6
Jun

ဘဝနှင့် လူ့အဖြစ်၏ ရွာပြင်ရောက်နေရဆဲ မိအေးနှစ်ခါနာ HIV သားကောင်များ

လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ တစ်ခုမှ ဒုစက်ရုံမှူး ဦးအောင်ဝင်းဖြစ် သူအား စက်ရုံအတွင်း လုပ်ငန်းခွင် ကျန်းမာရေး ဆေးစစ်ပြီးနောက် စက်ရုံ ပိုင်ရှင်မှ ရုတ်တရက် အလုပ်မှထုတ်ပစ် လိုက်သည်ဆိုသော သတင်းက စက်ရုံ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ သို့သော် လွန်ခဲ့သော တစ်လက လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအား ဆေးစစ်ပြီးချိန်၌ ဦးအောင်ဝင်းထံ၌ HIV ပိုးတွေ့ရှိသည်ဟူသော သတင်း ထွက်ပေါ်လာမှုနှင့်အတူ မကြာမီရက် ပိုင်းအတွင်းမှာပင် သူ့အား စက်ရုံပိုင် ရှင်က ခေါ်တွေ့ကာ လုပ်အားခ သုံးလ စာပေး၍ အလုပ်မှ ထုတ်ခဲ့သည့်အတွက် ဒုစက်ရုံမှူး ဦးအောင်ဝင်း ဘဝမှ ဆိုက်ကား ဆရာ ဦးအောင်ဝင်း ဘဝသို့ ရောက်ရှိ သွားခဲ့သည်။

ဦးအောင်ဝင်းရဲ့ အလုပ်ပြုတ်ခဲ့သည့် စက်ရုံမှ စက်ရုံလုပ်သား တစ်ဦးဖြစ်သူ ဦးညွန့်တင် (အမည်ပြောင်း) က ”ကျွန်တော့်မှာလည်း ငယ်ငယ်က မှားခဲ့တဲ့ အမှားတစ်ခုကြောင့် HIV ပိုး ကူးစက်ခံထားရပေမယ့် လုပ်ဖော် ကိုင်ဖက်တွေနဲ့ အလုပ်ရှင် သိသွားရင် အလုပ်ဖြုတ်ပစ် လိုက်မှာ၊ ကျွန်တော့်ကို ဝိုင်းပြီးကဲ့ရဲ့ရှုတ် ချကြမှာကို စိုးရိမ်တဲ့ အတွက် ဒီရောဂါရှိ တာကို မပြောရဲဘူး။ စက်ရုံမှာ ဆေးစစ် ပြီဆိုရင်လည်း နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်နေရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက် ခံထားရသည့် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိ လူဦးရေ နှစ်သိန်းကျော် ရှိသည့်အနက် အသိပညာရှင်၊ အတတ် ပညာရှင်များစွာနှင့် တပ်မတော်အရာရှိ များစွာ ပါဝင်ပြီး ၎င်းတို့အား အလုပ်မှ ထုတ်ပယ်ခြင်း၊ အလုပ်မခန့်ထားခြင်းတို့ မှာ လူ့စွမ်းအား အရင်းအမြစ်များစွာ ဖြုန်းတီးရာရောက်နေသည်ဟု HIV ပိုး ကူးစက် ခံထားရသူများ ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုးရှိသူများ အနေဖြင့် မည်မျှပင်အသိပညာ၊ အတတ်ပညာများစွာ ပိုင်ဆိုင်ကျွမ်းကျင် ထားကြသော်လည်း အလုပ်အကိုင် ရရှိရေးမှာ လူအများစုက အကြောင်းအမျိုး မျိုးကြောင့် ထိုရောဂါ ကူးစက်ခံထားရသူများအပေါ် ခွဲခြားဆက်ဆံခြင်းဟူသော တံတိုင်းများဖြင့် ကာရံတားဆီးထား သည့်အတွက် ထင်သလောက်မလွယ်ကူ။ ဦးအောင်ဝင်းသည် ထိုစက်ရုံ၌ ဒုစက်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စုမျှ မကတော့။ အောက်ခြေ ဝန်ထမ်းများနှင့် သာမက စက်ရုံပိုင်ရှင်နှင့်လည်း ညီအစ်ကိုရင်း တမျှ ရင်းနှီးကျွမ်းဝင်သူ တစ်ဦးလည်း ဖြစ်သည်။

