မိသားစုတိုင်းနှင့် လူ့အဖွဲ့အစည်းတိုင်
သိခွင့်ရှိသော “မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်း ရောဂါ ” ဆိုင်ရာ အဓိကကျသော သတင်း
အချက်အလက်များ
၁။
အိတ်ဒ်စ် ရောဂါဟာ ကုသလို့ မရနိုင်ပေမယ့် ကာကွယ်လို့ ရတဲ့ ရောဂါ ဖြစ်ပါတယ်။ အိတ်ဒ်စ်
ရောဂါကို ဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ (လိင်အင်္ဂါစွပ်
မပါဘဲ လိင် ဆက်ဆံခြင်း) ပိုး ရှိ/မရှိ စစ်ဆေး မထားသော သွေးကို သွင်းမိခြင်း၊ (မူးယစ်ဆေးဝါး
ထိုးသွင်းရာမှာ သုံးစွဲသော) မသန့်ရှင်းတဲ့ ဆေးထိုးပိုက်/အပ် များကို အသုံးပြုခြင်း၊
ရောဂါပိုး ရှိသော မိခင်ထံမှ သူမရဲ့ ရင်သွေးထံသို့ (ကိုယ်ဝန် ဆောင်စဉ်၊ မီးဖွားစဉ်နဲ့
နို့တိုက်ကျွေး စဉ်များမှာ) ကူးစက်ခြင်း စသော နည်းလမ်းများနဲ့ ပြန့်ပွား ကူးစက် ကြပါတယ်။
၂။
ကလေးများ အပါအဝင် လူတိုင်းဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက် ခံရနိုင်ဖွယ် ရှိပါတယ်။
လူတိုင်းဟာ ဒီရောဂါနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်နဲ့ ပညာပေးမှုများ ရရှိဖို့ လိုအပ်တဲ့
အပြင် ကူးစက်မှု နည်းပါးစေဖို့ အတွက် ကွန်ဒုံးများ အလွယ်တကူ ရရှိနိုင်ဖို့လည်း လိုအပ်
ပါတယ်။
၃။
မိမိကိုယ် မိမိ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရပြီလို့ သံသယ ရှိနေတဲ့ မည်သူမဆို
မပေါက်ကြား နိုင်တဲ့ နှစ်သိမ့် ဆွေးနွေးခြင်းနဲ့ သွေးစစ်ဆေးမှု ခံယူနိုင်ဖို့ အတွက်
ကျန်းမာရေး ဝန်ထမ်း တဦးဦး (သို့မဟုတ်) အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ဌာနနဲ့ ဆက်သွယ် သင့်ပါတယ်။
၎။
လိင်ဆက်ဆံခြင်း မပြုကြဘူး ဆိုရင်၊ လိင်ဆက်ဆံဖော် အရေအတွက် လျှော့ချ ပစ်မယ် ဆိုရင်၊
ရောဂါမရှိသူ အချင်းချင်းသာ လိင်ဆက်ဆံခြင်း ပြုကြမယ် ဆိုရင်၊ အန္တရာယ် ကင်းသော လိင်ဆက်ဆံခြင်း
(လိင်အင်္ဂါ ထိုးသွင်းမှု မပြုသော လိင်ဆက်ဆံခြင်း) ကိုသာ ပြုလုပ်ကြမယ် ဆိုရင်၊ လိင်ဆက်ဆံတိုင်း
ကွန်ဒုံးကိုသာ အသုံးပြုကြ ရမယ် ဆိုရင် လိင်ဆက်ဆံ ခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်
နိုင်ခြေကို လျော့နည်း စေပါလိမ့်မယ်။ လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို မပျက်မကွက်
မှန်ကန်စွာ သုံးစွဲခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းကို ကာကွယ် နိုင်တာကြောင့်
အသက် ဆုံးရှုံးခြင်းမှ ကင်းဝေး နိုင်ပါလိမ့်မယ်။
၅။
အမျိုးသမီး ငယ်များဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ဖြစ်နိုင်ခြေ ပိုများတာကြောင့်
ကိုယ့်ကိုကို ကာကွယ်နိုင်ဖို့ အထောက် အကူးများ လိုအပ်တဲ့အပြင် အဓမ္မ လိင်ဆက်ဆံ ခံရခြင်းနဲ့
