“မူလ ကိုယ်ခံစွမ်းအား လျော့နည်း ကျဆင်းရောဂါ”
နှင့် ပါတ်သက်၍ အထောက်အကူပြု သတင်း အချက် အလက်များ
၁။
အိတ်ဒ်စ် ရောဂါဟာ ကုသလို့ မရနိုင်မယ့် ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်ပါတယ်။ အိတ်ဒ်စ် ရောဂါကို
ဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်အင်္ဂါစွပ် မပါဘဲ
လိင်ဆက်ဆံခြင်း) ပိုး ရှိ/မရှိ စစ်ဆေး မထားသော သွေးကို သွင်းမိခြင်း၊ (မူးယစ်ဆေးဝါး
ထိုးသွင်းရာမှာ သုံးစွဲသော) မသန့်ရှင်းတဲ့ ဆေးထိုးပိုက်/အပ်များကို အသုံးပြုခြင်း၊
ရောဂါပိုး ရှိသော မိခင်ထံမှ သူမရဲ့ ရင်သွေးထံသို့ (ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နဲ့
နို့တိုက်ကျွေးစဉ် များမှာ) ကူးစက်ခြင်း စသော နည်းလမ်းများနဲ့ ပြန့်ပွား ကူးစက်ကြပါတယ်။
အိတ်ဒ်စ်
ရောဂါဟာ လူ့ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအား စနစ်ကို ဖျက်ဆီးပစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်
ပိုးကြောင့် ဖြစ်ပွား ရပါတယ်။
အိပ်ခ်ျအိုင်ဗွီးပိုး
ရှိနေတဲ့ လူတယောက်ဟာ ရောဂါ လက္ခဏာ တစုံတရာ မပြဘဲ နှစ်အတော်ကြာ နေထိုင် နိုင်ကြပါတယ်။
သူတို့ကို ကြည့်ရတာ ကျန်းမာ သန်စွမ်း နေပုံရှိသော်လည်း သူတို့ထံမှ ရောဂါပိုးဟာ တခြားသူများထံ
ကူးစက် သွားနိုင်ပါတယ်။
အိတ်ဒ်စ်
ရောဂါ ဆိုတာဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသူရဲ့ နောက်ပိုင်းအဆင့် ဖြစ်ပါတယ်။
အိတ်ဒ်စ် ရောဂါခံစား နေရသူများဟာ တနေ့တခြား အားအင် နည်းပါး လာကြပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ သူ့ခန္ဓာကိုယ်မှာ ရောဂါများကို တွန်းလှန် ခုခံနိုင်တဲ့ စွမ်းအားများ လျော့နည်း
သွားလို့ ဖြစ်ပါတယ်။ အသက်အရွယ် ရောက်ပြီး သူများမှာ ပျှမ်းမျှခြင်း အားဖြင့် ရောဂါပိုး
ဝင်ရောက်ပြီး (၇) နှစ်မှ (၁၀) နှစ်ခန့် ကြာမှသာ အိတ်ဒ်စ် ရောဂါ အဆင့်သို့ ရောက်ရှိ
တတ်ကြ ပါတယ်။ ကလေးငယ တွေမှာတော့ အလွန် အလျင်အမြန် ပြောင်းလဲ ရောက်ရှိ တတ်ကြပါတယ်။
အိတ်ဒ်စ်
ရောဂါကို ပျောက်ကင်းအောင် ကုသလို့ မရနိုင်ပေမယ့် ဆေးဝါး အသစ်များ အသုံးပြုပါက အိတ်ဒ်စ်
ရောဂါ ရှိနေသူများကို အချိန်ကာလ ရှည်ကြာစွာ ကျန်းကျန်းမာမာ အသက်ရှင် နေထိုင် နိုင်ကြ
ပါတယ်။
အများအားဖြင့်၊
အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံ ခြင်းကြောင့် တဦးထံမှ တဦးထံသို့ ဝင်ရောက်
ကူးစက်သွားခြင်း ဖြစ်ပါတယ်။ ဒီလို လိင်ဆက်ဆံရာမှာ ရောဂါ ရှိသူတဦးရဲ့ သုတ်ရည်၊ မိန်းမ
ကိုယ်အရည်နဲ့ သွေးများ အခြားတဦးရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားခြင်းကြောင့် ဖြစ်ပါတယ်။
(များသော