ခန့်မှန်းချေအားဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းက ထိုရောဂါပိုးရှိသော ကျွမ်းကျင်လုပ်သားများအား အလုပ်မခန့် ကြကြောင်း Myanmar Business Coalition on AIDS (MBCA)မှ ဒေါက်တာ ကေဇင်စိုးက ဆိုသည်။ လုပ်ငန်းခွင်အတွင်း ကျန်းမာရေး အရ ဆေးစစ်မှုသည် လုပ်ငန်းလိုအပ် ချက်အရ ကောင်းမွန်သော လက္ခဏာ ဖြစ်သော်လည်း တစ်ခါစစ်ဆေးရုံဖြင့် HIV ပိုးရှိ၊ မရှိအား ချက်ချင်း သိနိုင်ရန် မလွယ်ကူသည့် အတွက် လုပ်ငန်းခွင် အတွင်းရှိ ဝန်ထမ်းတစ်ဦးဦးတွင် HIV ပိုး ကူးစက်ခံထားရမှုအား မသိနိုင်ပေ။ ထိုဆောင်ရွက်ချက်မှာ HIV ပိုးရှိသူ လုပ်သားများအား ခွဲခြားဆက်ဆံမှုတစ် ခုပင်ဖြစ်သည့် အတွက် ကုန်သည်/စက်မှု အသင်းချုပ်လက်အောက်ရှိ ကုမ္ပဏီ ပေါင်း ၇၇ ခု၊ UNAIDS နှင့် MBCA တို့အကြား သဘောတူ လက်မှတ်ရေးထိုးကာ လုပ်ငန်းခွင် အတွင်း ဆေးစစ်ခြင်းအား ပယ်ဖျက်ရန် စီစဉ်ဆောင် ရွက်နေသည်။

”စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများက HIV နဲ့ ပတ်သက်ရင် အသိပညာရှိကြပေမယ့် သူတို့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်မှာ HIV ပိုး မကူးစက်အောင် ဆေးစစ်ခြင်းက အကောင်းဆုံး နည်းလမ်းလို့ ထင်နေ ကြတယ်။ တကယ်က ဘယ်လောက်ပဲ ဆေးစစ်စစ် HIV ပိုးက ဆေးစစ်ပြီး ၆ ပတ်ကနေ ၆ လကြား ကာလမှာပဲ တွေ့နိုင်တဲ့အတွက် ဒီနည်းလမ်းက အသုံးမဝင်ဘူး။ အဓိက အသုံးဝင်တာက ဝန်ထမ်းတွေကို HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတပေးခြင်းကသာ အကောင်းဆုံးဖြစ်သလို HIV ပိုးရှိတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ကထုတ်ပစ်တာတွေ မလုပ်သင့်ဘဲ တခြားလူတွေ မသိအောင် လျှို့ဝှက်ပေးထားဖို့နဲ့ ခွဲခြားမှု မလုပ်ဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။ HIV ကူးစက်ခံထားရသော ဝန်ထမ်းမှ အခြား ဝန်ထမ်းတစ်ဦးအား လုပ်ငန်းခွင် အတွင်း ရောဂါပိုး အလွယ်တကူ မကူးစက်စေနိုင်သည့် အတွက် ထိုအလုပ်သမားအား အလုပ်မှ ထုတ်ပစ် ခြင်းသည် ခွဲခြားဆက်ဆံရာ ရောက်ရုံမျှမက ၎င်း၏ စိတ်ပိုင်းဆိုင်ရာ၊ စားဝတ်နေရေးနှင့် ဘဝရပ်တည်ရေးတို့ကို ထိခိုက်ကာ သက်တမ်းစေ့ မနေနိုင်တော့သည့်ဘဝ အခြေအနေများသို့ ရောက်ရှိသွားခဲ့ရသူ အများအပြားရှိ နေသည်။

အကယ်၍ HIV ပိုးရှိပြီး အလုပ် လုပ်ကိုင်နိုင်စွမ်းရှိသူ ဝန်ထမ်းများအား လုပ်ငန်းရှင်ဘက်မှ အလုပ်ထုတ်ပစ်ခြင်း မပြုခဲ့ပါက လုပ်ငန်းခွင်အတွင်း အနည်းဆုံး ၁ဝ နှစ်ထက်မက တာဝန်ထမ်း ဆောင်နိုင်မည် ဖြစ်သည့် အပြင် အတွေ့ အကြုံရှိသော ဝန်ထမ်းကောင်းတစ်ယောက်အား ဆုံးရှုံးရမည် မဟုတ်။ အဆို ပါဝန်ထမ်း၏ စိတ်ဓာတ်စွမ်းအား မြင့်တက်လာကာ လုပ်ငန်းအပေါ် သစ္စာစောင့်သိမှုနှင့် အလုပ် လုပ်နိုင်စွမ်းမှာ ပိုမို မြင့်တက် လာနိုင်ကြောင်း၊ တစ်ဖက်တွင် ထိုဝန် ထမ်းနှင့် အဆိုပါ ဝန်ထမ်းအပေါ် မှီခို အားထားနေရသည့် မိသားစုများ၏ ဘဝရပ်တည်ရေး အတွက်လည်း အ ထောက်အပံ့ပေးရာ ရောက်ကြောင်း ဒေါက်တာကေဇင်စိုးက ဆိုသည်။