လုံခြုံစိတ်ချမှု မရှိသော လိင်ဆက်ဆံ ခံရခြင်း များမှလည်း အကာအကွယ် ပေးသင့်ကြပါသည်။
၆။
အမျိုးသမီးနှင့် အမျိုးသားသုံး ကွန်ဒုံးများကို လိင်ဆက်ဆံသည့် အခါတိုင်း မပျက်မကွက်
မှန်ကန်စွာ သုံးစွဲရေး အပါအဝင် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ မကူးစက် စေရန်နဲ့ မပြန့်ပွား
စေရန် ဘယ်လို ရှောင်ရှား ကာကွယ် နိုင်တယ် ဆိုတာကို မိဘများနဲ့ ဆရာ/ဆရာမများ အနေဖြင့်
လူငယ်များကို ပြောဆို ဆွေးနွေး ပြခြင်းဖြင့် အကူအညီ ပေးနိုင်ပါတယ်။
၇။
အိပ်ခ်ျအိုင်ဗွီ ပိုးဟာ ကိုယ်ဝန် ဆောင်ချိန်၊ မီးဖွားစဉ်နဲ့ နို့တိုက်ကျွေး စဉ်များမှာ
မိခင်ထံမှ သူမရဲ့ ရင်သွေးထံ ကူးစက် သွားနိုင်ပါတယ်။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသော
(သို့မဟုတ်) ကူးစက် ခံထားရပြီလို့ ကိုယ့်ကိုယ်ကို သံသယ ရှိနေသော ကိုယ်ဝန်ဆောင် များနဲ့
မီးဖွားပြီးခါစ အမျိုးသမီးများ အနေဖြင့် သွေးစစ် ဆေးစမ်းသပ်မှုနဲ့ နှစ်သိမ့် ဆွေးနွေးမှုများ
ရရှိနိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ ကျန်းမာရေး ဝန်ထမ်း တဦးဦးနဲ့ တိုင်ပင် ဆွေးနွေး
သင့်ပါတယ်။
၈။
များသော အားဖြင့် မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ အသုံးပြုလေ့ ရှိတဲ့ သေချာစွာ ပိုးသတ်ထားခြင်း
မရှိသော ဆေးထိုးပိုက်/အပ် များမှတဆင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် နိုင်ပါတယ်။ အသုံးပြုပြီးသား
ဆံပင်နဲ့ မုတ်ဆိတ်မွှေးရိတ် ဘလိတ်ဓားများ၊ အရေပြားကို ပြတ်ရှ၊ ထိုးဖောက်ထားသော ဓားနှင့်
ပစ္စည်း ကိရိယာများ ကြောင့်လည်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ပြန့်ပွား နိုင်ပါတယ်။
၉။
လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်သော ရောဂါများ (ကာလသားရောဂါများ) ရှိနေသူများဟာ မိမိထံကို
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်လာစေဖို့နဲ့ မိမိထံက သူတပါးထံ ကူးစက် ပြန့်ပွား သွားနိုင်ဖို့
အခွင့်အလမ်း အလွန် များပါတယ်။ ကာလသား ရောဂါ ဖြစ်ပွား နေသူများ အနေဖြင့် ကုသမှု အလျင်
အမြန် ခံယူသင့်ပြီး လိင်ဆက်ဆံမှု ရှောင်ကျဉ်ခြင်း (ထိုးသွင်းမှုမပြုတဲ့ လိင်ဆက်ဆံခြင်းနဲ့
ကွန်ဒုံး အသုံးပြု၍ လိင်ဆက်ဆံခြင်း စသော) အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း အလေ့အထများကို
ပြုလုပ် သင့်ပါတယ်။
ဘာသာပြန်
- မြတ်ထက်နှင့်အဖွဲ့
FACTS
FOR LIFE - ဘဝတွက်တာ သိမှတ်စရာများ
မူပိုင် - ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊ နယူးယောက်၊
၂၀၀၂




