကိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း စီးပွားရေး
ကျဆင်းနေသဖြင့် ထိုဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအကြား
အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လျော့ပါးလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
သို့ရာတွင် အနည်းဆုံး လေ့လာသူ တဦးက ထောင်စုနှစ် ဖွံ့ဖြိုးရေး
ရည်မှန်းချက်များ ပြည့်မီရေး ကြိုးပမ်းရာတွင် ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများအချင်းချင်းကြား
ဆက်ဆံရေး (South-South relations) ကို မြှင့်တင်ပေးနိုင်လျှင် အခွင့်အရေးများ ရှိနိုင်သည်ဟု
ရှုမြင်နေသည်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်မှ မက်ကရိုစီးပွားရေး
မူဝါဒနှင့် ဖွံ့ဖြိုးရေးဌာန၏ အထူး လိုအပ်နေသော နိုင်ငံများဆိုင်ရာ ဌာနခွဲ၏ အကြီးအကဲ
Syed Nuruzzaman က The Hindu Bussiness Line သတင်းဌာနသို့ ပြောရာ၌ “ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊
ဘူတန်နဲ့ မြန်မာနိုင်ငံအနေနဲ့ အလျင်အမြန် ကြီးထွားဖွံ့ဖြိုးလာတဲ့ အိန္ဒိယနဲ့ နီးကပ်နေတဲ့အတွက်
ကံကောင်းတယ်လို့ ပြောရပါမယ်” ဟု ဆိုခဲ့သည်။
CIA အချက်အလက်များအရ နှိုင်းယှဉ်ပြရလျှင် အိန္ဒိယ၏ တဦးချင်း
ပျမ်းမျှ GDP သည် အမေရိကန် ဒေါ်လာ ၃၄ဝဝ ခန့် ရှိနေကာ၊ လူဦးရေ၏ လေးပုံတပုံခန့်သည် ဆင်းရဲမွဲတေမှု
မျဉ်းအောက် ရှိနေသည်ဟု ဆိုသည်။ သို့သော် မြန်မာကဲ့သို့ပင် အိန္ဒိယတွင် ကူးစက်ရောဂါဆိုးများ
ဖြစ်ပွားမှုနှုန်း မြင့်မားနေကာ နို့စို့အရွယ် ကလေးငယ် သေဆုံးမှု နှုန်းထားမှာလည်း ၁ဝဝဝ
လျှင် ၄၇ ဒဿမ ၅၇ နှုန်း ရှိနေသဖြင့် မြန်မာထက် အနည်းငယ်သာ လျော့နည်းသည်။
မဇ္ဈိမသတင်းဌာန - ဖွံ့ဖြိုးမှု
အနည်းဆုံး နိုင်ငံများအရေး ကုလ ဆွေးနွေးမည်