အားဖြင့် မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ အသုံးပြုထားသော) ပိုးသတ် သန့်ရှင်းခြင်း မပြုရ
သေးတဲ့ ဆေးထိုးပိုက်/အပ်များ အသုံးပြုခြင်း၊ မုတ်ဆိတ်ရိတ်ရာ ခေါင်းရိတ်ရာမှ သုံးသော
ဘလိပ်ဓားများ၊ ကိုယ်ခန္ဓာကို ဆေးထိုးခြင်း၊ ဖြတ်တောက်ခြင်း၊ ထိုးဖောက်ခြင်း များမှာ
အသုံးပြုတဲ့ ဓားများနဲ့ ပစ္စည်း ကိရိယာများ အသုံးပြုခြင်း၊ ရောဂါပိုးရှိသော သွေးသွင်းခြင်း
များကြောင့်လည်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ပြန့်ပွား တတ်ပါတယ်။ သွေးသွင်း ကုသခြင်း
ပြုလုပ်မယ့် သွေးအားလုံးကို အိပ်ခ်ျအိုင်ဗွီပိုး ရှိ/မရှိ သွေး စစ်ဆေးမှု ပြုလုပ် သင့်ပါတယ်။
ရောဂါရှိသူကို
ထိမိ၊ ကိုင်မိရုံဖြင့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက်မှု မဖြစ်နိုင် ပါဘူး။
ဖွေ့ဖက်ခြင်း လက်ဆွဲ နှုတ်ဆက်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်း များကြောင့်လည်း
မကူးစက် နိုင်ပါဘူး။ အိမ်သာများ၊ တယ်လီဖုန်း လက်ကိုင် ခွက်များ၊ ပန်းကန်၊ သောက်ရေခွက်နဲ့
ဇွန်း၊ ခက်ရင်းများ၊ မျက်နှာ သုတ်ပုဝါများ၊ အိပ်ယာခင်းများ၊ ရေကူး ကန်များနဲ့ အများသုံး
ရေချိုးခန်းများ အတူ သုံးစွဲခြင်းဖြင့် ဒီရောဂါ မကူးစက် နိုင်ပါဘူး။ ခြင်ကိုက်ခြင်းနှင့်
အခြား ပိုးမွှားများ ကြောင့်လည်း မကူးစက် နိုင်ပါဘူး။
၂။
ကလေးများ အပါအဝင် လူးတိုင်းဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက် ခံရနိုင်ဖွယ်
ရှိပါတယ်။ လူတိုင်းဟာ ဒီရောဂါနဲ့ ပတ်သတ်ပြီး သတင်း အချက်အလက်နဲ့ ပညာပေး မှုများ ရရှိဖို့
လိုအပ်တဲ့ အပြင် ကူးစက်မှု နည်းပါးစေဖို့ အတွက် ကွန်ဒုံးများ အလွယ်တကူ ရရှိနိုင်ဖို့လည်း
လိုအပ်ပါတယ်။
အသက်
သေဆုံးမှုကို ဖြစ်စေနိုင်တဲ့ ကလေးဘဝများ အဖြစ်များသော ရောဂါ ဘယများရဲ့ နောက်ဆက်တွဲ ပြဿနာ
များကို ရှောင်ရှား နိုင်ဖို့ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ခံစားနေရတဲ့ ကလေးငယ် များကို
အဟာရ ပြည့်ဝတဲ့ အစား အသောက်များ ကျွေးမွေး ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
ပေးခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန် ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ကြရန်
အထူး အရေး ကြီးပါတယ်။ ကလေးငယ် တဦး ဒီရောဂါ ခံစား နေရပြီဆိုရင် ၎င်းရဲ့ မိခင် (သို့မဟုတ်)
ဖခင် တဦးဦးမှာ ဒီရောဂါ ရှိနေလို့ ဖြစ်နိုင် ပါတယ်။ အိမ်တိုင် ယာရောက် လိုက်လံ စောင့်ရှောက်
ပေးဖို့ လိုအပ် ပါတယ်။
အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်မှုနှုန်း မြင့်မားတဲ့ တိုင်းပြည်များမှာ ကလေးငယ်များ အနေဖြင့် ရောဂါ ကူးစက်နိုင်ခြေ
