23
Mar

ဘ၀ကိုအားမလျှော့တဲ့ ဖက်ရှင်ဒီဇိုင်နာ မွန်ဒို Mondo Guerra

ကြည့်ခဲ့တာ
နည်းနည်းကြာပါပြီ။ အမေရိကန်က Project Runway လို့ခေါ်တဲ့ ဖက်ရှင်ပြိုင်ပွဲတစ်ခုဖြစ်
တဲ့ TV Reality Show တစ်ခုပါ။ နှစ်တိုင်း အဲဒီဖက်ရှင်ပြိုင်ပွဲကို TVမှာလာလျှင်
ကြည့်ဖြစ်ပါတယ်။ ပြိုင်ပွဲလုပ်လာတာ အခုဆိုလျှင် Season 8 (ရှစ်နှစ်) ရှိပါပြီ။
ဒီနှစ်မှာတော့ ထူးခြားတာလေးတွေ ပါသလို ပြိုင်ပွဲဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့
ဘ၀အတွေ့အကြုံ ခံစားချက်လေးတွေပါပါတယ်။

 

ပြိုင်ပွဲကို
၂၀၀၆ခုနှစ်မှာ စခဲ့ပြီး ပြိုင်ပွဲရဲ့ နေရာကတော့ နာမည်ကျော် နယူးယော့ခ်စီးတီးမှာပါ။
ပြိုင်ပွဲကို လက်ရွေးစင် ၁၂ယောက်နဲ့ စပါတယ်။ အပတ်စဉ်တိုင်းမှာ
ခေါင်းစဉ်တစ်ခုချင်းစီရှိပြီး အဲဒီခေါင်းစဉ်နဲ့ပါတ်သက်တဲ့ ဖက်ရှင်ဒီဇိုင်း ကို
ဖန်တီးရပါတယ်။ ပြိုင်ပွဲခေါင်းစဉ်တခုစီအောက်မှာ အမှတ်အနည်းဆုံး ရတဲ့
သူတစ်ယောက်ချင်းစီကို တပတ်ချင်းစီ မှာ ဖြုတ်ပစ်ပါတယ်။ နောက်ဆုံး အကောင်းဆုံးသုံး ယောက်ကျန်တဲ့
အထိပါ။ နောက်ဆုံးသုံးယောက်က Newyork Fashion Week ကျရောက်လာတဲ့ အချိန်မှာ Bryant
Park မှာ ဖက်ရှင်ရှိုးလုပ်ပြီး ပြိုင်ရပါတယ်။(ကမ္ဘာမှာ အဓိက နာမည်အကြီးဆုံး
ဖက်ရှင်ပြပွဲကို Fashion week လို့ခေါ်ပါတယ်။ တစ်နှစ်မှာ လေးကြိမ်ကျင်းပပြီး တစ်ကြိမ်စီကို
နယူးရော့ခ်၊ပဲရစ်၊လန်ဒန်၊ မီလန် စတဲ့မြို့ကြီးတွေမှာပဲ ကျင်းပလေ့ရှိပါတယ်။) အကောင်းဆုံးဆုရတဲ့
သူက အမေရိကန်ဒေါ်လာ တစ်သိန်း (မြန်မာကျပ်ငွေ သိန်းတစ်ထောင်နီးပါး)အပြင် ကမ္ဘာကျော်
ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Marie Claire Magazine မှာ သီးသန့်ဒီဇိုင်းဖော်ပြချင်းခံရပါတယ်။
နောက်ပြီး Bluefly.com မှာလည်း ဒီဇိုင်းတွေကို ရောင်းချခွင့်ရပါတယ်။ ဆုတွေက
တကယ့်ကို ထိုက်တန်တော့ အဲဒီပြိုင်ပွဲက ဖက်ရှင်ဒီဇိုင်နာတိုင်းရဲ့ အိပ်မက်ပေါ့။
နောက်ပြီး တီဗွီမှာလည်း အပတ်စဉ် (နှစ်လ)နီးပါး လောက် ပြိုင်ပွဲကို ပြနေတော့
အလိုလိုနေရင်း လူသိလာတာပေါ့လေ။

