27
Jun

ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ

အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး HIV ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်- မြန်မာနယ်စပ်ဒေသတွင် ပုံမှန်သွားလာနေသည့် ထရပ်ကား ယာဉ်မောင်းတစ်ဦး၏ ခန္ဓာကိုယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု တရုတ်သိပ္ပံ ပညာရှင်များ၏ သုတေသနတွင် ဖော်ပြသည်။ ထိုတွေ့ရှိခဲ့သည့် HIV ပိုး၏ မျိုးဗီဇတွင် ပြောင်းလဲမှုအမှတ် ၁၄ ခုရှိခဲ့ပြီး လက်ရှိ တွေ့ရှိဖူးသမျှတွင် အများဆုံးဖြစ်သည်ဟု AIDS သုတေသနဆေးပညာဂျာနယ်တွင်ဖော်ပြသည်။

မျိုးဗီဇပြောင်းလဲခြင်းမှာ ရောဂါပိုးရှိသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း မတူညီ သည့် ရောဂါပိုးများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သုတေသန အဖွဲ့က တွေ့ရှိခဲ့သည်။ မျိုးဗီဇပြောင်းလဲမှုအမှတ် အများအပြားတွေ့ ရှိရခြင်းမှာ ထိုယာဉ်မောင်းသည် HIV ရောဂါပိုး ရှိသူ ပြည့်တန်ဆာ အများအပြားနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ် ရာမှ ရောဂါပိုးမျိုးကွဲများ ကူးစက်ခံရပြီး ဖြစ်ပေါ်လာခြင်းဖြစ်ဖွယ်ရှိသည်ဟု သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုယာဉ်မောင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းဇာတိဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်တောင်ပိုင်းနှင့် အခြားဒေသများသို့ မကြာခဏ ဖြတ်ကျော် ၀င်ရောက်နေသူဖြစ်သည်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံ တွင် ဒေသခံပြည့် တန်ဆာများနှင့် ဆက်ဆံလေ့ရှိသည့် ထရပ်ကားယာဉ်မောင်းများ မှာ နိုင်ငံအတွင်း HIV ပျံ့နှံ့စေသည့် တွန်းအားများဖြစ်သည်ဟု မှတ်ယူ ထားသည်။

ထိုသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီ၊ ကူမင်းသတ္တဗေဒအင်စတီကျုမှ ပါမောက္ခ ဇန်ယောင်တန်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ- တရုတ်နယ်စပ်မှာ HIV ရောဂါပိုးမျိုးဗီဇပြောင်းလဲသည့် အဓိကနေရာ တစ်ခုဖြစ်နေသည်ဟု သုတေသနအဖွဲ့ကဆိုသည်။

ကူမင်းမှာ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ သုတေသန အဖွဲ့ဝင် တစ်ဦးက “တရုတ်နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု နည်းပါး တာက ဒေသတွင်း HIV ထိန်းချုပ်မှုနဲ့ ကာကွယ်မှု ပြုလုပ်ရာမှာ ခက်ခဲစေ ပါတယ်” ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အခုတွေ့ရှိ ခဲ့တာ က ရေခဲတောင်ရဲ့ ထိပ်ပိုင်းပဲရှိပါတယ်။ ဟိုပြီး ရှုပ်ထွေးတဲ့၊ အန္တရာယ်ပေးနိုင် တဲ့ HIV မျိုးကွဲတွေ ပျံ့နှံ့နေနိုင်ပါတယ်” ဟု ၄င်းက ထပ်လောင်းပြောကြား သည်။

တရုတ်- မြန်မာ နယ်စပ်ဒေသမှာ မူးယစ်ဆေး ထုတ်လုပ် တင်ပို့ ရာ ဒေသအဖြစ် လူသိများပြီး HIV ကူးစက်ရန် အလွယ်ကူဆုံး နည်းလမ်း တစ်ခုဖြစ်သည့် မူးယစ်ဆေးထိုးသွင်းမှုပြုလုပ်သူ များပြား သည့် ဒေသလည်းဖြစ်သည်။ ကူးစက်မှုအန္တရာယ်မြင့်မားသည့် အခြားအုပ်စု တစ်ခုမှာ လိင်လုပ်သားများဖြစ်သည်။ ၄င်းတို့အား ကမ္ဘာတစ်ဝန်းရှိ အဝေးပြေး လမ်းမများတစ်လျှောက် ဟိုတယ်များ၊ အင်းများတွင် အလွယ်တကူ မြင်တွေ့နိုင်သည်။ ၄င်းတို့မှာ ငွေကြေးပိုမိုရရှိပါက ကွန်ဒုံး မသုံးဘဲ ဆက်ဆံရန် သဘောတူလေ့ရှိခြင်းက ပြဿ နာကို ဆိုးဝါးစေသည်။

သို့သော် HIV ပျံ့နှံမှုကို ထိန်းချုပ်တားဆီးရာတွင် အခက်အခဲအတွေ့ဆုံးမှာ ထရပ်ကားယာဉ်မောင်းများဖြစ်သည်ဟုဆိုသည်။ ၄င်းတို့မှာ တစ်နေရာမှ တစ်နေရာ ခရီးသွားနေသည့် နေထိုင်မှုပုံစံကြောင့် စုံစမ်းစောင့်ကြည့်ရန် ခက်ခဲစေသည်။ သုတေသနပညာရှင်တစ်ဦးက “သူတို့က တရုတ်နိုင်ငံရဲ့ ဘယ်မြို့ကိုမဆို သွားနိုင်ပြီး ရောဂါပိုး သယ်ဆောင်လာတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့ရပ်နားတဲ့ နေရာတိုင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံ မယ်ဆိုရင် အကျိုးဆက်က အလွန်ဆိုးဝါးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီအများအပြားက နိုင်ငံခြားသားများအား အလုပ်ခန့်ရန် အလုပ်ဗီဇာခွင့်ပြုရန်အတွက် HIV စစ်ဆေးမှုအပါအ၀င် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံသားများကို မဖြစ်မနေ HIV စစ်ဆေးရန် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပေ။ ရှုပ်ထွေးသည့် HIV ဗိုင်းရပ်စ်မျိုးစိတ်တွေ့ရှိခြင်းက နယ်စပ်ဒေသ၌ HIV ရောဂါပိုးများ၏ ဇီဝမျိုးကွဲများအကြောင်း ပိုမိုနားလည်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြသနေသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြသည်။

Ref - SCMP

The Ladies News Journal - ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top