များပြားရုံ သာမက၊ ဒီရောဂါကြောင့် ၎င်းတို့ရဲ့ လူ့အဖွဲ့ အစည်းပေါ်မှာ ရိုက်ခတ် ထင်ဟပ်တဲ့
ပြဿနာများ နဲ့လည်း ရင်ဆိုင်ကြရ နိုင်ပါတယ်။
·
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ကြောင့် ကလေးငယ်
များရဲ့ မိဘများ၊ ဆရာ/ဆရာမ များနဲ့ အုပ်ထိန်းသူများ ဆုံးရှုံး သွားရတဲ့ အခါမှာ ကလေးငယ်
များရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေနဲ့ ဆုံးရှုံး ပူဆွေးမှုများ အပေါ် စာနာ နားလည်တတ်တဲ့
အကူအညီများ ပေးဖို့ လိုအပ် ပါတယ်။
·
မိဘမဲ့ ကလေးငယ်များ အတွက် အိမ်ထောင်အကြီး အကဲအဖြစ်
တာဝန်ယူပေးမယ့် တစုံ တဦး လိုအပ် နေတဲ့အပြင်၊ ယင်း ကလေးငယ် များဟာ စားဝတ် နေရေး အခက်အခဲ
များနဲ့လည်း ရင်ဆိုင် ရတတ် ပါတယ်။ မိဘမဲ့ ကလေးငယ် များကို အခြား သူများက ကြည့်ရှု့ စောင့်ရှောက်
ပေးရတဲ့ အခါမျိုးမှာ အဲဒီ ကလေးများရဲ့ ဖြည့်စွက် လိုအပ်ချက် များကို အပြည့်အဝ ဖြည့်ဆည်း
ပေးနိုင်ဖို့ မိသားစု ဝင်ငွေ ရလမ်းကို တိုးချဲ့ ရှာကြံ သင့်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါ ကူးစက် ခံထားရသော ကလေးများ (သို့မဟုတ်) အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ခံစားနေရသော
မိသားစုများနှင့် အတူနေသော ကလေးငယ် များကို လူ့အဖွဲ့ အစည်းကနေ ဖယ်ရှောင် ခံရခြင်း
(သို့မဟုတ်) ပထုတ် ခံရခြင်းများ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါ့ပြင် ကျန်းမာရေး စောင့်ရှောက်
ခံယူမှုနှင့် ပညာသင်ကြားခွင့် ရရှိရေးတို့မှာ ငြင်းပယ် ခံရဖွယ် ရှိနိုင် ပါတယ်။ ဆရာ/ဆရာမ
များနဲ့ အိမ်တိုင်ယာရောက် ပညာပေး သူများကို အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါနဲ့ ပတ်သက်ပြီး အဆင့်မီ သင်တန်း ကျောင်းများ
ပေးနိုင်မယ် ဆိုရင်၊ လူ့အဖွဲ့ အစည်း အသိုင်းအဝိုင်း ကြားမှာ နာလည်မှုနဲ့ စာနာသနားမှုတွေ
တိုးပွားလာမှာ ဖြစ်တဲ့အပြင်၊ ခွဲခြား ဆက်ဆံခြင်း များလည်း လျော့နည်း သွားနိုင်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါ ခံစားနေရတဲ့ မိသားစုများကို ခွဲခြား ဆက်ဆံခြင်း မပြုဘဲ မိမိတို့နဲ့ တတန်းတည်းထား
ဆက်ဆံ သင့်ပါတယ်။ ဒီရောဂါကြောင့် မိဘမဲ့ ဖြစ်သွားရတဲ့ ကလေးငယ် များကို မိဘမဲ့ ကျောင်း၊
အဖွဲ့အစည်းများမှာ သွားရောက် ပို့ထားခြင်းကို ရှောင်ကျဉ်ကြဖို့ အထူးကြိုးစား အားထုတ်
သင့်ကြပါတယ်။ မိဘမဲ့ ကလေးများကို အခြား မိသားစုများနဲ့ လူ့အဖွဲ့ အစည်း တခုလုံးက ကောင်းကောင်း
စောင့်ရှောက်ကြတဲ့ အခါမှာ သူတို့ လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုဒဏ်ရာ ဒဏ်ချက်များ
နည်းပါး သွားတတ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်နဲ့
ပါတ်သက်ပြီး လူငယ်အချို့ လောက်သာ တိကျ မှန်ကန် သင့်လျော်တဲ့ သတင်း အချက်အလက် တွေကို
