၆။ အမျိုးသမီးသုံးနှင့် အမျိုးသားသုံး ကွန်ဒုံးများကို လိင်ဆက်ဆံသည့် အခါတိုင်း မပျက်မကွက်
မှန်ကန်စွာ သုံးစွဲရေး အပါအဝင် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ မကူးစက်စေရန် နဲ့ မပြန့်ပွားစေရန်
ဘယ်လို ရှောင်ရှား ကာကွယ်နိုင်တယ် ဆိုတာကို မိဘများနဲ့ ဆရာ/ဆရာမများ အနေဖြင့် လူငယ်များကို
ပြောဆို ဆွေးနွေးပြခြင်းဖြင့် အကူအညီ ပေးနိုင်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါနဲ့ အန္တရာယ်ကို ငယ်ရွယ်သူများ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ မိဘများ၊ ဆရာ/ဆရာမများ၊
ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ထိန်းသူများနဲ့ ဘာသာရေး ခေါင်းဆောင် များဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်၊
လိင်ဆက်ဆံခြင်းမှ ကူးစက်သော အခြားကာလသား ရောဂါများနဲ့ ကြိုင်တင် စီစဉ်မှု မရှိဘဲ ရယူတဲ့
ကိုယ်ဝန်များရဲ့ အန္တရာယ် ကြီးမားပုံကို လူငယ်များကို သတိပေး ပြောကြား သင့်ပါတယ်။
လိင်ပိုင်းဆိုင်ရာ
ကိစ္စများကို လူငယ်များနဲ့ ဆွေးနွေးရာမှာ ကသိကအောက် ဖြစ်တတ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်နဲ့
ပတ်သက်ပြီး ကျောင်းသူ၊ ကျောင်းသား လေးများ ဆွေးနွေးရာမှာ “ဒီရောဂါ အကြောင်း ဘယ်လောက်
သိထားပြီလဲ၊ ဘာတွေ သိထားပြီလဲ” ဆိုတဲ့ မေးခွန်းနဲ့ စတင်မေးမြန်း ဆွေးနွေးတာ အကောင်းဆုံး
ပါဘဲ။ တကယ်လို့ သူတို့ ပြောပြတဲ့ အထဲက အမှား တစ်ခုခု တွေ့ပြီဆိုရင် မှန်ကန်တဲ့ သတင်း
အချက်အလက်တွေ ပြောပြ ပြုပြင်ဖို့ အခွင့်အလမ်း ပေါ်လာ စေပါတယ်။ လူငယ်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ
ကိုယ့်အနေနဲ့ ပြောရုံ သက်သက် မဟုတ်ဘဲ နားထောင် ဖို့လည်း သိပ်အရေး ကြီးပါတယ်။ မိဘများအနေနဲ့
ဒီကိစ္စကို သားသမီးများနဲ့ ဆွေးနွေးရာမှာ အခက်အခဲ ရှိနေတယ်ဆိုရင် ဒီကိစ္စကို ကလေးတွေနဲ့
ဘယ်လို ပြောဆို ဆွေးနွေးသင့်တယ်၊ ဘာတွေ ပြောဆို သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီကိစ္စတွေမှာ
ကျွမ်းကျွမ်းကျင်ကျင် တတ်သိ နားလည်တဲ့ ဆရာ/ဆရာမ (သို့မဟုတ်) ဆွေမျိုးသားချင်း တဦးဦး
(သို့မဟုတ်) သင့်တော်ရာ တစုံတယောက် ထံမှ အကြံဥာဏ် တောင်းခံ ရယူဖို့ လိုအပ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးရော ပျောက်ကင်း ကုသနိုင်တဲ့ ဆေးဝါးပါ မရှိသေးဘူး ဆိုတာကို
