အထူးသဖြင့်
ကျွန်တော်တို့ အရှေ့တိုင်း အိမ်ထောင်ရှင်မ များသည် မိမိခင်ပွန်းသည်မှာ ယောက်ျား ပီသသော၊
ရုပ်ရည် လက္ခဏာရှိပြီး သားသမီးများလည်း ပွားစီး ထွန်းကားသည် ဆိုလျှင် လောက၌
မိမိယောက်ျားမှ လွဲ၍ အခြား ယောက်ျားတို့အား ရှိသည်ဟုပင် မထင် တော့ပေ။ အရှေ့တိုင်း၏
ယဉ်ကျေးမှု သဘောလည်း ဖြစ်ပါလိမ့်မည်။ ပြီးတော့လည်း မိမိ ခင်ပွန်းယောက်ျား
ပီသသည့်အတွက် မိမိကိုယ်တိုင်က ဖောက်ပြန်ရန် စိတ်မကူးကြပေ။ တစ်ခုပဲ ရှိတာက
သူတို့သည် မိမိယောက်ျား အခြားသော မိန်းမများနှင့် ဖောက်ပြားကြမှာတော့ ပူပင် တတ်ကြလေသည်။
ယောက်ျား ပီသလေ ထိုသို့ သ၀န်တိုစိတ် များလေပင် ဖြစ်ပါသည်။ အနောက်တိုင်းမှာတော့
အများအားဖြင့် ထိုသို့ မဟုတ်ပါ။ လွတ်လပ်ပွင့်လင်းသော ဖိုမ ဆက်ဆံရေးကြောင့်
သ၀န်တိုမှု ကင်းတတ်သလို မိမိကိုယ်တိုင်၌ ကလည်း ဖောက်ပြန် ပျက်ယွင်း တတ်ကြပါသည်။
ယေဘူယျ သဘောကို ဆိုပါသည်။
ထိုထက်ကား ဖိုမ
ဆက်ဆံရေး ပွင့်လင်းလွန်းသောကြောင့် သမာရိုးကျ ကိစ္စများသည် ရိုးအီ သွားတတ်သည့်
ဓမ္မတာ အတိုင်း အဆန်းထွင်ချင်ကြလေသည်။ အခြားမဟုတ် ဖိုဖိုချင်း၊ မမချင်း
လိင်တူဆက်ဆံရေး ခေတ်စားလာကြခြင်း ဖြစ်လာသည်။ အိမ်ထောင်ရှင်များတွင် ဒါမျိုး ဖြစ်ခဲပြီး
လူပျို အပျိုဘ၀တွင် အဖြစ်များလာသည်။ သို့သော် အလွန် မတန် အလိုရမ္မက်ကြီး သူများကား
အဆန်းထွင်ခြင်းပေါ် အခြေခံကာ အိမ်ထောင်ရှိလျက် လိင်တူ ဆက်ဆံခြင်းမျိုးကို
ပြုလုပ်လာတတ်ကြပေသည်။ ဒါက အနောက်တိုင်းမှာသာ အဖြစ်များ ပါသည်။
ကျွန်တော်တို့
မြန်မာမှုနယ်ပယ်တွင် ဒါမျိုး မရှိသလောက် ဖြစ်သော်လည်း မြန်မာနှင့် အနီးစပ်ဆုံး ဖြစ်သော
အိမ်နီးချင်း ထိုင်းတွင်မူ ထိုအဖြစ်အပျက်မျိုး ခုနှယ်ခါ ခေတ်စား နေပါသည်။
ယဉ်ကျေးမှု စီးဆင်းခြင်း ပြင်းထန် လွန်းသောကြောင့် ဖြစ်တန်ရာပါသည်။
အောက်ဖော်ပြပါ
ဖြစ်ရပ်မှန် ဇာတ်လမ်းကလေးကို ဖတ်ကြည့်စေချင် ပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း
“လန်ပန်း” စီရင်စုမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ကာယကံရှင် ကိုယ်တိုင် ရေးသားသော
ကိုယ်တွေ့ ဖြစ်ပါသည်။ စာရေးသူ အမျိုးသမီးသည် ယခုအခါ လန်းပန် ဆေးရုံမှ AIDS ဝေဒနာရှင်များ
စောင့်ရှောက်ရေး အသင်းတွင် ပါဝင်ကူညီနေသူ တစ်ဦး ဖြစ်နေပါပြီ။
..............................................................
