7
Jan

ဘယ်လိုပြောရမလဲ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး
ခံစားချက်များ)

ကျွန်တော့်နာမည်က
စိန်ထွန်းပါ။ …. မြို့၊ အနောက်ဖက် ၁၀ မိုင်ခန့်အကွာအဝေးက ရွာလေးတစ်ရွာ မှာ နေပါတယ်။

ကျွန်တော်တို့မိသားစုမှာ
ကိုယ်ပိုင်လယ်က နှစ်ဧကခွဲဘဲ ရှိတာဆိုတော့ သူရင်းငှား ပျိုးနှုတ် လယ်ထွန် နွားစာစဉ်း
စတဲ့လယ်ကူလီလဲ လုပ်ပါတယ်။ ကျွန်တော်တို့ရွာတွေက မိုးကောင်းတောတွေဆိုတော့ ရွာမှာ လုပ်ငန်း
ကိုင်ငန်းနည်းပါးသွားတဲ့နွေရာသီအချိန်ဆိုရင် အထက် မြစ်ရိုးတစ်လျှောက် အထက် ပိုင်းဒေသများကို
သွားပြီး သူရင်းငှားအလုပ် လုပ်ကြရပါတယ်။ ကျွန်တော်တို့ရွာက လူတော်တော် များများ နှစ်တိုင်းသွား
အလုပ်လုပ်ကြပါတယ်။

အဲဒီမှာက နေရာစုံက
လူတွေစုမိကြတယ်။ ပျော်ပါးစရာတွေလဲ ပေါတယ်။ ၂၀၀၆ ခုနှစ်လောက်မှာ အထက် မြစ်ရိုး အလုပ်အပြန်ကစပြီး
ကျွန်တော် ခဏ ခဏဖျားတယ်။ ၀မ်းပျက်လာတယ်။ အလုပ် ကြမ်းလဲ သိပ်မလုပ် နိုင်တော့ဘူး။ ဒီလိုနဲ့
ရွာမှာ ၅ လလောက် နေကောင်းလိုက်၊ မကောင်းလိုက်နဲ့ တရှောင်ရှောင်ဖြစ်နေလို့ ….. က နာမည်ကြီးဆေးခန်းမှာ
သွားပြပါတယ်။ အဲဒီမှာ ဆေးကုသမှုခံယူပြီး သွေးစစ်ရမယ်ဆိုလို့ သွေးစစ်လိုက်ပါ တယ်။

အဖြေက HIV
positive(+) တဲ့ဗျာ။ ဖြစ်ချင်တော့ အဲဒီဆေးခန်းက သူနာပြုဆရာမလေးက ကျွန်တော် တို့ရွာက
လေ။ သူ့မောင်ကို ကျွန်တော့်သတင်းပြောလိုက်တယ်။ သူ့မောင်က ဆိုင်ကယ်နဲ့၊ ကျွန်တော် က
ထော်လာဂျီနဲ့ ပြန်တာဆိုတော့  ကျွန်တော့်
HIV သတင်းက ကျွန်တော့်အရင် ရွာပြန်ရောက်နေပြီ။

ကျွန်တော့်ဇနီးတောင်မှ
ကျွန်တော်မပြောရသေးဘဲနဲ့ ကြိုသိနှင့်နေတာ။ 
ဇနီးသည်ကို တောင်းပန် ရှင်းပြ၊ စိတ်ပြေအောင်ပြောပြီး ရွာလည်က လက်ဖက်ရည်ဆိုင်
သွားထိုင်တယ်။ ဆိုင်ရှင်က ကျွန်တော် နဲ့ အရမ်းခင်တဲ့သူပါ။ လက်ဖက်ရည်သောက်ပြီး ကျွန်တော်ပြန်တော့
ကျွန်တော်သောက်တဲ့ လက်ဖက် ရည်ခွက်ကို ခွဲပြစ်တယ်လို့ သိရတယ်။

ကျွန်တော်နေကောင်းလို့
အလုပ်လုပ်ချင်တော့ ကျွန်တော့်လယ်ရှင်က သူနာပြုဆရာမလေးရဲ့အမျိုး တွေ။ ကျွန်တော်သွားမလုပ်ရဲတော့ဘူး။
ကျွန်တော့်မိန်းမအတွက်လဲ အလုပ်အကိုင်ခက်လာတယ်။ ရွာထဲက ကျွန် တော်နဲ့ မိသားစုကို အဖက်မလုပ်ကြတော့
ကျွန်တော်တို့ အရမ်းစိတ်အားငယ်ရတယ်။ ဆွေမျိုးတွေအိမ် လောက်ပဲ မတတ်သာမှ ၀င်ထွက်သွားလာကြတာ။
ကံကောင်းတာက ကျွန်တော်က ဥက္ကဌအိမ်မှာလဲ လုပ်တယ်။ သူတို့မိသားစုက လုံးဝမခွဲခြားဘူး။ ဘယ်မှအလုပ်မရှိရင်
သူ့အိမ်မှာဘဲ လုပ်တဲ့၊ ထမင်းလဲ သူတို့နဲ့ဘဲ အတူစားခိုင်းတယ်။ သူတို့က တစ်မိသားစုလုံး
ပညာတတ်တွေ။ ကျွန်တော်ကို အားပေးတယ်။