လူငယ်များ သိအောင် ပြောပြဖို့ အရေးကြီးပါတယ်။ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါကို တားဆီးနိုင်ဖို့
တခုတည်းသော နည်းလမ်းဟာ ကာကွယ်ခြင်းဘဲ ဖြစ်တယ် ဆိုတာကို လူငယ်တွေ နာလည်း သဘောပေါက်ဖို့
လိုအပ်ပါတယ်။ လူငယ်များ အနေဖြင့် လိင်ဆက်ဆံခြင်းကို ငြင်းပယ်နိုင်တဲ့ စွမ်းရည်နဲ့ အရည်အချင်းတွေ
ရလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရတဲ့ လူကြီးများနဲ့ ဖြစ်စေ၊ ကလေးများနဲ့ ဖြစ်စေ ပြုရိုးပြုစဉ် လူမှုရေး ဆိုင်ရာ
ထိတွေ့ဆက်ဆံ မှုများကြောင့် ဒီရောဂါ ကူးစက်နိုင်ခြေ မရှိဘူးဆိုတာကို ကလေးငယ်များ သိရှိဖို့
လိုအပ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါ ကူးစက် ခံစားနေရသူများ အတွက် စောင့်ရှောက်မှုနဲ့ အကူအညီ ပေးမှုများ လိုအပ်ပါတယ်။
လူငယ်များ အနေဖြင့် သနားကြင်နာမှုကို ဖော်ပြခြင်းဖြင့် ရောဂါ ကူးစက်နိုင် သူများကို
အကူအညီ ပေးနိုင်ကြပါတယ်။
၇။
အိပ်ခ်ျအိုင်ဗွီပိုးဟာ ကိုယ်ဝန် ဆောင်ချိန်၊ မီးဖွားစဉ်နဲ့ နို့တိုက်ကျွေးစဉ် များမှာ
မိခင်ထံမှ သူမရဲ့ ရင်သွေးထံ ကူးစက် သွားနိုင်ပါတယ်။ အိခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသော
(သို့မဟုတ်) ကူးစက် ခံထားရပြီလို့ ကိုယ့်ကိုယ်ကို သံသယရှိနေသော ကိုယ်ဝန်ဆောင် များနဲ့
မီးဖွားပြီးခါစ အမျိုးသမီးများ အနေဖြင့် သွေးစစ်ဆေး စမ်းသပ်မှုနဲ့ နှစ်သိမ့်ဆွေးနွေးမှုများ
ရရှိနိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ ကျန်းမာရေး ဝန်ထမ်းတဦးဦးနဲ့ တိုင်ပင်ဆွေးနွေး
သင့်ပါတယ်။
မိခင်ထံမှ
သူမရဲ့ သွေးထံသို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပြန့်နှံမှု လျော့ပါး သွားအောင် ပြုလုပ်တဲ့
အကောင်းဆုံး နည်းလမ်းကတော့ အမျိုးသမီး များထံ အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင် ကာကွယ်
ခြင်းဘဲ ဖြစ်ပါတယ်။
အမျိုးသမီး
များအား လုပ်ကိုင်စွမ်းရည် မြှင့်တင်ပေးခြင်း၊ အန္တရာယ် ပိုးကင်းသော လိင်ဆက်ဆံမှု အလေ့အထများ
ဆောင်ရွက် လာအောင် အားပေး လေ့ကျင့်ခြင်း၊ ကွန်ဒုံး အသုံးပြုစေခြင်းနဲ့ ကာလသား ရောဂါ
ရှိ၊ မရှိ စမ်းသပ်ခြင်းနှင့် စောစီစွာ ကုသမှု ခံယူစေခြင်း တို့ကြောင့် အမျိုးသမီး များကို
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းမှ လျော့ပါး သွားစေနိုင်ပါတယ်။ အမျိုးသမီး တဦးမှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိတယ်ဆိုတာ သိလာရရင် သူမကို စိတ်ဓာတ်ရေးရာ မြှင့်တင် အားပေးဖို့
