လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်အတွင်း ဘူတန်နိုင်ငံရဲ့ ပထမဆုံး HIV/AIDS ရောဂါဝေဒနာရှင် ငါးဦးထဲမှာ ဝမ်ဂဒါဒေါ်ရီနဲ့ ချိုဒန် လို့ခေါ်တဲ့ဇနီးမောင်နှံ နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဘူတန်နိုင်ငံရဲ့ HIV/AIDS ရောဂါကို ထိန်းချုပ် ဟန့်တားပုံက ကောင်းမွန်ခဲ့တဲ့အတွက် သူတို့ ဇနီးမောင်နှံနှစ်ဦးလည်း ယနေ့တိုင် သာမန်လူသားတွေလို ဘဝတစ်ခုကို အဓိပ္ပယ်ရှိစွာ ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။
ဒေါ်ရီနဲ့ ချိုဒန်တို့ ဇနီးမောင်နှံဟာ ၂၀၀၆ ခုနှစ်နွေရာသီမှာ ဒုတိယရင်သွေးလေးကို လွယ်ထားရသူတွေ ဖြစ်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးကိုဆေးရုံပို့ပြီး အိမ်ပြန်လာချိန်မှာ ဆေးရုံက ဒေါ်ရီ့ဆီကို ဖုန်းလှမ်းဆက်ပါတယ်။ ဇနီးကိုခေါ်ပြီး ဆေးရုံပြန်လာဖို့ပါ။ ဘာကြောင့်မှန်း မသိပေမယ့် ဒေါ်ရီတစ်ယောက် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ ဇနီးမောင်နှံ နှစ်ဦးလုံးမှာ HIV/AIDS လက္ခဏာ ရှိနေပြီဆိုတာ သေချာသွားခဲ့ပါတယ်။ တစ်ယောက်တည်းဘဝ လေလွင့်နေခဲ့တဲ့ အချိန်တွေတုန်းက မူးယစ်ဆေး သုံးစွဲဖူးတဲ့ ဒေါ်ရီ့ဆီမှာ ဒီရောဂါလက္ခဏာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံ နှစ်ဦးလုံး ဘဝဟာ အမှောင်အတိကျသွားသလို မျှောင်လင့်ချက်မဲ့တဲ့ ခံစားမှုမျိုး ၂၁၃၄ ဖြစ်သွားခဲ့ပေမယ့် ဘူတန်နိုင်ငံက သူတို့ကိုပစ်မထားခဲ့ပါဘူး။ ဘူတန်ဟာ လူဦးရေ နည်းပါပြီး လူနေမှု ကျစ်လစ်တဲ့အတွက် ဒီလိုသတင်းမျိုး အပြင်ရောက်သွားခဲ့ရင်သူတို့ကို လူတွေပစ်ပယ်ထားကြမှာကို ဒေါ်ရီနဲ့ ချိုဒန်တို့ ဇနီးမောင်နှံ ကြောက်ရွံ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ဘူတန်မှာ HIV/AIDS
ရောဂါအကြောင်း အသိပညာပေးမှုတွေ အင်တိုက်အားတိုက်လုပ်ဆောင်လာပြီး ဘူတန်ဘုရင်ရဲ့ မိဘုရားတွေထဲက တစ်ပါးတောင် ဒီလှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ပါတယ်။ ဘူတန်ဟာ ပထဝီအနေအထားအရ သီးသန့်တည်ရှိတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပေမယ့် တရုတ်၊ အိန္ဒိယတို့နဲ့ ထိစပ်နေတဲ့နေရာတွေက ဒေသတွေမှာ HIV/AIDS ဝေဒနာရှင်တွေကို အများဆုံး တွေ့ခဲ့ရပါတယ်။ ၂၀၀၈ အရောက်မှာတော့ ဘူတန်မှာ တရားဝင်စာရင်းအရ HIV/AIDS ဖြစ်သ ၁၄၄ ဦးရှိလာပါတယ်။
နောက်ပိုင်းမှာတော့ ဘူတန်ဘုရင်ကိုယ်တိုင် ဒေါ်ရီနဲ့ ချိုဒန်တို့ကို တွေ့ဆုံပွေ့ဖက်အားပေးခဲ့ပြီး ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရမယ်ဆိုတဲ့ အားပေးစကားတွေပြောခဲ့ပါတယ်။ အခုဆိုရင် ဒေါ်ရီတို့ ဇနီးမောင်နှံဟာ သာမန်လူတွေအတိုင်း ဘဝကို ဖြတ်သန်းနေသလို သားသမီးလေးဦးတောင် ရှိသွားပြီဖြစ်ပါတယ်။ ဒေါ်ရီကလည်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုမှာ ခေါင်းဆောင် အဖြစ် အလုပ်လုပ်နေသူဖြစ်နေပါပြီ။ ဘူတန်နိုင်ငံ သားတွေလည်း HIV/AIDS ရောဂါသည်တွေကို ကြောက်စရာလူသားတွေလို ပစ်ပယ်မထားတော့ပဲ ရင်းနှီးစွာ ဆက်ဆံတက်တဲ့ အသိပညာမျိုး ရလာနေပြီဖြစ်ပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုတွေ ကတော့ နိုင်ငံအတွင်းမှာ ဒီရောဂါဆိုးကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။
Source - BBC
Planet - ဘူတန်ဘုရင် ဖေးမကူညီခဲ့တဲ့ နိုင်ငံရဲ့ပထမဆုံး HIV/AIDS ရောဂါသည် ဇနီးမောင်နှံ