 

အခု
ဒီနှစ် Season 8 မှာတော့ အရမ်းကို ထူးခြားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပါလာတယ်။
သူ့နာမည်က မွန်ဒို Mondo Guerra ပါ။ သူကတော့ မက္ကဆီကိုလူမျိုးနဲ့
အမေရိကန်လူမျိုးတို့ စပ်ထားတာပါ။ သူ့ ပုံစံကို ကြည့်လိုက်လျှင် ခေါင်းလေးကကြီးနေပြီး
ခန္ဓာကိုယ်က သေးနေတော့ ကာတွန်းရုပ်ကလေးနဲ့ တူပါတယ်။ ပြိုင်ပွဲစ၀င်ကာစမှာ ဘယ်သူနဲ့မှ
သူစကားသိပ်မပြောပါဘူး။ သူ့ဒီဇိုင်းကိုပဲ အဓိက အာရုံ ထားပါတယ်။ အပတ်တိုင်းမှာလည်း
သူ့လက်ရာတွေက တိုးတက်လာပါတယ်။ ဒီဇိုင်နာတွေအားလုံး ထဲ သူ့လက်ရာတွေက အရမ်းကိုသိသာထူးခြားလာပါတယ်။
အထူးသဖြင့် သူ့ရဲ့ခပ်တောက်တောက် အရောင်တွေ ဆေးဆိုးပန်းရိုက်ပိတ်စဒီဇိုင်းတွေကြောင့်ပါ။

 

မွန်ဒိုလို့
ပြောလိုက်ရင် ပထမဆုံးပြေးမြင်မိတာက အရောင်ပါ။ သူ့အရောင်တွေက ခရမ်းရောင်တွေ
ပန်းရောင်တွေ။ တကယ့်ကို မျက်စိထဲမှာ စူးခနဲ ဖြစ်သွားမယ့် အရောင်မျိုးတွေပါ။
ထူးခြားတာက သူ့အရောင်တွေကို ကြည့်လိုက်ရင် ပျော်ရွှင်တက်ကြွတဲ့ ခံစားမှုတွေ
ပေးနိုင်တာပါပဲ။ နောက်ပြီး အရောင်တစ်ခုနဲ့ တစ်ခုကို ဆက်စပ်လိုက်တဲ့ အချိန်မှာ
မျက်စိကြိမ်းစေမယ့် အရောင်တွေက မျက်စိထဲ မှာ အတော့်ကို ကြည့်ကောင်းတဲ့ အရောင်တွေ
ဖြစ်သွားကြပါတယ်။

 

ပြိုင်ပွဲမှာ
တခါတလေ ၀တ်ပြီးသား သတို့သမီးအရံတွေရဲ့ ဂါဝန်တွေကို ဖက်ရှင်ကျကျ ထသွားထလာ ၀တ်ရတဲ့
အကျီင်္တွေ ဖြစ်အောင် ပြင်ချုပ်ရပါတယ်။ တခါတလေ အမေရိကန်သမ္မတကတော် ဂျက်က လင်းကနေဒီရဲ့
အားကစားဝတ်စုံတွေကို နမူနာကြည့်ပြီး ဒီဇိုင်းဆွဲရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။

 