ရရှိ နေကြပါတယ်။ ကျောင်းသူ ကျောင်းသား တွေဟာ ဘယ်အသက် အရွယ်မှာဘဲ ဖြစ်ဖြစ်၊ သူတို့ အရွယ်တွေနဲ့
သင့်တော်မယ့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် သတင်း အချက် အလက်တွေ ရရှိဖို့ အရေးကြီးသလို၊
သူတို့လေးတွေ လိင်ကိစ္စ မနိုးကြားမီပင်၊ ဒီရောဂါနဲ့ ပါတ်သက်တဲ့ ဘဝနေနည်း၊ ထိုင်နည်းများ
ရရှိသွားဖို့လည်း လိုအပ်ပါတယ်။ ဒီအဆင့်မှာ ဒီလို ပညာပေး သင်ကြား ထားခြင်း အားဖြင့်
လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနဲ့ တက်ကြွစွာ လှုပ်ရှား မှုများကို နှောင့်နှေး စေနိုင်တဲ့
အပြင်၊ ကိုယ့်ကိုယ်ကို တာဝန် ယူနေမှုကိုပါ သင်ကြားပြီး ဖြစ်တတ် ပါတယ်။
မိဘမဲ့
ကလေးများ၊ လမ်းဘေး နေအိမ်မဲ့ ယာမဲ့ များနှင့် ဒုက္ခသည် စခန်းများမှ ကလေးငယ် များဟာ အခြား
ကလေးများထက် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ပြန့်ပွားနိုင်ခြေ ပိုးများပါတယ်။ လိုအပ်တဲ့
ပညာပေးမှုနဲ့ အခြား အကူအများ ရရှိနိုင်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ၎င်းတို့ကို ကူညီသင့်ပါတယ်။
၃။
မိမိကိုယ်မိမိ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရပြီလို့ သံသယရှိနေတဲ့ မည်သူမဆို မပေါက်ကြား
နိုင်တဲ့ နှစ်သိမ့် ဆွေးနွေးခြင်းနဲ့ သွေးစစ်ဆေးမှု ခံယူနိုင်ဖို့ အတွက် ကျန်းမာရေး
ဝန်ထမ်းတဦးဦး (သို့မဟုတ်) အိပ်ခ်ျအိုင်ဗွီ/ အိတ်ဒ်စ် ဌာနနဲ့ ဆက်သွယ် သင့်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်နှင့်
ပတ်သက်သော နှစ်သိမ့် ဆွေးနွေးမှု ခံယူခြင်းနှင့် သွေး စစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြင့်
ရောဂါရှိကြောင်း စောစောစီးစီး သိရှိနိုင်ခြင်း၊ ရောဂါ ရှိနေပါကလည်း လိုအပ်သော ကူညီ
စောင့်ရှောက်မှုများ ရယူနိုင်ခြင်း၊ နောက်ဆက်တွဲ ရလာနိုင်တဲ့ ရောဂါများကို သေချာစွာ
ကုသခံနိုင်ခြင်း၊ ရောဂါရှိနေလျှက် ဘယ်လို နေထိုင်ရမယ် ဆိုတာကို သိနိုင်ခြင်းနဲ့ အခြား
သူများထံ ရောဂါ မကူးစက်စေရန် ရှောင်ကျဉ် နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရနိုင်ပါတယ်။
နှစ်သိမ့် ဆွေးနွေး ခြင်းနဲ့ သွေးစစ်ဆေးခြင်း များကြောင့် ရောဂါ မရှိသေးသူ များကိုလည်း
လုံခြုံစိတ်ချ အန္တရာယ် ကင်းသော လိင်ဆက်ဆံမှု ဆိုင်ရာ ပညာပေး မှုများကြောင့် ရောဂါ မကူးစက်နိုင်အောင်
ကာကွယ် ပေးပါ လိမ့်မယ်။
အကယ်၍
သွေးစစ်ဆေး စမ်းသပ်တဲ့ အခါမှာ “ပိုးမရှိဘူး” ဟု အဖြေ ထွက်လာရင် သူ့မှာ ရောဂါပိုး မရှိတာလည်း
ဖြစ်ရင် ဖြစ်မယ်၊ ဒါမှမဟုတ် ရောဂါပိုး ဝင်ခါစ ဖြစ်လို့ ပိုးကို ရှာမတွေ့ သေးတာလည်း