လိုအပ်တဲ့ အပြင် ဒီရောဂါနဲ့ ပါတ်သက်ပြီး သူ့ဖာသာ ဘယ်လိုဆုံးဖြတ် ဆောင်ရွက် ရမယ်ဆိုတာနဲ့
ဘဝရှေ့ရေး အစီအစဉ်များ ရေးဆွဲ ချမှတ်နိုင်ဖို့ အတွက် အကူအညီ ဖြစ်စေမယ့် နှစ်သိမ့် ဆွေးနွေးမှု
ခံယူ ရရှိနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် အမျိုးသမီးများကို
လူထု အထောက် အကူပြု အဖွဲ့အစည်းများနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ က ကူညီ နိုင်ကြ
ပါတယ်။
ကိုယ်ဝန်ဆောင်
အမျိုးသမီးများ သိရန် လိုအပ်သည့် အချက်အလက်များ
·
ကိုယ်ဝန် ဆောင်ထားစဉ်မှာ သက်ဆိုင်ရာ ဆေးဝါးများဖြင့်
ကုသမှု ခံယူပါက မိမိ၏ ရင်သွေးထံ ရောဂါ ပိုး ကူးစက်နိုင်ခြေ အလွန် လျော့နည်းသွား နိုင်ပါတယ်။
·
ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားစဉ်မှာ မိခင်များကို
ကျန်းမာရေး စောင့်ရှောက်မှု အထူး ဆောင်ရွက်စေခြင်း အားဖြင့် မိခင်မှ ရင်သွေးငယ်ထံသို့
ရောဂါ ကူးစက်ခြင်းကို လျော့နည်း သွားစေ နိုင်ပါတယ်။
မီးဖွားပြီးခါစ
မိခင်များအနေနဲ့ မိခင်နို့ တိုက်ကျွေးခြင်း၏ အကျိုး ကျေးဇူးများနဲ့ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်နိုင်မှု အန္တရာယ်များကို နှိုင်းယှဉ်ပြီး သင့်တော်မည့် နည်းလမ်းကို ရွေးချယ်နိုင်ဖို့
အဆိုပါ အချက်များကို ကောင်းစွာ သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းများ
အနေဖြင့် ရင်သွေးငယ် အတွက် ကျန်းကျန်းမာမာ ကြီးထွားမှုကို အမြင့်မားဆုံး ရရှိနိုင်ခြေရှိတဲ့
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုမှ ကင်းဝေးနိုင်တဲ့ ကျွေးမွေးခြင်း နည်းလမ်းများကို မိခင်အနေနဲ့
ရွေးချယ် ဆုံးဖြတ် နိုင်ဖို့ အကူအညီ ပေးနိုင်ကြပါ လိမ့်မည်။
အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရပြီး ဆေးဝါးကုသမှု ခံယူခြင်း မရှိတဲ့ မိခင်များက မွေးဖွားလိုက်တဲ့ ကလေးငယ်
များမှာ သုံးပုံတပုံခန့်ဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေ ရှိပါတယ်။ အိပ်ခ်ျအိုင်ဗွီပိုး
မိခင်ထံမှ ကူးစက်လာခဲ့ရတဲ့ ကလေးငယ်များရဲ့ သုံးပုံနှစ်ပုံဟာ အသက်ငါးနှစ် မပြည့်မီမှာ
သေဆုံး ကြရပါတယ်။
၈။
များသော အားဖြင့် မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ အသုံးပြုလေ့ ရှိတဲ့ သေချာစွာ ပိုးသတ်ထားခြင်း