အပတ်စဉ်၁၀ရောက်တဲ့
ပြိုင်ပွဲက မွန်ဒိုကို စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်စေတဲ့ ပြိုင်ပွဲတစ်ခု ဆိုလျှင်လည်း
မမှားပါဘူး။ ပြိုင်ပွဲနာမည်က There’s a pattern hereပါတဲ့။ ဒီဇိုင်နာတွေက သူလို ချင်တဲ့
အရောင်တွေ အစင်းတွေကို ရှာပြီး ချုပ်ကြပါတယ်။ ဒါပေမယ့် အခုဒီပြိုင်ပွဲမှာတော့
သူတို့လို ချင်တဲ့ အရောင်တွေအကွက်တွေကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးရပါတယ်။
အဲဒီလိုဖန်တီးဖို့ Inspiration လုပ်ဖို့အတွက် ပြိုင်ပွဲကျင်းပတဲ့သူတွေက
သူတို့နဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေ ချစ်သူရည်းစားတွေ ကို ဖိတ်ခေါ်လိုက်ပါတယ်။
ပြိုင်ပွဲဝင်တွေက သူတို့ဘ၀နဲ့ အရင်းနှီးဆုံးသူတွေနဲ့ တနေ့တာလျှောက် လည်ခွင့်
ပေးလိုက်ပြီး သူတို့ငယ်စဉ်ကလေးဘ၀၊ ဒါမှမဟုတ်မိသားစု ပုံရိပ်တွေ ထင်ဟပ်နေတဲ့ ပိတ်စ
ဒီဇိုင်းကို ဆွဲရမှာပါ။

 

မွန်ဒိုရဲ့
အမေက မွန်ဒိုဆီကိုရောက်လာပြီး တနေ့တာ လည်ပတ်ကြပါတယ်။ မွန်ဒို အဲဒီပြိုင်ပွဲအတွက်
ဘာဆွဲမလဲ။ အပတ်စဉ် ၁၀ရောက်လာတဲ့ အချိန်မှာ ဒီဇိုင်နာ စုစုပေါင်း ၇ယောက်ပဲ
ကျန်ပါတော့တယ်။ စုစုပေါင်း ၁၃ယောက်နဲ့ စခဲ့တာ၊ ၆ယောက်က ပြုတ်သွားပါပြီ။ ကျန်ခဲ့တဲ့
လက်ရွေးစင်တွေကလည်း တကယ့်အတော်တွေချည်းပဲ ဆိုတော့ မွန်ဒို အတွက် အကြိတ်အနယ်
ယှဉ်ပြိုင်ရမယ့်ပွဲပါပဲ။

 

နောက်တော့
မွန်ဒိုက သူ့ထုံးစံအတိုင်းအတိုင်း ခပ်တောက်တောက်ခရမ်းရောင်ကို အ၀ါရောင်ဘောင်
လေးတွေ ခတ်ထားတဲ့ အပေါင်းလက္ခဏာလေးတွေနဲ့ ပိတ်စဒီဇိုင်းကို ဆွဲပါတယ်။ အဲဒီ အပေါင်း လက္ခဏာလေးတွေက
သူ့ဘ၀ရဲ့ သင်္ကေတပါပဲ။ သူ့ရဲ့ဒီဇိုင်းကို မော်ဒယ်လ်က၀တ်ပြီး Runway ပေါ်တင်လိုက်တဲ့အခါ
အမှတ်ပေးတဲ့ ဒိုင်လူကြီးတွေရော ပြိုင်ပွဲဝင်တွေကပါ ချီးကျူးကြပါတယ်။ ပြိုင်ပွဲ ၀င်အားလုံးက
ပိတ်စဒီဇိုင်းရဲ့ နောက်ခံဇာတ်လမ်းလေးတွေကို ရှင်းပြကြပေမယ့် မွန်ဒို ကတော့ ပထမ တော့
ခပ်ဆိတ်ဆိတ်ပဲ နေပါတယ်။ ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ Marie Claire fashion director
Nina Gacia နီနာဂါဆီယာက ဒီလိုလှပတဲ့ ပိတ်စနောက်ကွယ်က သူ့ရဲ့ဇာတ်လမ်းကို
သိနိုင်လျှင် ကောင်းမှာပဲလို့ ပြောပါတယ်။

 

