ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲ မြို့မတွင်ရှိသော မူးယစ်ဆေးသုံးစွဲသူများအတွက် မိုးကောင်းအခြေစိုက် နိုင်ငံတကာကျန်းမာရေး (NGO) အဖွဲ့ တစ်ဖွဲ့မှ တစ်လလျှင် တစ်ခါသုံးဆေးထိုးအပ် ၆၀၀၀ ကျော်ထောက်ပံ့ပေးနေကြောင်း သိရသည်။
ယခုနှစ်ဧပြီလမှစပြီး ၎င်းတစ်ခါသုံးဆေးထိုးအပ်ကို နိုင်ငံတကာကျန်းမာရေး (NGO) အဖွဲ့မှပေးခြင်းဖြစ်ကြောင်း သိရသည်။ တစ်ခါသုံးဆေးထိုးအပ်များကို တစ်ပတ်(၁)ကြိမ် သောကြာနေ့တိုင်း ပို့ပေးနေခြင်းဖြစ်ပြီး တစ်ခါပို့လျှင် ဆေးထိုးအပ် ၁၅၀၀ ကျော် ပို့ပေးနေကြောင်း NGO အဖွဲ့မှ နီးစပ်သူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ကားမိုင်းမြို့တွင် အိမ်ခြေ ၃၀၀၀ ကျော်ရှိပြီး ၎င်းတစ်ခါသုံးဆေးထိုးအပ် ၁၅၀၀ သည် မြို့မတွင်ရှိသော သွေးကြောအတွင်း ဘိန်းများထိုးသွင်းသူများအတွက်သာ ဖြစ်ကြောင်းသိရသည်။ ယခုချိန် ကားမိုင်းမြို့နယ်ခွဲ မြို့မတွင် မှူးယစ်ဆေးသုံးစွဲသူအများဆုံးသည် လူငယ်များဖြစ်နေကြောင်း သိရသည်။
“ခုကျနော်တို့မှာ မူးယစ်သုံးစွဲနေတာ ၁၀ ယောက်မှာ ၇ ယောက်က ဆေးစွဲနေကြတာ။ ၁၅ နှစ် အရွယ်ကလေးတွေ ဆေးစွဲနေကြတယ်။ အထက်တန်း ကျောင်းသားတွေလည်း များတယ်။ လူငယ်တွေ အသက်ကြီးတဲ့သူတွေလည်းရှိတယ်။ ဘိန်းဖြူ၊ ဘိန်းမဲအားလုံး သုံးစွဲနေကြတယ်။” ဟု ဆိုသည်။
ဆေးထိုးအပ်များကို ပေါင်းသုံးခြင်းဖြင့် ခုခံအားကျဆင်းရောဂါ AIDS ဖြစ်ပွားမှု လျှော့နည်းအောင် ယခုလို အစိုးရခွင့်ပြုချက်အရ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်းသိရသည်။ သို့သော် မူးယစ်ဆေးစွဲသူများသည် အသုံးပြုပြီးသော တစ်ခါသုံးဆေးထိုးအပ်များကို စနစ်တကျ စွန့်ပစ်ခြင်း မရှိခြင်းကြောင့် ဒေသခံများစိုးရိမ်နေသည်။
“သုံးပြီးဆေးထိုးအပ်တွေ လမ်းဘေးမှာ ပြန့်ကျဲနေတယ်။ တချို့ကမြစ်ချောင်းထဲ ပစ်တယ်။ ရေစီးလာတော့ ရွာအောက်မှာနေသူတွေက ဆေးထိုးအပ်တွေစူးမိမှာကို အရမ်းစိုးရိမ်တယ်။” ၎င်းဒေသတွင် မူးယစ်ဆေး များကို လွတ်လပ်စွာရောင်းချနေသူများပြီး မှူးယစ်ဆေးသုံးစွဲသူ များခြင်းကြောင့် ရာဇ၀တ်မှုပြဿနာလည်းများနေကြောင်း သိရသည်။ ကားမိုင်းမြို့တွင် မြန်မာအစိုးရ ရဲစခန်းရှိသော်လည်း မှူးယစ်ဆေးများ လွတ်လပ်စွာရောင်းချမှုများနှင့် သုံးစွဲ သူများကို ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေးယူသည့် (၂၀၀၄) ခုနှစ်မှ ၎င်းဒေသတွင် မှူးယစ်ဆေးဝါးများပေါများလာခြင်းသည် ယခုချိန်ထိ ဖြစ်ကြောင်း သိရသည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO တပ်ရင်း (၆) တပ်ဖွဲ့မှ မှူးယစ်ဆေးရောင်းသူ ၃ ဦးကို ဖမ်းဆီးပြီး သတိပေး ၍ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ ယခုအချိန် ၎င်းဒေသရှိ ဒေသခံအချို့သည် တနိုင်း (Danai) ဘက်သို့ ဘိန်းခြံလုပ်ရန်ရောက်ရှိနေကြကြောင်း သိရသည်။
ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြန့်နှံ့မှု အများဆုံးဒေသဖြစ်နေသော်လည်း လွပ်လပ်စွာ တိုက်ဖျက်ခြင်းမရှိပဲ ခရစ်ယာန်အသင်းအဖွဲ့ နှင့် အစိုးရမဟုတ်သော NGO အဖွဲ့များက မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် စီမံကိန်းလုပ်ငန်းများ လုပ်ဆောင် အစိုးရထံတောင်းဆိုခဲ့သော်လည်း လုံးဝခွင့်ပြုခြင်းမရှိကြောင်း ခရစ်ယာန်ဆရာများကပြောသည်။
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့သည် ယမန်နှစ်အောက်တိုဘာလမှ စပြီး မူးယစ်ဆေးတိုက်ဖျက်ရေးကို ၄င်းတို့ အုပ်ချုပ်နယ်မြေတွင် ပြင်းပြင်း ထန်ထန် ပြုလုပ်နေသော်လည်း အစိုးရအုပ်ချုပ်နယ်မြေတွင် ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသောကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းလာခြင်း မရှိကြောင်း ဒေသခံများပြောသည်။
KNG - ဘိန်းစားများအတွက် တစ်လလျှင် ဆေးထိုးအပ် ၆၀၀၀ ကျော် ကားမိုင်းသို့ ပို့ပေးနေ