ဖြစ်နိုင်တယ်။ လူ့ ခန္တာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက်ပြီး ခြောက်လ အတွင်းမှာ သွေးစစ်ဆေး
ခြင်းဖြင့် ရောဂါပိုး ရှိကြောင်း အဖြေမပေါ်ဘဲ ရှိနေ နိုင်ပါတယ်။ ရောဂါပိုး ဝင်ရောက်
နိုင်ခြေရှိတဲ့ လုပ်ရပ် တခုခုကို ပြုလုပ်မိတိုင်း နောက်ခြောက်လ အကြာမှာ သွေးစစ်ဆေးမှု
တကြိမ် ပြုလုပ်သင့် ပါတယ်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတဲ့ သူတဦး
ထံကနေ အခြားသူ တဦးထံသို့ အချိန်မရွေး ရောဂါ ကူးစက် နိုင်တာကြောင့် ဆက်ဆံမှု ရှောင်ကျဉ်ကြဖို့
အလွန် အရေးကြီး ပါတယ်။
မိသားစုများနဲ့
လူ့အဖွဲ့အစည်းတိုင်း အနေဖြင့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါနဲ့ ပတ်သက်တဲ့ မပေါက်ကြား
နိုင်သော သွေးစစ်ဆေးခြင်း၊ နှစ်သိမ့် ဆွေးနွေးခြင်းများ ရရှိနိုင်ဖို့ လူကြီးများရော
ကလေးငယ်များပါ ရောဂါ ကူးစက်စေခြင်းမှ ကာကွယ်နိုင်ရန် မှန်ကန်သော သတင်း အချက် အလက်များ
ရရှိဖို့ အတွက် အကူအညီများ ရရှိအောင် တောင်းဆို ဆောင်ရွက် သင့်ပါတယ်။
ဇနီးမောင်နှံများ
အတွက် ကလေး ရယူတော့မယ်လို့ ဆုံးဖြတ်ပြီဆိုရင် အိပ်ခ်ျအိုင်ဗွီ သွေးစစ်ဆေး စမ်းသပ် ခြင်းကို
ပြုလုပ်သင့် ကြပါတယ်။ တစုံတယောက်မှာ ရောဂါပိုး ရှိနေတယ်ဆိုရင် ကလေး ရယူဖို့ ကြိုးစား
လိုက်တာနဲ့ တပြိုင်နက် မိမိရဲ့ အိမ်ထောင်ဖက်ကို ရောဂါ ကူးစက် သွားပါ လိမ့်မယ်။
အကယ်၍
လူငယ်များ အနေဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက် များကို မှန်ကန်စွာ
သိရှိခြင်း၊ လိင်ဆက်ဆံမှုမှ ရှောင်ကျဉ်ခြင်းနဲ့ ကွန်ဒုံးများ အသုံးပြုနိုင်ခွင့် ရှိကြမယ်
ဆိုရင် နောက် မျိုးဆက်သစ် ထံသို့ ရောဂါ ကူးစက်စေခြင်းကို ဟန့်တား နိုင်ပါလိမ့်မယ်။
၎။
လိင်ဆက်ဆံခြင်း မပြုကြဘူး ဆိုရင်၊ လိင်ဆက်ဆံဖော် အရေအတွက် လျှော့ချ ပစ်မယ် ဆိုရင်၊
ရောဂါ မရှိသူ အချင်းချင်းသာ လိင်ဆက်ဆံခြင်း ပြုကြမယ် ဆိုရင်၊ အန္တရာယ် ကင်းသော လိင်ဆက်ဆံခြင်း
(လိင်အင်္ဂါ ထိုးသွင်းမှု မပြုသော လိင်ဆက်ဆံခြင်း) ကိုသာ ပြုလုပ်ကြမယ် ဆိုရင်၊ လိင်ဆက်ဆံတိုင်း
ကွန်ဒုံးကို အသုံးပြုကြမယ် ဆိုရင် လိင်ဆက်ဆံခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်
နိုင်ခြေကို လျော့နည်း စေပါလိမ့်မယ်။ လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို မပျက်မကွက်
မှန်ကန်စွာ သုံးစွဲခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းကို ကာကွယ် နိုင်တာကြောင့်
အသက် ဆုံးရှုံးခြင်းမှ ကင်းဝေး နိုင်ပါလိမ့်မယ်။
ရောဂါ
ကူးစက်ခြင်း မရှိသေးသော အဖော်နှစ်ဦး အကြားမှာ အပြန်အလှန် သစ္စာ ရှိကြခြင်းဖြင့် ၎င်းတို့
နှစ်ဦး စလုံးအား အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါမှ ကင်းဝေး စေနိုင်ပါတယ်။