ကျွန်မလက်ထပ်တော့
အသက်သုံးဆယ်ခုနစ်နှစ်ပါ။ ကျွန်မယောက်ျားကတော့ သုံးဆယ်ရှစ် ပေါ့။ လက်မထပ်ခင်
နှစ်နှစ်ကတည်းက အတူနေခဲ့ကြတာပါ။ ၁၉၈၆ ခုနှစ်မှာ ကျွန်မသမီးလေး တစ်ယောက်
မွေးခဲ့ပါတယ်။ ပြဿနာတွေ တစ်လှေကြီးနဲ့ပေါ့ရှင်။ ဟုတ်ပါ့။ အလုပ်အကိုင်ပါပဲ။
ကျွန်မတို့ လင်မယား နှစ်ယောက်စလုံးက ညပိုင်းအလုပ် ဆင်းရတယ်လေ။ ဒါနဲ့ ကျွန်မ အလုပ်က
ထွက်လိုက်ပြီး ကုန်စုံဆိုင်လေး ဖွင့်ခဲ့ပါတယ်။ မဆိုးပါဘူး။ ဖောက်သည် တော်တော် ရခဲ့ပါရဲ့။
ကျွန်မယောက်ျားကတော့ ည အလုပ်ပဲ ဆက်လုပ်နေခဲ့တာပေါ့လေ။
၁၉၉၁ ခုနှစ်မှာ
“ကျွန်မ သားတစ်ယောက် ထပ်မွေးခဲ့ပါတယ်။ ဒီတော့ ပိုပြီး ကသီလင်တ နိုင် သွားတာပေါ့ရှင်။
အကုန်အကျတွေကလည်း ပိုများလာပါရော။ ဒီကြားထဲ ကျွန်မ ယောက်ျား ကလည်း အပေါင်းအသင်း
သိပ်မင်တာမို့ သူ့မိတ်ဆွေတွေ သူငယ်ချင်းတွေကလည်း အိမ်မှာ တရုန်းရုန်းနဲ့လေ။
ဒါပေမဲ့ ကျွန်မ မစိုးရိမ်ပါဘူး။ သူ့သူငယ်ချင်း အကုန်လုံးက ယောက်ျား ရင့်မကြီး တွေပဲလေ။
သူက တစ်ခါတလေ သူ့သူငယ်ချင်းတွေကို အိမ်ပေါ် ခေါ်တင် ကျွေးထား တတ်တယ်။
တစ်နေ့တော့
သူ့သူငယ်ချင်း ကောင်လေး နှစ်ယောက်ကို အိမ်ခေါ်လာပါတယ်။ ချောချော လေးတွေ ရှင့်။
သူကပြောတယ်.....
“ကောင်လေးနှစ်ယောက်က
သိပ်ချစ်ကြတာ။ ခုနေစရာ အိမ်မရှိလို့” တဲ့။ ကျွန်မကတော့ ရိုးရိုးပဲပေါ့လေ။
နားမှမလည်ဘဲ။ တစ်ခုတော့ ကျွန်မစိတ်ထဲမသန့်ဘူး။ ကျွန်မယောက်ျားဟာ အရင်နဲ့ မတူဘဲ
အလုပ်စောစောပြီးပေမဲ့ အိမ်ပြန် နောက်ကျ နေတတ်တာကိုပဲ။
နောက်ပိုင်းတော့
သူ အလုပ်ထွက်လိုက်ပါရော။ အကြောင်းပြချက်ကတော့ “ ကလေးတွေကို ပိုဂရုစိုက်နိုင်အောင်”
တဲ့။ သူက အလုပ်ထွက်ပေမဲ့ အလှပြင်ဆိုင် ဖွင့်ခဲ့ပါတယ်။ ကျွန်မလည်း
ကုန်စုံဆိုင်လေးနဲ့ဆိုတော့ ကျွန်မတို့ ဘ၀လေးက သာယာတယ် ဆိုရမှာပေါ့လေ။ ဒါပေမဲ့
မဟုတ် ခဲ့ပါဘူး။ သူက ပိုပြီး လမ်းများလာပါတယ်။ ညတိုင်း လိုလို သူ့သူငယ်ချင်းတွေနဲ့
အပြင် ထွက် လည်နေတော့တာပါပဲ။ အပေါင်းအသင်းကလည်း ပိုများလာပါတယ်။
အဲ .... ကျွန်မ
မကြိုက်တာက အဲသလို သူလမ်းထွက်တဲ့အခါ သူ့ကို သူ့သူငယ်ချင်းတွေက အ၀တ်အစား၊ ရေမွှေး၊
ပေါင်ဒါ စသဖြင့် ပြင်ဆင်ပေးတတ်ကြတာကိုပဲ။ ထူးဆန်းတယ်ရှင့် ဒါဟာ ကျွန်မရဲ့