HIV ပိုးရှိသူတွေကို အလုပ်က ထုတ်မပစ်ဘဲ လက်ခံထားတဲ့အတွက် အောင်မြင်နေတဲ့ ကုမ္ပဏီတွေ၊ အိမ်နီး ချင်းထိုင်းနိုင်ငံမှာ အများအပြားပဲ။ သူတို့ဆီကနေ မြန်မာနိုင်ငံကို တင်သွင်း နေတဲ့ မုန့်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခု ဆိုရင် HIV ပိုးရှိသူတွေနဲ့ပဲ လုပ်ကိုင်နေ ကြတာဖြစ်ပြီး တော်တော်လည်း အောင်မြင်တယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် ထိုင်းအစိုးရကလည်း အားပေးသည့် အနေဖြင့် ၎င်းကုမ္ပဏီ၏ ကုန်သွယ်ခွန်ကို အခြား ကုမ္ပဏီများထက် ၂ ရာခိုင်နှုန်းလျှော့ယူသည့် သာဓကများ ရှိပြီး မြန်မာနိုင်ငံတွင်မူ ယခု ဒီလိုမျိုး မရှိဘဲ ခွဲခြားဆက်ဆံမှုများမှာ နေရာ တိုင်းလိုလို၌ ရှိနေဆဲဖြစ်၍ အစိုးရနှင့် ပြည်သူအားလုံးက ဝိုင်းဝန်း တိုက်ဖျက် ရန် လိုသည်ဟု ၎င်းက ရှင်းပြသည်။ံHIV ပိုးရှိသူအား အလုပ်ထုတ်မှု၊ မထုတ်မှုနှင့် ပတ်သက်၍ နိုင်ငံတစ်ခုနှင့် တစ်ခု ပြဋ္ဌာန်းချက် မတူညီသော်လည်း နိုင်ငံခြား တိုင်းပြည်အများစုတွင် HIV ပိုးရှိသူများအား ခွဲခြားမှုမရှိရန် တိတိကျကျ ဥပဒေဖြင့် ပြဋ္ဌာန်းပေးထားသည်။ ပြည်ပနိုင်ငံများ၏ အလုပ်သမားဥပဒေတွင် ဝန်ထမ်း၌ HIV ရှိပါက အလုပ် မထုတ်ပစ်ရဘဲ စောင့်ရှောက်မှု ပေးရမည်ဟု တိကျစွာ ရေးထားခြင်းမျိုးရှိ ကြောင်း UNAIDS ဝန်ထမ်းဟောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

”တချို့နိုင်ငံတွေမှာ သူတို့ကို ကာကွယ်ရမယ် ဆိုတာ ရှိတယ်။ မြန်မာမှာတော့ မရှိဘူး” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင်လည်း ခွဲခြားမှု မရှိရဟူ၍ ဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းပေးပါက ပို၍ ကောင်းမွန် မည်ဟု ၎င်းက အကြံပြုသည်။ အလုပ်သမား ဥပဒေတို့တွင် မပါရှိ သလိုလုပ်သားများ အခွင့်အရေး အများစုကို ကာကွယ်ရန် ရေးဆွဲထားသည့် ၂ဝ၁၄ ခုနှစ်တွင် စတင်အသက် ဝင်လာတော့မည့် လူမှုဖူလုံရေး ဥပဒေ သစ် တွင်လည်း HIV ပိုးရှိသူများအား ခွဲခြားဆက်ဆံမှု မရှိစေရန် ပြဋ္ဌာန်းထားခြင်းမျိုး မပါရှိကြောင်း လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ခုခံအားကျဆင်းမှု ရောဂါတိုက် ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာ မြင့်ရွှေက HIV ရှိ၊ မရှိ သွေးစစ်ခြင်း ဖြင့်မည်သို့သော အဖြေရသည်ဖြစ်စေ ပြင်းထန်သော စိတ်သောကနှင့် လူမှုရေး ပြဿနာ များကို ဖြစ်ပေါ်စေနိုင်သည့် အတွက် လေးလေးနက်နက် ဆွေးနွေး တိုင်ပင်ပြီးမှသာ ကာယကံရှင်၏ဆန္ဒ အတိုင်း စစ်ဆေးသင့်ပြီး ရရှိလာသော အဖြေကိုလည်း လုံခြုံလျှို့ဝှက်ထားသင့် ကြောင်း သူ့အမြင်ကို ပြောသည်။