မိမိမှာ
လိင်ဆက်ဆံဖော် များလေလေ အဲဒီထဲက တစုံ တယောက်မှာ ရောဂါပါလာ နိုင်တာကြောင့် အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက် ခံရနိုင်ခြေ များလေလေ ဖြစ်တယ်။ လိင်ဆက်ဆံဖော် မများပေမယ့်လည်း မိမိ ဆက်ဆံသူမှာ
ရောဂါပိုး ရှိရင်တော့ ဒီရောဂါဟာ ကူးစက် လာမှာဘဲ ဖြစ်တယ်။
·
တစုံတယောက်မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေတယ်
ဆိုတာကို သွေးစစ်ဆေးပြီး အဖြေပေါ်မှသာ တပ်အပ် သေချာ ပြောနိုင်ပါတယ်။ ဒီရောဂါ ကူးစက်
ခံထားရတဲ့ လူကိုကြည့်ရင် ကျန်းမာရေး လုံးဝ ကောင်းမွန် နေတဲ့ပုံကို တွေ့ရ တတ်ပါတယ်။
ရောဂါပိုး
ကင်းရှင်းသော လိင်ဆက်ဆံဖော် နှစ်ဦးကြားမှာ မိမိရဲ့ အဖော်အနေဖြင့် မိမိတဦးတည်း နဲ့သာ
လိင်ဆက်ဆံ နေတယ်ဆိုတဲ့ အချက်အပေါ် မသေချာရင် (သို့မဟုတ်) စိတ်မချရင် အန္တရာယ် ကင်းတဲ့
လိင်ဆက်ဆံခြင်း များကိုသာ ဆောင်ရွက်သင့် ပါတယ်။ အန္တရာယ် ကင်းတဲ့ လိင်ဆက်ဆံခြင်း ဆိုတာဟာ
လိင်အင်္ဂါကို (ပါးစပ်၊ မိန်းမကိုယ်နဲ့ စအိုအတွင်းသို့) ထိုးသွင်းခြင်း မပြုဘဲ ဆက်ဆံခြင်းကို
ခေါ်ပါတယ်။ ဒါမှမဟုတ် လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ ကွန်ဒုံး အသစ် စက်စက်ကို အသုံးပြုခြင်းကို
ခေါ်ပါတယ်။ သုံးစွဲပြီးသား ကွန်ဒုံးများကို ဘယ်တော့မှ ပြန်မသုံးသင့်ပါဘူး။
·
လိင်ဆက်ဆံဖော် နှစ်ဦးစလုံးမှာ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်မှု မရှိသေးဘူးလို့ တပ်အပ် သေချာ မပြောနိုင်ဘူး ဆိုရင် လိင်ဆက်ဆံတဲ့ အခါတိုင်း
ကွန်ဒုံး အမြဲတမ်း သုံးသင့် ပါတယ်။ ကွန်ဒုံး အသုံးမပြုဘဲ လိင်အင်္ဂါထိုး၍ လိင်ဆက်ဆံခြင်း
တကြိမ်တခါ ပြုရုံမျှနှင့်ပင် ရောဂါ ကူးစက် နိုင်ပါတယ်။
·
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းမှ ကာကွယ်ရန်
အတွက် မိန်းမကိုမှာ ဖြစ်စေ၊ စအိုမှာ ဖြစ်စေ လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ ကွန်ဒုံးကို
စနစ်တကျ သုံးစွဲသင့်ပါတယ်။
မျက်နှာပြင်
ပေါ်တွင် ချောဆီ သုတ်လိမ်းပြီးသာ ကွန်ဒုံးများကို အသုံးပြုခြင်းဖြင့် ကိုင်တွယ် တပ်ဆင်ရာနှင့်
လိင်ဆက်ဆံရာတွင် ကွန်ဒုံး ပေါက်ပြဲခြင်းမှ ကာကွယ် နိုင်ပါတယ်။ အကယ်၍ ကွန်ဒုံးတွင် ချောဆီမပါခဲ့ရင်
(သို့မဟုတ်) နည်းနေရင် ဂလစ်ဆရင်း အသားလှဆီ သုတ်လိမ်း အသုံး ပြုနိုင်ပါတယ်။ ဘာမှမရှိရင်
တံတွေးဆွတ်ပြီး သုံးနိုင်ပါတယ်။ စားသုံးဆီ၊ ထောပတ်၊ အုံးဆီ၊ ကလေး ကိုယ်ခန္ဓာ လိမ်းဆီများ၊
ဗယ်ဆင်းဆီနှင့် အခြားလိမ်းဆေး များဟာ ကွန်ဒုံးကို လျော့လျဲ ပေါက်ပြဲ စေနိုင်တဲ့ အတွက်
ချောဆီအဖြစ် လုံးဝအသုံး မပြုသင့်ပါဘူး။ စအိုဝမှ လိင်ဆက်ဆံခြင်း ပြုတဲ့အခါမှာ ချောဆီ