မရှိသော ဆေးထိုးပိုက်/အပ်များမှတဆင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ပါတယ်။ အသုံးပြုပြီးသာ
ဆံပင်နဲ့ မုတ်ဆိတ်မွှေးရိတ် ဘလိတ်ဓားများ၊ အရေပြားကို ပြတ်ရှ၊ ထိုးဖောက်ထားသော ဓားနှင့်
ပစ္စည်းကိရိယာ များကြောင့်လည်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ပြန့်ပွားနိုင်ပါတယ်။
ပိုးသတ်
သန့်စင်ခြင်း ပြုမထားသော ဆေးထိုးပိုက်၊ ဆေးထိုးအပ် များမှ တဆင့် တဦးထံမှ တဦးထံသို့
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် နိုင်ပါတယ်။ ပိုးသတ် သန့်စင်ခြင်း မပြုရသေးသော မည်သည့်
ပစ္စည်းကိုမဆို အရေပြား ဖောက်ထွင်းခြင်းမှ အသုံးမပြု သင့်ပါဘူး။
မူးယစ်
ဆေးဝါးကို ထိုးသွင်း သုံးစွဲသူများနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံ သူများဟာ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက် ပြန့်ပွားနိုင်ခြေ အလွန်များပြား ပါတယ်။ မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲတတ်သူများ
အနေဖြင့် ပိုးသတ် သန့်စင်ထားသော ဆေးထိုးပိုက်၊ ဆေးထိုးအပ် များကိုသာ အမြဲသုံးစွဲ သင့်ပြီး
အခြားသူများ သုံးစွဲထားသော ဆေးထိုးပိုက်/အပ်များ ပြန်ပြီး အသုံးပြုခြင်းမျိုး မပြုလုပ်သင့်ပါဘူး။
ဖျားနာ၍ ဆေးထိုးတဲ့ အခါမှာ ကျွမ်းကျင်တဲ့ ကျန်းမာရေး ဝန်ထမ်းများကိုသာ အထိုးခိုင်း
သင့်ပါတယ်။ ကလေးကို ဖြစ်စေ၊ လူကြီးကို ဖြစ်စေ ကာကွယ်ဆေးများ ထိုးတဲ့အခါမှာလည်း ဆေးထိုးပိုက်/အပ်
အသစ်များကိုသာ အသုံးပြုခြင်း၊ ဒါမှမဟုတ် သေချာစွာ ပိုးသတ် သန့်စင်ထားသော ပိုက်/အပ်များ
ကိုသာ အသုံးပြုခြင်းတို့ ပြုလုပ်သင့်ပါတယ်။
ကိုယ့်မိသားစုများ
အပါအဝင် အခြားသူ တဦးတယောက်နဲ့ ဆေးထိုးပိုက်/အပ်များ အတူတကွ မျှဝေ သုံးစွဲခြင်းကြောင့်
အိပ်ခ်ျအိုင်ဗွီပိုး နှင့်တခြား အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်တဲ့ ရောဂါများ ကူးစက်စေ
နိုင်ပါတယ်။ ဆေးထိုးပိုက်/အပ် များကို မည်သူနဲ့မျှ ရောနှော သုံးစွဲခြင်း မပြုသင့်ပါဘူး။
မိဘများ အနေနှင့် မိမိ၏ မိသားစု ဝင်များကို ဆေးထိုးဖို့ လိုအပ်တဲ့ အခါမှာ ကျန်းမာရေး
ဝန်ထမ်းအား ဆေးထိုးပိုက်/အပ် အသစ်များ (သို့မဟုတ်) သေချာစွာ ပိုးသတ် သန့်စင် ထားသော
ပိုက်/အပ် များကိုသာ အသုံးပြုဖို့ တိုက်တွန်း ပြောဆိုသင့် ပါတယ်။
မုတ်ဆိတ်ရိတ်ခြင်း၊