ယောက်ျားနဲ့ မတူတော့ဘူးလို့ ထင်လာမိပါတော့တယ်။ ပြီးတော့ သူက ကျွန်မ ကို
ပိုက်ဆံတွေလည်း မအပ်တော့ဘူး။ ဒါကြောင့် ကျွန်မသူ့ကို ပိုပြီး သံသယ ရှိလာတယ်။ သူ့ အမူအရာတွေကို
အမြဲစောင့်ကြည့် အကဲခတ်နေမိတော့တယ်။
တစ်နေ့တော့ ... (မှတ်မှတ်ရရ
.... ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ သုံးဆယ့်တစ်ရက်နေ့ ညနေ လေးနာရီ) သူအပြင်က ပြန်လာတော့
သူငယ်ချင်းတစ်ယောက်ကို ခေါ်လာပါတယ်။ ကျွန်မ လည်း ထုံးစံအတိုင်း တခြားအခန်းမှာ
သူ့သူငယ်ချင်းအိပ်ဖို့ နေရာချပေးရတာပေါ့။ ဒါပေမဲ့ ကျွန်မ ယောက်ျားက ပြောလာပါတယ်။
“ကိုယ် ဒီနေ့
အရက်တွေ သောက်လာတယ်။ မင်း အနံခံနိုင်မှာ မဟုတ်ဘူး ဒါကြောင့် သူငယ်ချင်းနဲ့ပဲ
သွားအိပ် လိုက်မယ်” တဲ့။ ကျွန်မကလည်း အင်းပေါ့။ အိပ်ပေါ့။ ဒါပေမဲ့ ကျွန်မဟာ
ကိုယ့်အခန်းမှာ ကိုယ် အိပ်မပျော်ခဲ့ပါဘူး။ ကပ်ရက်အခန်းက အသံဗလံတွေ ကြားနေရတာကိုး။
အိုး ... နားရှက်စရာ အသံတွေ။ ဟုတ်ပါရဲ့ ... ကလူ၏သို့ မြှူ၏သို့ ချစ်စနိုး
ကျီစယ်နေတဲ့ အသံတွေ ပါလား။ ဘုရား ဘုရား။ အိုး ... ဒါသူတို့ ယောက်ျား ရင့်မာကြီးတွေ
မဟုတ်ဘူးလား ရှင်။ ကျွန်မ လုံးဝ နားမလည်နိုင်တော့ ပါဘူး။ ယုံလည်း
မယုံနိုင်အောင်ပါပဲ။ ဒါနဲ့ ကျွန်မ သူတို့ အခန်းကို အသာ သွားချောင်းကြည့်ပါတယ်။
အောင်မလေး ကယ်ကြပါဦးရှင်။ ကျွန်မလင် ယောက်ျား ရင့်မာကြီးလေ။ အိုး.... ကျွန်မ
မျက်စိတွေ ပြာကုန်ပါပြီ။ ရှက်လွန်းလို့ အသက်တောင် မရှုနိုင်တော့ပါဘူး။ သူမှ သူ
အစစ်၊ အိုး ... ကျွန်မကို ချစ်ခင် ယုယနေတဲ့ အတိုင်းပါပဲလား။ ဒါဟာ ၁၉၉၆ ခုရဲ့
နှစ်သစ်ကို ကြိုဆိုလိုက်တာ ပါလား ရှင်တို့ ရယ်။
အဲဒီကတည်းက
ကျွန်မ သူနဲ့အတူ မအိပ်တော့ပါဘူး။ သူ့ဆီကလည်း ဘာမှ မမျှော်လင့်တော့ ပါဘူး။
ကလေး တွေလည်း ကြီးလာပြီ။ ကျွန်မရဲ့ဆိုင်ကလည်း ပုံမှန် ၀င်ငွေရှိနေပြီပဲ။
၁၉၉၇ ခုနှစ်မှာ
ကျွန်မယောက်ျားဟာ သူ့အလှပြင်ဆိုင်ကိုပါ ပိတ်လိုက်ပါတယ်။ သူဟာ လူ့ဗလ ကြီးကနေ
လူ့ဗလံလေး ဖြစ်သွားပါပြီကော။ သူ့ရဲ့ ရုပ်ရည်ကလည်း AIDS ရောဂါသည် ပုံ ပေါက်နေ ပါပြီ။
သူဟာ
ရောဂါသည်ကြီး ဖြစ်နေပါပြီလား။ ကျွန်မ အကြီးအကျယ် တုန်လှုပ်ချောက်ချား ပါတော့တယ်။
