3
Aug

ဗီဇပြုပြင်ထားသော ဆေးရွက်ကြီးမှ HIV ကာကွယ်ဆေး ထုတ်လုပ်မည်

ဆေးဖက်ဝင် ပရဆေးပင်ဖြစ်သော ဆေးရွက်ကြီးကို ရှေးယခင်က ကင်ဆာကုထုံး ဆေးဝါးများ၊ သွားပိုးစား ကာကွယ်ဆေးများနှင့် ကင်းမြီးကောက် အဆိပ်ဖြေဆေးများ ဖော်စပ်ရာတွင် အဓိက အသုံးပြုခဲ့ရာ ယခုအခါ  Genetics နည်းပညာအရ ဗီဇပြုပြင်ထားသော ဆေးရွက်ကြီးပင်ကို HIV တိုက်ဖျက်ရေး ဆေးဝါးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးပညာ ဟောပြောပွဲအရ ဗီဇပြုပြင်ထားသော ဆေးရွက်ကြီးကို လူနာများတွင် စမ်းသပ် သုတေသနပြုခဲ့ရာ Monoclonal Antibody ဟု ခေါ်ဆိုသော အမျိုးအစားတူ ခုခံအားစနစ် မော်လီကျူးများကို ထုတ်လုပ် မြှင့်တင်နိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။ ဆေးရွက်ကြီးကို ဆစ်ဖလစ် ကာလသားရောဂါ     တိုက်ဖျက်ရေး ဆေးဝါးအဖြစ် ဖော်စပ်တီထွင်နိုင် မှုကြောင့် နိုဗယ်လ်ဆု ချီးမြှင့်ခံခဲ့ရသည့် ဂျာမန်ဆေးသိပ္ပံပညာရှင် ပေါလ်အားလစ်ခ်ျ၏ နည်းစနစ်ကို အခြေခံကာ HIV ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ် တားဆီးနိုင်မည့် ဆေးဝါးသစ်ကို ထုတ်လုပ်နိုင်ရန် သုတေသနပြု စမ်းသပ်ခဲ့သည်။ ၂၁ ရာစု အစပိုင်းတွင် ဥရောပသမဂ္ဂမှ ချမှတ်ခဲ့သော Pharma-Planta ဟု အမည်ပေးထားသည့် ဈေးနှုန်းသက်သာသော ပရဆေးဝါးများ ထုတ်လုပ်ရေး စီမံကိန်းအရ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ ဒါဇင်ပေါင်းများစွာက ပူးပေါင်း ပါဝင် သုတေသနပြုခဲ့ကြရာ ယခုကဲ့သို့ ဆေးရွက်ကြီးမှ HIV ကု ဆေးဝါးထုတ်လုပ်နိုင်ရန် နီးစပ်လာခဲ့ခြင်း ဖြစ်သည်။ ဆေးရွက်ကြီးပင်မှ ထုတ်ယူထားသော ပဋိဇီဝ ခုခံပစ္စည်း P2G12 ကို မိန်းမများတွင် HIV ပိုး အဓိက ကူးစက် ဝင်ရောက်စေတတ်သည့် မိန်းမကိုယ် လမ်းကြောင်းနံရံတွင် သုတ်လိမ်း စမ်းသပ်ခဲ့ရာ HIV ကူးစက်မှုကို ကာကွယ် တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် ရာခိုင်နှုန်း မည်မျှအထိ ကာကွယ် တားဆီးနိုင်မည်ကို သိရှိနိုင်ရန် ဆက်လက် သုတေသန ပြုလုပ်ဆဲဖြစ်ကြောင်း သိရသည်။

“ဆင်းရဲတဲ့နိုင်ငံတွေမှာ တဖြည်းဖြည်း တိုးပွားလာတဲ့ HIV ကူးစက်နှုန်းကို လျော့ကျစေဖို့ ကုန်ကျစရိတ် သက်သာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် P2G12 ပဋိဇီဝဆေးက အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ” ဟု ဂျာမနီနိုင်ငံ ဇီဝမော်လီကျူးနှင့် ဂေဟစနစ်ဆိုင်ရာ ဆေးသုတေသနတက္ကသိုလ် Fraunhofer မှ သုတေသီတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ ယခုအခါ ဆေးရွက်ကြီးမှ ထုတ်လုပ်သော P2G12 ကို အခြားသော ကူးစက်ရောဂါများ ကုသရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ဆက်လက် သုတေသန ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟင်းလေးအိုး - ဗီဇပြုပြင်ထားသော ဆေးရွက်ကြီးမှ HIV ကာကွယ်ဆေး ထုတ်လုပ်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top