ပါပြီးသား ကွန်ဒုံးများကိုသာ အသုံးပြုဖို့ အလွန် အရေးကြီးပါတယ်။
·
ပါးစပ်တွင်း လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း
များကြောင့်လည်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားမှာ ဖြစ်စေ၊
အမျိုးသမီးမှာ ဖြစ်စေ လိင်အင်္ဂါစွပ် (ကွန်ဒုံး) များ အသုံးပြုပြီးမှ လိင်ဆက်ဆံ သင့်ပါတယ်။
လိင်အင်္ဂါများနှင့်
ထိမိတဲ့အခါမှာ အများစုသော လိင်ဆက်ဆံခြင်း မှတဆင့် ကူးစက်သော ရောဂါများ (ကာလသား ရောဂါများ)
ကူးစက် နိုင်ပါတယ်။ ဒါကြောင့် လိင်အင်္ဂါများကို ကိုင်တွယ်တဲ့ အခါတိုင်း သက်ဆိုင်ရာ ကွန်ဒုံးကို
အသုံးပြုသင့် ပါတယ်။
လိင်အင်္ဂါ
ထိုးသွင်းခြင်း မပြုဘဲ လိင်ဆက်ဆံခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းကို အလွန်
နည်းပါး စေနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ကာလသား ရောဂါများ ကူးစက်ခြင်း ကိုတော့ ဒီနည်းနဲ့
မတားဆီး နိုင်ပါ။
အမျိုးသမီးသုံး
ကွန်ဒုံးများဟာ အမျိုးသားသုံး ကွန်ဒုံးများ ကဲ့သို့ အန္တရယ်ကင်း ကြပါတယ်။ အမျိုးသမီး
ကွန်ဒုံးဆိုတာဟာ လိင်ဆက်ဆံရာ မိန်းမ ကိုယ်လမ်းကြောင်းကို ကာပေးထားတဲ့ အိတ်တမျိုး ဖြစ်တယ်။
နှစ်ဖက်စလုံးမှာ ရာဘာကွင်းတွေ ပါရှိပြီး တဖက်ပိတ်၊ တဖက်ပွင့် ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်း
မပြုမီမှာ အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲကို လက်နဲ့ထည့်ဖို့ လိုအပ်ပါတယ်။ ပိတ်နေသော ဖက်က
ရာဘာကွင်းကို မိန်းမကိုယ်ထဲ ထည့်ထားပြီး ပွင့်နေသော ဖက်က ရာဘာကွင်းကို အပြင်ဖက်မှာ
ထုတ်ထားပြီး အမျိုးသမီး အင်္ဂါအပြင်ဖက် နှုတ်ခမ်းသာပေါ် တင်ထားရမှာ ဖြစ်ပါတယ်။ အဲဒီကွင်းကြောင့်
အပြင်ဖက် နှုတ်ခမ်းသား တပိုင်းတစကိုပါ အကာအကွယ် ပြုထားပြီးသား ဖြစ်နေ ပါတယ်။ အဲဒီကွင်း
ထဲကတဆင့် လိင်ဆက်ဆံဖို့ ဖြစ်ပါတယ်။ အမျိုးသား ကွန်းဒုံးနဲ့ မတူတဲ့ အချက်ကတော့ ပြုလုပ်တဲ့
ပစ္စည်း ကွာတာကြောင့် အမျိုးသမီး ကွန်ဒုံးကို ချောဆီ အဖြစ် အသုံးပြုရာမှာ မည်သည့် ချောဆီ/ဆီ
မျိုးကိုမဆို အန္တရာယ်ကင်းစွာ သုံးလို့ရခြင်းဘဲ ဖြစ်ပါတယ်။
အရက်သောက်ခြင်းနဲ့
မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စဉ်းစားချင့်ချိန် နိုင်စွမ်းကို ဖျက်ယွင်း စေပါတယ်။
သာမန် အခြေအနေမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေ အန္တရာယ်များနဲ့ အန္တရာယ်ကင်းပြီး
လုံခြုံ စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ကောင်းစွာ နားလည် သဘောပေါက်တဲ့ သူများပင် ဖြစ်စေ၊
အရက် သောက်ခြင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းများကြောင့် သတိလက်လွတ် ဖြစ်ကာ ရောဂါကူးစက်
ပြန့်ပွား တတ်ပါတယ်။
၅။