နော့ဖြင့် ကျွန်မကိုယ်တိုင်ကရောတဲ့။
ကျွန်မမှာ
ဒီရောဂါ စွဲကပ်နေပြီလား။ မပြောတတ်တော့ဘူးလေ။ ဒါပေမဲ့ ကျွန်မတို့ အသက် တွလည်း
ရလာခဲ့ပြီမို့ ဒါတွေ သိပ်စဉ်းစားပြီး ပူဆွေးမနေသင့်ပါဘူး။
ကျွန်မသူ့ကို
ပြန်ခေါ်လာခဲ့တယ်။ ကျွန်မကိုယ်တိုင်ပဲ ဆေးရုံဆေးခန်းတွေ ပြပေးခဲ့တယ်။ သူ့ကို ကျွန်မ
ပြုစုရမယ့် အချိန်ရောက်ပြီ မဟုတ်ပါလား။ ဒီတော့လည်း သူ့ကိုကြည့်ရတာ ပြန်ပြီး
ကျန်းမာလာသလိုပဲ စိုစိုပြည်ပြည် ဖြစ်လာ သလိုပဲ။ ထူးခြားတာက ကျွန်မရဲ့ ပတ်ဝန်းကျင်က
လူတွေဟာ ကျွန်မတို့ မိသားစုအပေါ် မလိုမုန်းထား မရှိကြတာ ပါပဲ။ ကျေးဇူးတင်ပါတယ်ရှင်။
ကောင်းပါပြီလေ။
ဒါနဲ့ ပြီးရောတဲ့လား။ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မကိုယ် ကျွန်မ စစ်ဆေးရ ပါဦးမယ်။
ကျွန်မမှာ AIDS ရောဂါဆိုးကြီး ကပ်ငြိခဲ့သလား။ ကျွန်မဟာ လူကောင်း တစ်ယောက် ပဲလား ဆိုတာ။
ပြီးခဲ့တဲ့
ဇူလိုင်လတုန်းက ကျွန်မဆေးရုံသွားပြီး သွေးစစ်ခဲ့ပါတယ်။ ဘယ်လို ထင်မြင်ကြ ပါသလဲ။
သေချာတာပေါ့ရှင်။ မဟုတ်ဘူးလေ။ ကျွန်မ ဘာမှမဖြစ်ဘူး။ ကျွန်မ လူကောင်း ပကတိ ပဲတဲ့။
ကျွန်မ ဆေးအောင်ပါသတဲ့။ ကိုင်း .... ကျွန်မ ဘယ်လောက် ကံကောင်းသလဲ။ ဒါဟာ
လူတစ်ထောင်မှာ တစ်ယောက်ဖြစ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ဆန်းပါ။ တစ်ခုတော့ ရှိတာပေါ့လေ။
ကျွန်မကလည်း သူဟာ တစ်ခြားယောက်ျားလေးတွေနဲ့ ပရောပရီလုပ်တာ သိသိချင်း သူနဲ့ အတူ မနေ၊
မအိပ်တော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မနဲ့ ခွဲနေပြီးမှ သူ့မှာ AIDS ရောဂါ
ဖြစ်လာခဲ့ တာလည်း ဖြစ်နိုင်ပါတယ်။ ကံတရားကလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကတော့
ဆုံးဖြတ်ချက် ချပြီးပါပြီ။ ကျွန်မရဲ့ ရင်သွေးတွေကို ကျွန်မ ကောင်းကောင်း
ဂရုစိုက်ရမယ်။ သူတို့ ရှေ့ရေးအတွက် ကျွန်မအလုပ်တွေ အများကြီး လုပ်ရမယ်။
ပြီးတော့
ကျွန်မ ယောက်ျား ဟုတ်ပါ့ ... ရောဂါဝေဒနာ ခံစားနေရရှာတဲ့
ကျွန်မချစ်တဲ့ ခင်ပွန်းကိုလည်း သူ့ အသက်ရှင် နေသမျှ ကျွန်မ ဂရုစိုက်
လုပ်ကျွေးပြုစုရပါမယ်။
အိုး ...
သူ့အသက်ရှည်နိုင်သမျှ ရှည်အောင် ကြိုးစားရမှာပါလေ။
သုမောင် - ကျေးဇူးပဲ AIDS