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (MBCA) က လုပ်ငန်းရှင် အနေဖြင့် ရောဂါကူးစက်ခံရသည့် ဝန်ထမ်းအပေါ် ကိုယ်ချင်း စာစိတ်ထား၍ နှစ် သိမ့်ဆွေးနွေးမှု ခံယူစေခြင်း၊ လုပ်ငန်းခွင် အတွင်း အခြား သူများမရိပ်မိစေရန် HIV ။ဗှီု ကျန်းမာရေးပညာပေးမှု အစီအစဉ်များ ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်လူမှုရေး အထောက်အပံ့များ ပေးခြင်း တို့ကိုသာ ဆောင်ရွက် သင့်ပြီး ခွဲခြားပစ်ပယ် အပြစ်တင်ခြင်း၊ နှိမ့်ချဆက်ဆံခြင်း၊ သတင်း အချက်အလက်များ ပေါက်ကြားစေခြင်း၊ အလုပ်မှ ထုတ်ပယ်ရပ်ဆိုင်းခြင်းနှင့် ရောဂါရရှိလာပုံနောက်ကြောင်း ပြန်စစ်ဆေးခြင်းတို့ကို မလုပ်သင့်ကြောင်း အကြံပြုထားသည်။HIV ရှိသူတွေကို အလုပ်ထုတ် တာ၊ အလုပ်မခန့်တာဟာ ခွဲခြားဆက်ဆံတာပါပဲ။ ခွဲခြားဆက်ဆံခြင်းရဲ့ အဓိက အကြောင်းတရားကတော့ အကြောက်တရားပဲ။ လူတွေက ကိုယ်နဲ့ မတူတဲ့ အယူအဆရှိတဲ့သူ၊ ကိုယ်နဲ့မတူတဲ့ ပုဂ္ဂိုလ်တွေကို မလိုလားဘူး။ အခြေခံအားဖြင့် အကြောက်တရားပဲ။ ကိုယ်နဲ့ မတူတဲ့ လူဆိုရင်ကိုယ့်အတွက် အန္တရာယ် ရှိတယ်ထင်ပြီး ခွဲခြား ဆက်ဆံကြတယ်။ ခွဲခြားဆက်ဆံတဲ့ သူတွေဟာ HIV ရောဂါရှိသူတွေအပေါ် မကောင်းတာ လုပ်လို့ ဖြစ်တာဆိုပြီး ပြောကြတယ်။ ခွဲခြားကြတယ်။ အဲဒီလူတွေကို HIV/AIDS ပညာပေးတွေ လုပ်တော့လည်း ဒီလူတွေက စာရိတ္တ မကောင်းလို့ ဖြစ်ရတာ ဆိုပြီး ခွဲခြားဆက်ဆံကြပြန်တယ်။ သတ္တိနည်းတဲ့ သူတွေသာ ခွဲခြားဆက်ဆံတယ်။ ခွဲခြားဆက်ဆံသူတွေဟာ လူတန်းစားရဲ့ သဘာဝ နားမလည်ခြင်းနဲ့ လက်မခံခြင်းပဲ။ ဒီလို ခွဲခြား ဆက်ဆံနေတာဟာ ဗဟုသုတနည်းလို့ လည်းပါတယ်။ အမှန်က HIV ပိုး ကူးစက်ခံထားရသူတွေကို ကရုဏာပေးရမယ်။ ခွဲခြားဆက်ဆံမှုဟာ ခွဲခြားဆက်ဆံသူတွေက ပိုပြီး ရှက်ဖို့ကောင်းသလို၊ ပိုပြီးလည်း စိတ်ဓာတ်နိမ့်ကျတယ်” ဟု NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က AIDSဖြင့်ကွယ်လွန်သူများ အတွက် အောက်မေ့ဖွယ်မီးထွန်းဆု တောင်းပွဲတွင် ပြောသည်။

HIV/AIDS နှင့်ပတ်သက်၍ အသိပညာဖြန့်ဝေမှုများ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည် ဆိုသော်လည်း ထိုရောဂါသည်များအ ပေါ် ခွဲခြားဆက် ဆံမှုမှာလျော့ကျသွား ခြင်းမရှိ။ HIV ပိုးရှိသူများကို ပစ်ပယ် ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ နေရာ အနှံ့ရှိနေဆဲ ပင်ဖြစ်၍ HIV/AIDS ကူးဆက်ခံ ရောဂါဝေဒ နာရှင် အများစုမှာ အလုပ်လက်မဲ့ဖြင့် ဘဝရပ်တည်ရေးမှာ ခက်ခဲနေဆဲမြဲဖြစ်သည်။

သူရထွန်း၊ မာလာသန်း

Popular -ဘဝနှင့် လူ့အဖြစ်၏ ရွာပြင်ရောက်နေရဆဲ မိအေးနှစ်ခါနာ HIV သားကောင်များ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top