နောက် ကျောင်းဆရာမနှစ်ယောက်၊
သူတို့ကလဲ လုံးဝ မခွဲခြားဘူး။ သူတို့ယူနီဆက်မှာ သင်တန်း တက်ထားရ တယ်တဲ့။ စိတ်မပျက်နဲ့။
ကုလို့ရတယ်။ ပိုးထိန်းတဲ့ဆေးတွေ ပေါ်နေပြီဆိုပြီး ကျွန်တော် တို့ကို အားပေးတယ်။ တခြား
ခွဲခြားတဲ့သူတွေကိုလဲ သူတို့ဘဲ ဒိုင်ခံရှင်းပြတယ်။ ဘယ်လိုကူးတယ် မကူးဘူးဆိုတာတွေပေါ့။
သူတို့အားပေးကောင်းလို့သာ။ ကျွန်တော့်သဘောကတော့ အိမ်တွင်းပုန်း အသေခံတော့မလို့ဘဲ။

ဒီလိုနဲ့ ကျွန်တော်တို့ရွာနားက………ရွာက
ကျန်းမာရေးမှုးဆီ သွားပြတော့ သူ့ရဲ့လမ်းညွှန်ု သတင်းပေး ချက်အရ …….က ရွှေခြင်္သေ့မှာ
HIV/AIDS ဝေဒနာသည်တွေကို ဆေးကုပေးနေတယ်။ အကူအညီ ပေးနေတယ်ဆိုတာ သိရလို့ သွားခဲ့တယ်။
အဲဒီက အဖွဲ့တွေက ကျွန်တော့်ကို ဒီရောဂါအကြောင်း အသေးစိပ် ရှင်းပြတယ်။ ကူးစက်နည်း၊ မကူးစက်နိုင်တဲ့နည်း၊
ဒီရောဂါနဲ့ အပြုသဘော နေထိုင်မှုတွေ ဆေးခန်းလာပြတိုင်း ပြောတယ်။

ကျွန်တော့်ဇနီးကိုလည်း
Counseling လုပ်ပြီး ဆေးရုံကိုခေါ်သွားပြီး သွေးစစ်ပေးတယ်။ negative(-) တဲ့ဗျာ။ ပျော်တာတော့
မပြောနဲ့။ ကလေးတွေလဲ စစ်စရာမလိုတော့ဘူး။ ကျွန်တော့်ဇနီးဆိုရင် မယုံလို့ ၃ ခါ လောက်တောင်
ထပ်စစ်ဖြစ်တယ်။ ပညာပေးကာတွန်းစာအုပ်တွေ၊ HIV/AIDS အမေးအဖြေ တစ်ရာ၊ ဘ၀အတွက် အားဆေးတစ်ခွက်
စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ အများကြီး ကျွန်တော် တို့ရွာမှာ ဖြန့်ဝေဖြစ်တယ်။

ဒါပေမဲ့ သိတယ်မဟုတ်လား။
ရွာဆိုတာက သာမှုဘဲရှိရှိ၊ နာမှုဘဲရှိရှိ တရွာလုံးထွက်လုပ်ကြတာ ထုံးစံ ဘဲလေ။ ကိုယ်ရောက်သွားတဲ့အခါ
ရွံသလိုလို ကြောက်သလိုလိုဆိုတော့ ဘာပွဲရှိလို့မှ ၀င်မပါရဲတော့ ဘူး။ ရွာက ကိုယ်နဲ့မဆိုင်သလိုဖြစ်လာတော့
ရွာမှာလဲ နေချင်စိတ် မရှိတော့ဘူး။ ၂၀၀၇ ခုနှစ်မှာ ရောဂါရှိမှန်းမသိတဲ့ ရွာတစ်ရွာမှာ
သွားအလုပ်လုပ်တယ်။ ၂၀၀၈ ခုနှစ်မှာ ယောက္ခမရွာ သွားလုပ် တယ်။ နောက်ပိုင်း ကျန်းမာရေးသိပ်မကောင်းတာနဲ့
ရွာပြန်လာခဲ့တယ်။ တအိအိနဲ့ သိသိသာသာ ကျလာတယ်။