နောက်ဆုံးမှာတော့
မွန်ဒိုက သူ့ရဲ့အကြောင်းကို ပြောပြပါတယ်။ ပိတ်စပေါ်က အပေါင်းလက္ခဏာ လေးတွေက HIV
Positive Sign ပါ။ အသက်၂၂နှစ်အရွယ်မှာ မွန်ဒို ခမျာ HIVရောဂါရခဲ့ပါတယ်။ ဒါပေမယ့်
သူ့မှာ ရောဂါရှိနေတဲ့ အကြောင်းကို ဘယ်သူ့ကိုမျှ မပြောခဲ့ပါဘူး။ သူ့အမေကိုတောင်
ဖွင့်မပြောဘဲ လျှို့ဝှက်ထားခဲ့တာ အခုဆိုလျှင် ၁၀နှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့်
သူ့ဘ၀ကို သူစိတ် ဓါတ်မကျပါဘူး။ သူ့စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေပေမယ့် သူ့ဘ၀ကို
ပျော်ရွှင်စွာနဲ့ပဲ အကောင်း မြင်ပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ရဲ့ပိတ်စဒီဇိုင်းလေးနဲ့
အကျီင်္ဒီဇိုင်းလေး တွေဟာ ပျော်ရွှင်စရာလေး တွေပဲ ဖြစ်နေကြတယ်။

 

တကယ်တော့
HIVဖြစ်တာနဲ့ လူတွေက သေရမယ်လို့ ထင်ကြပါတယ်။ HIVရောဂါဆိုတာ အသက်ရှင် မှုရဲ့ ဟိုဘက်
တစ်ဖက်ကမ်းကို ကူးဖို့အတွက်လက်မှတ်တစ်ခုပါပဲ။ ဒါပေမယ့် ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်းမယ်
ကျန်းမာရေးလိုက်စားမယ်ဆိုလျှင် အဲဒီလက်မှတ်ဆိုတာ ကင်ဆာသမားတွေ ဆီးချို သမားတွေလောက်တောင်
အသုံးမကျတော့ပါဘူး။ အခုဆိုလျှင် မွန်ဒိုကိုပဲကြည့်။ ကျန်းမာပျော်ရွှင်စွာနဲ့
သူ့ဘ၀ကို သူ့တက်နဲ့ လှော်နေတုန်း ပါပဲ။

 

နောက်ဆုံးပြိုင်ပွဲမှာတော့ မွန်ဒိုရယ်၊ ပြိုင်ပွဲဝင် ကောင်မလေးတစ်ယောက်ပဲ
ကျန်ပါတယ်။ မွန်ဒိုရဲ့ ဒီဇိုင်းတွေကလှပေမယ့် ခေတ်ပေါ်ဖက်ရှင်နဲ့ ဈေးကွက်ဝင်ဒီဇိုင်းတစ်ခုအနေနဲ့
သူ့ရဲ့ပြိုင်ဘက်ကို မကျော်နိုင်ခဲ့ပါဘူး။ အားလုံးက မွန်ဒိုပဲ ရနိုင်တယ်လို့ ထင်ကြပေမယ့်၊
ဒုတိယနေရာနဲ့ပဲ မွန်ဒိုခမျာ နှစ်သိမ့်ခဲ့ရပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါမှာတော့ အနိုင်ရကောင်မလေးထက်စာရင်
မွန်ဒိုနာမည်က ပိုထင်ပေါ်လာပါတယ်။ နောက်ထပ်လည်း သတ္တိရှိမှု၊ တီထွင်နိုင်မှုတွေကြောင့်
သည့်ထက်ပိုပြီး ကျော် ကြားဦးမှာပါ။ အဲဒီပြိုင်ပွဲလေးက မွန်ဒိုကိုကြည့်ပြီး HIV ခံစားနေတဲ့သူတွေအားလုံး
သတ္တိရှိပါ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါ။ မိမိခံယူချက်နဲ့ စိတ်ဝင်စားမှုတွေအတွက်
ဘ၀ကို အရှုံးမပေးတဲ့ သူတွေ ဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း ကိုယ်သိသလောက် လက်ဆင့်ကမ်းလိုက်ပါတယ်။ 

 

သက်ပိုင်သူ

 

သက်ပိုင်သူ - ဘ၀ကိုအားမလျှော့တဲ့
ဖက်ရှင်ဒီဇိုင်နာ မွန်ဒို Mondo Guerra

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top