ခေါင်းရိတ်ခြင်း အပါအဝင် ပိုးသတ် သန့်စင်ခြင်း မရှိတဲ့ ပစ္စည်းများ သုံးခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ပြတ်ရှခြင်း များကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ပါတယ်။ မိမိရဲ့
မိသားစုများ အပါအဝင် အခြားမည်သူ တဦးတယောက် အသုံးပြုပြီးသော ပြတ်ရှ စေနိုင်သည့် ကိရိယာများကို
အသုံး မပြုမီမှာ အရောင်ချွတ် ဆေးမှုန့် ဖျော်ရည်တွင် စိမ်ထားခြင်း (သို့မဟုတ်) ပွက်ပွက်ဆူသော
ရေနွေးမှာ ပြုတ်ပစ်ခြင်း တို့ဖြင့် ပိုးသတ်ပြီးမှ အသုံးပြုသင့် ပါတယ်။
မွေးကင်းစ
ကလေးငယ်၏ ချက်ကြိုးကို ဖြတ်တဲ့အခါမှာ သေချာစွာ ပိုးသတ် သန့်စင်ထားသော ဓား၊ ကပ်ကြေး
များကိုသာ အသုံးပြုသင့် ပါတယ်။ မွေးဖွားချိန်မှာ ထွက်လာသော သွေးနဲ့ အရည်များ၊ အချင်းမှာရှိတဲ့
သွေးများကို ကိုင်တွယ်မယ်ဆိုရင် အထူး သတိထား သင့်ပါတယ်။ ရနိုင်မယ်ဆိုရင် ရာဘာဖြင့်
ပြုလုပ်ထားသော သန့်စင်တဲ့ အကာအကွယ်ပြု လက်အိပ်များ ကိုင်တွယ်ခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
တဦးသုံးစွဲပြီးတိုင်
သေချာစွာ ပိုးသတ်သန့်စင်ခြင်း မပြုထားတဲ့ သွားနှုတ် သွားစိုက် ကိရိယာများ၊ ဆေးမင်ကြောင်
ထိုးအပ်များ၊ နားဖောက်အပ်များနဲ့ အပ်စိုက် ကုသခြင်း သုံးအပ်များ၊ အသုံးပြုခြင်း ဟာလည်း
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အထက်ပါကိစ္စများ ဆောင်ရွက်ပေး
သူများ အနေနဲ့ အလုပ်လုပ်နေတဲ့ အချိန်မှာ မိမိလက်ကို သွေးများနဲ့ မထိနိုင်အောင် ဂရုတစိုက်
ကိုင်တွယ် ဆောင်ရွက် သင့်ပါတယ်။
၉။
လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်ရောဂါများ (ကာလသားရောဂါများ) ရှိနေသူများဟာ မိမိထံကို
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် လာစေဖို့နဲ့ မိမိထံက သူတပါးထံ ကူးစက် ပြန့်ပွား သွားနိုင်ဖို့
အခွင့်အလမ်း အလွန် များပါတယ်။ ကာလသား ရောဂါ ဖြစ်ပွား နေသူများ အနေဖြင့် ကုသမှု အလျင်အမြန်
ခံယူသင့်ပြီး လိင်ဆက်ဆံမှု ရှောင်ကျဉ်ခြင်း (ထိုးသွင်းမှု မပြုတဲ့ လိင်ဆက်ဆံခြင်းနဲ့
ကွန်ဒုံး အသုံးပြု၍ လိင်ဆက်ဆံခြင်း စသော) အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း အလေ့အထ များကို
ပြုလုပ် သင့်ပါတယ်။
ကာလသား
ရောဂါများကြောင့် ပြင်းထန်တဲ့ ဝေဒနာနဲ့ ခန္ဓာကိုယ် ပျက်စီးယိုးယွင်း ခြင်းများ ဖြစ်လေ့
ဖြစ်ထ ရှိပါတယ်။
ဆီးပူညောင်းကျ
ဂနိုရောဂါနဲ့ ဆစ်ဖလစ် ကာလသား ရောဂါများ အပါအဝင် မည်သည့် ကာလသား ရောဂါ ရှိသည်ဖြစ်စေ၊