အဲဒီမှာ ကျွန်တော်တို့
ချိုးနေကျ အိမ်နားက ရေတွင်းပိုင်ရှင်က ကျွန်တော့်ကို ရေလာမချိုးတော့ဘို့ ဗြောင်ပြော
တယ်။ ကျွန်တော်လဲ လယ်တစ်ဧကပေါင်ပြီး မန္တလေးမှာ ဆေးကုရင်း  ညီရဲ့အလုပ်မှာ ၀င်လုပ်ဖြစ်တယ်၊ ရွာမပြန်ဖြစ်ဘူး။
မန္တလေးဆေးရုံကြီးမှာ ဘဝတူတွေနဲ့တွေ့ကြတယ်၊ သူတို့က ARV ရနေကြတယ်၊ ကျွန်တော်က မန္တလေးမှတ်ပုံတင်မရှိတော့
ဆေးမရနိုင်ဘူး။

ဒီလိုနဲ့ တစ်ရက်မှာ
အခွင့်အလမ်းပေါ်လာတယ်၊ အဖွဲ့ကချိတ်ဆက် ပေးထားလို့ ကျွန်တော်နဲ့ ရင်းနှီး နေတဲ့ ဝေဒနာရှင်အမျိုးသမီးတစ်ယောက်ရဲ့ယောက်ျားဆုံးသွားတယ်၊
သူက မန္တလေးက၊ သူ့ ယောက်ျားနေရာမှာ အစားဝင်လိုက်ပါတဲ့၊ သူ့ယောက်ျားက ဒီဆေးရုံမှာ ဘာဆေးမှ
မထုတ်ရ သေးဘူးတဲ့။ ကျွန်တော်လဲ အစားဝင်လိုက်တယ်၊ TB တွေ့တော့ ဆေးစားပြီးနောက် မကြာဘူး၊
ARV ရတယ်။

အဲဒီအချိန်ရွာမှာ
ကျွန်တော့်ကို ရေချိုးမခံတဲ့သူက ကျွန်တော့်ဇနီးနဲ့ ကလေးတွေကိုပါ ရေချိုး မခံတော့ ဘူး။
ကံကောင်းထောက်မစွာ အဲဒီတုန်းက ကျန်လယ်တစ်ဧကခွဲက ကုလားပဲလေး ရလိုက်တယ်။ အဲဒါလေးနဲ့
အိမ်ထဲ ရေတွင်းတူးဖြစ်လိုက်တယ်။

ဆေးစားရတော့ မကြာခင်
ကျန်းမာရေးပြန်ကောင်းလာတယ်၊ ကျွန်တော့်ညီကလဲ ကျွန်တော့်ရောဂါနဲ့ ပတ်သက်ပြီး ရှက်နေတာဆိုတော့
ရွာပြန်လာခဲ့တယ်။

ဥက္ကဌမိသားစုနဲ့
ကျောင်းဆရာမနှစ်ယောက်တို့ အပြောအဟောကောင်းလို့ဘဲလား၊ ပညာပေးစာအုပ် တွေဖတ်ပြီး ဗဟုသုတတွေ
ရှိလာကြလို့လား၊ ကျွန်တော်ကဘဲ ပြောင်ပြောင်ရောင်ရောင်နဲ့ ပြည့်ပြည့် ဖြိုးဖြိုးဖြစ်လာလို့လား
မပြောတတ်ဘူး။ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လို့ ရလာပြီ။ ရွာရေး ရပ်တာ ကျောင်းပွဲ
ဘုရားပွဲ တွေလဲ ပြန်ဝင်ဆံ့လာပြီ။ ရေလာမချိုးဘို့တားတဲ့သူရဲ့ ချွေးမကတောင် ကျွန်တော့်ရေတွင်းဘဲ
ရေလာချိုးတယ်။

တခုဘဲရှိတယ်။

တ၀င်းထဲနေပြီး
HIV ရှိတယ်လို့ သိကတဲက မခေါ်မပြောဘဲနေတော့တဲ့ ကျွန်တော့်အစ်ကိုအရင်းကို မြင်နေရ တာ တစ်ခုကတော့
အင်း ဘယ်လိုပြောရမယ်ကို မသိတော့ပါဘူးဗျာ        

စိန်ထွန်း (၁
၊ ၈ ၊ ၂၀၁၀)

ဇန်န၀ါရီ ၆၊ ၂၀၁၁

မိုးမခ- ဘယ်လိုပြောရမလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top