အမျိုးသမီး ငယ်များဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ဖြစ်နိုင်ခြေ ပိုများတာကြောင့်
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ အထောက်အကူများ လိုအပ်တဲ့ အပြင် အဓမ္မ လိင်ဆက်ဆံ ခံရခြင်းနဲ့
လုံခြုံစိတ်ချမှု မရှိသော လိင်ဆက်ဆံ ခံရခြင်းများမှလည်း အကာအကွယ် ပေးသင့် ကြပါတယ်။
ကမ္ဘာ့နိုင်ငံ
တော်တော် များများတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုနှုန်းဟာ ဆက်ကျော်သက် အမျိုးသမီးများမှာ
အမျိုးသား ဆယ်ကျော် သက်ရွယ်များထက် ပိုများပါတယ်။ ဆယ်ကျော် သက်ရွယ် အမျိုးသမီး များဟာ
အောက်ပါ အချက်များကြောင့် ကူးစက်မှု ပိုများရခြင်း ဖြစ်ပါတယ်။
·
အမျိုးသမီး ငယ်များဟာ ရောဂါ ကူးစက်နိုင်ခြေ
အန္တရာယ်များကို မသိတာကြောင့် လည်း ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
များမှ မိမိကိုယ် မိမိ ကာကွယ် နိုင်စွမ်း မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
·
အရွယ်ရောက်ပြီးသော အမျိုးသမီးများနှင့် နှိုင်းစာကြည့်လျှင်
အမျိုးသမီး ငယ်များရဲ့ မိန်းမ ကိုယ်နံရံ များဟာ ပိုမို ပါးလွှာကြပြီး ရောဂါ ဖြစ်လွယ်
ကြပါတယ်။
·
အသက်အရွယ် ကြီးသော အမျိုးသားများ အနေနဲ့ အသက်အရွယ်
ငယ်သော အမျိုးသမီး များဟာ လိင်ပိုင်ဆိုင်ရာ အတွေ့အကြုံ နည်းပါခြင်း (သို့မဟုတ်) မရှိခြင်းကြောင့်
၎င်းတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ရောဂါကူးစက်မှု နည်းနိုင်တယ်လို့ ယူဆပြီး ငယ်ရွယ်သော အမျိုးသမီး
များကို ဦးစားပေး ရွေးချယ်၍ လိင်ဆက်ဆံ တတ်ခြင်း ကြောင့်လည်း ဖြစ်ပါတယ်။
အမျိုးသမီး
ငယ်များရော အမျိုးသမီး ကြီးများပါ ဆန္ဒမရှိသော လိင်ဆက်ဆံခြင်း များနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
များကို ငြင်းပိုင်ခွင့် ရှိသင့်ပါတယ်။ မိဘများနဲ့ ဆရာ/ဆရာမ များ အနေဖြင့် မိန်းကလေးငယ်
များနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများနဲ့ ပါတ်သက်ပြီး နားလည် သဘောပေါက်၊ သတိရှိ
နေစေရန် ယောကျာ်းလေး များရော မိန်းကလေး များနဲ့ပါ ဆွေးနွေးမှုများ ပြုလုပ် သင့်ပါတယ်။
မိန်းကလေး များကို မိမိတို့နဲ့ တန်းတူထား လေးစာဖို့ ယောကျာ်းလေး များကို သင်ကြား ဆုံးမခြင်း၊
လိင်မှုဆိုင်ရာ မြှူဆွယ်စော်ကား ခံရခြင်းများနဲ့ ဆန္ဒမရှိသော လိင်ဆက်ဆံခြင်း များမှ မိမိကိုယ်မိမိ
ကာကွယ်နိုင်၊ ရှောင်ရှားနိုင်ရန် မိန်းကလေး များကို သင်ကြား ကူညီပေးခြင်း များကိုလည်း
ဆောင်ရွက် သင့်ပါတယ်။
ဘာသာပြန် -
မြတ်ထက်နှင့်အဖွဲ့
FACTS FOR
LIFE - ဘဝတွက်တာ
သိမှတ်စရာများ
မူပိုင်
- ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊
နယူးယောက်၊ ၂၀၀၂