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိသူနဲ့
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်တဲ့အခါ ကာလသား ရောဂါ တခုခု ခံစား နေရသူဟာ ကာလသား
ရောဂါလုံးဝ မရှိသူထက် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေ ငါးဆမှ ဆယ်ဆခန့် ပိုများပါတယ်။
·
မိန်းမကိုယ်၌ ဖြစ်စေ၊ စအို၌ဖြစ်စေ၊ ပါးစပ်မှာ
ဖြစ်စေ လိင်ဆက်ဆံခြင်း ပြုတဲ့ အခါတိုင်း ရာဘာကွန်ဒုံး အစွပ်ကို အမြဲတမ်း မှန်ကန်စွာ
အသုံးပြုမယ် ဆိုရင် အိပ်ခ်ျအိုင်ဗွီ အပါအဝင် လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်တဲ့ ရောဂါအားလုံး
ကူးစက်နိုင်ခြေ လျော့နည်း စေနိုင်ပါတယ်။
·
ကိုယ့်ကိုယ်ကို ကာလသား ရောဂါတခုခု ခံစားနေရတယ်လို့
သံသယ ရှိသူတွေဟာ ကျန်းမာရေး ဝန်ထမ်း တဦးဦးနဲ့ စစ်ဆေးမှု ခံယူပြီး အမြန်ဆုံး ကုသမှု
ခံယူသင့်ပါတယ်။ အဲဒီလို ရောဂါခံစား နေရသူ တွေဟာ လိင်ဆက်ဆံခြင်းကို ရှောင်ကျဉ် သင့်ပါတယ်။
ဒါမှမဟုတ် လိင်အင်္ဂါ ထိုးသွင်းခြင်း မပြုတဲ့ ဆက်ဆံခြင်းမျိုး ပြုလုပ်ခြင်းနဲ့ လိင်ဆက်ဆံမှု
ပြုတိုင်းမှာ ကွန်ဒုံး အသုံးပြုခြင်း စတဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း များကိုသာ
ပြုလုပ် သင့်ပါတယ်။ ကိုယ့်မှာ ကာလသား ရောဂါ တခုခု ခံစားနေရ ပြီဆိုရင် မိမိရဲ့ လိင်ဆက်ဆံဖော်ကို
ဖွင့်ပြောပြပါ။ တကယ်လို့ နှစ်ယောက်စလုံး ကုသမှု မခံယူဘူး ဆိုရင် တဦးမှ တဦးထံ အချိန်ကာလ
ကြာမြင့်စွာ အပြန်ပြန် အလှန်လှန် ကူးစက် နေနိုင်ပါတယ်။ ကာလသား ရောဂါ အများစုကို အမြစ်ပြတ်
ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
ကာလသားရောဂါ
တခုခု ခံစားနေရတဲ့ အမျိုးသားတဦးမှာ ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ကသိကအောက် ခံစားရခြင်း၊
လိင်တံမှ အရည်သို့မဟုတ် ပြည်များ စီးကျနေခြင်း၊ လိင်အင်္ဂါ ပေါ်နှင့် ပါးစပ်ထဲတွင် အနာ၊
အရည်ကြည်ဖု၊ ရောင်ရမ်းခြင်းနဲ့ အနီကွက်များ တခုခု ရှိနေခြင်းစတဲ့ လက္ခဏာများ တွေ့ရ နိုင်ပါတယ်။
အမျိုးသမီး တဦးဟာ ကာလသား ရောဂါ တခုခု ခံစားနေရပြီ ဆိုရင် အနံ့ဆိုးပြီး ပုံမှန် အရောင်မဟုတ်တဲ့
အရည်များ မိန်းမကိုယ်မှ စီးကျနေခြင်း၊ လိင်အင်္ဂါ ပတ်ဝန်ကျင်တွင် နာကျင်ခြင်းနှင့် ယားယံခြင်း၊
လိင်ဆက်ဆံ နေစဉ်နဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်းတွင် နာကျင်ခြင်း သို့မဟုတ် သွေးအနည်းငယ်
