ကျွန်မနာမည်
“ဘင်” ပါ။ ကျွန်မဟာ တစ်ဦးတည်းသော သမီးပါ။ အဖေနဲ့အမေဟာ ကျွန်မကို
သိပ်ဂရုစိုက်ကြပါတယ်။ သိပ်ချစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်မ အသက် ၁၄ နှစ်မှာ အဖေရော
အမေရော ကျွန်မကို စွန့်ခွာသွားကြပါတယ်။ ဟုတ်ပါတယ်။ အဖေရော အမေပါ AIDS ရောဂါနဲ့
ကွယ်လွန်ခဲ့ကြတာ ရှေ့ဆင့်နောက်ဆင့်ပါ။
ကျွန်မဟာ
အခြေခံပညာကို ပြီးစီးအောင် သင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မ အဘွားနဲ့ ဆက်နေရင်း
လုပ်ငန်းခွင်ထဲ ၀င်ခဲ့ပါတယ်။ သစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ တစ်နေ့ ဘတ် ၈၀ နဲ့
နေ့စားပါ။ သစ်လုပ်ငန်းမှာ လေးလ လောက် လုပ်ပြီး လူတစ်ယောက်နဲ့ ကျွန်မ ဆုံစည်းခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မ သူ့ကို မကြိုက်ပါဘူး။ တွေ့တွေ့ချင်းမှာပဲ သည်လူဟာ
ယုံကြည်အားကိုးရမယ့်သူ မဟုတ်မှန်း ကျွန်မသိတာပေါ့။ ဒါပေမဲ့ သူဟာ ကျွန်မကို
အမြဲတမ်းပဲ နီးစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်မကတော့ ကိုယ့် ကိုယ်ကို
စောင့်ထိန်းနိုင်ခဲ့ပါတယ်။
တစ်နေ့မှာတော့
ကျွန်မဘ၀ ကံဆိုးမိုးမှောင်ကျဖို့ ဖန်လာပါတယ်။ ကျွန်မ ဈေးသွားရင်း လူ သူပြတ်တဲ့
နေရာရောက်တော့ ကျွန်မရင်ညွှန့်ကို အထိုးအကြိတ် ခံလိုက်ရပါတယ်။ ကျွန်မ အဓမ္မ
သားမယားပြုကျင့် ခံလိုက်ရပါတော့တယ်။ ဟုတ်ပါတယ်။ ကျွန်မ လုံးသ အထင်မကြီးခဲ့တဲ့
အဲဒီလူပါပဲ။
မကြာပါဘူး။
ကျွန်မ ခဏခဏ ဖျားပါတော့တယ်။ ဆရာဝန်ကို အကျိုးအကြောင်းပြောပြတော့ ဆရာဝန်က ကျွန်မကို
သေသေချာချာ စမ်းသပ်စစ်ဆေးပါတယ်။ သွေးတွေ ဘာတွေ စစ်တာပေါ့။ အဲဒီမှာ ကျွန်မရဲ့
အဖြေလွှာက AIDS ရောဂါစွဲကပ်ခံနေရပါပြီတဲ့ရှင်။ ကျွန်မ အကြီးအကျယ်
တုန်လှုပ်ချောက်ချားရပါတော့တယ်။ ၀မ်းနည်းပက်လက်လည်း ဖြစ်ရပါတယ်။ ကျွန်မမှာ
ဘာအပြစ်ရှိလို့လဲရှင်။ ဒါပေမဲ့ ကျွန်မဟာ အဲဒီလူကို ရဲစခန်းမှာ တိုင်တောတာတွေ၊
တရားစွဲတာတွေ မလုပ်ခဲ့ပါဘူး။ ကျွန်မသူ့ကို ကြောက်တယ်လေ။ ကျွန်မဟာ လုပ်ငန်းခွင်ထဲ
ပြန်ဝင်ပြီး စိတ်ကို ဖြေနေရပါတော့တယ်။
ငါးလလောက်ကြာတော့
ကျွန်မရဲ့ ဖူးစာရှင်ကို တွေ့ပါတယ်။ သူ့နာမည်က “ဂျစ်”တဲ့။ သူ့ကို ကျွန်မ
ချစ်ခဲ့မိပါပြီ။ သိပ်ကို ချစ်ခဲ့မိပါပြီ။ ဒါပေမဲ့ ကျွန်မဟာ ကျွန်မ ဘ၀ဆိုးကြီးကို
ဖွင့်မပြောခဲ့ပါဘူး။ ကျွန်မမှာ AIDS ရောဂါဆိုးကြီး စွဲကပ်နေတာ သူသိသွားရင်
သူဟာလည်း ကျွန်မကို ရှောင်ခွာသွားတော့မှာ မဟုတ်လား။ ဒါကြောင့် ကျွန်မ
သူ့ချစ်ခွင့်ပန်မှုကို လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ဖို့ကိုတော့
ငြင်းဆန်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်မဟာ AIDS ဝေဒနာရှင်ဆိုတာကို
ရိုးရိုးသားသားပဲ ဖွင့်ပြောဖို့ ဆုံးဖြတ်ရပါတော့တယ်။ ဒါပေမဲ့ ထင်ထားတဲ့အတိုင်းပါပဲ။
သူဟာ ကျွန်မစကား ကြားကြားချင်း တုန်လှုပ်ချောက်ချားသွားပြီး နောက်ပိုင်းမှာတော့
သူ့ကို ကျွန်မ လုံးဝ မတွေ့ရတော့ပါဘူး။ ကျွန်မဘယ်လောက် ၀မ်းနည်းရမလဲ။ လောကကြီးမှာ
ကျွန်မ ရိုးသားသလို ရိုးသားမယ့် လူ မရှိတော့ပါဘူး။
ဒါပေမဲ့
တစ်နေ့မှာ “ဂျစ်” ကျွန်မဆီ ပြန်လာပါတယ်။ သူဟာ ကျွန်မကို ခုထိချစ်နေတုန်းပဲလို့
ပြောပါတယ်။ သူက ...
“ငါလည်း
AIDS ရောဂါစွဲကပ်နေပါပြီကွယ်။ မင်းနဲ့ကွဲကွာနေတုန်း တခြားမိန်းမတွေဆီက
ဒီရောဂါရခဲ့တာပါ” တဲ့။
အဲဒီအချိန်မှာ
သူဟာ ဘယ်ဆီသွားရမယ်။ ဘယ်သူနဲ့နေရမယ်ဆိုတာ မသိတော့ပါဘူးတဲ့။ သူက
ကျွန်မနဲ့အတူနေချင်ပါပြီတဲ့လေ။ သူ့ကို ခွင့်လွှတ်ဖို့ ပြောတယ်။ ကျွန်မလေ .. သူ့ကို
လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ ဒါဟာ မှန်သလား။ မှားသလား ကျွန်မ မသိပါဘူး။
ဘာပဲဖြစ်ဖြစ်လေ
ခုတော့ ကျွန်မတို့ ရဲ့ ဘ၀ ကို ပျော်ပျော်ကြီး တည်ဆောက်နေခဲ့ကြပါပြီ။ ကျွန်မတို့
နှစ်ယောက်ဟာ ကိုယ့်လို ဘ၀တူတွေရှိတဲ့ AIDS ကလပ်ကိုလည်း မှန်မှန် သွားပြီး
ကူညီနေတတ်ပါပြီ။