စီးဆင်းခြင်း စတဲ့ လက္ခဏာတခုခု တွေ့ရတတ်ပါတယ်။ ရောဂါပိုပြီး ပြင်းထန်လာရင်တော့ အမျိုးသမီးများမှာ
ဖျားခြင်း၊ ဝမ်းဗိုက်တွင် နာကျင်ကိုက်ခဲခြင်းနဲ့ ကလေး မရတော့ခြင်းများ ဖြစ်သွား တတ်ပါတယ်။
အမျိုးသမီးများမှာ ဖြစ်ပွားတဲ့ ကာလသား ရောဂါ တော်တော် များများဟာ မည်သည့် လက္ခဏာ တစုံတရာမျှ
မပြဘဲ ရှိနေနိုင်ပါတယ်။ တချို့ ကာလသား ရောဂါများဟာ အမျိုးသားများမှာ ဖြစ်နေရင် ရောဂါလက္ခဏာ
မပြဘဲ ရှိနေတတ် ကြပါသေးတယ်။
လိင်အင်္ဂါများမှာ
ဖြစ်တတ်တဲ့ ရောဂါတိုင်းကို ကာလသား ရောဂါလို့ မပြောနိုင်ပါဘူး။ မှိုတက်ခြင်းနဲ့ ဆီးလမ်းကြောင်း
ရောဂါတချို့ဟာ လိင်ဆက်ဆံခြင်းမှ တဆင့် မကူးစက် နိုင်ပေမယ့် ဝေဒနာ ခံစားနေရသူ အဖို့
လိင်အင်္ဂါအတွင်း၊ အပြင် မခံရပ်နိုင်အောင် ခံစားတတ် ရတာမျိုးတော့ ရှိတတ် ပါတယ်။
ကာလသား
ရောဂါများကို ရောဂါအမည် အတိအကျ ဖော်ထုတ် ပေးနိုင်ဖို့ လုပ်ရိုးလုပ်စဉ် နည်းလမ်းများ
ကတော့ ဓာတ်ခွဲ စမ်းသပ်ခြင်း ဘဲဖြစ်တယ်။ တကယ်တမ်း ကျတော့ ဒီဓာတ်ခွဲ စမ်းသပ်မှု များဟာ
တချို့ ဒေသများမှာ မရရှိနိုင်တာမျိုး၊ ဈေးကြီးတာမျိုး တွေနဲ့ ကြုံနေရ ကြပါတယ်။ ၁၉၉၀
ခုနှစ်ကတည်းက စပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ် ပြုထားတဲ့ ကာလသား ရောဂါ ဆိုင်ရာ
ရောဂါလက္ခဏာစု အလိုက် ကုသမှု ဇယားဆိုတာကို အသုံးပြုခဲ့ ကြပါတယ်။ ရောဂါ လက္ခဏာ စုအလိုက်
ကုသခြင်းမှာ အောက်ပါ အခြေအနေများ ပါဝင်ပါတယ်။
·
ရောဂါ လက္ခဏာစု အလိုက် ရောဂါလက္ခဏာများကို ကြည့်ပြီး
မည်သည့် ရောဂါ ပိုး ဖြစ်ကြောင်း သတ်မှတ် ခွဲခြားခြင်း၊
·
ရောဂါ လက္ခဏာ အမျိုးအစားကို အခြေခံပြီး သက်ဆိုင်ရာ
ကုသမှုကို ဆောင်ရွက်နိုင်ရန် အဆင့်အလိုက် ဇယားကွက်ကို အသုံးပြုခြင်း။
·
ရောဂါ လက္ခဏာ စုများကို ဖြစ်ပေါ်စေတဲ့ ကာလသား
ရောဂါအားလုံးကို ကုသမှု ပေးနိုင်ခြင်း၊
·
မိမိ၏ လိင်ဆက်ဆံဖော်အား အသိပေး၍ ကုသခံယူမှု
ရယူစေခြင်း၊
·
အဖိုးအခ ကြီးသော ဓာတ်ခွဲ စမ်းသပ်မှုများ မလိုအပ်ခြင်း၊
အဆင့်အလိုက်
ဇယားကွက်ကို အသုံးချပြီး ရောဂါ လက္ခဏာစုများ အလိုက် ချဉ်းကပ် ဆောင်ရွက် ခြင်းဖြင့် ထိရောက်ပြီး
အဖိုးအခ နည်းပါးသော ကုသမှုကို အလျင်အမြန် ပေးစွမ်းနိုင်တဲ့ အခြေ အနေများ ရရှိစေပါတယ်။
ဘာသာပြန် -
မြတ်ထက်နှင့်အဖွဲ့
FACTS FOR
LIFE - ဘဝတွက်တာ
သိမှတ်စရာများ
မူပိုင်
- ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊
နယူးယောက်၊ ၂၀၀၂




