7
Mar

ဘ၀လျှောက်လမ်းပေါ်ကဖဲကြိုးနီ

“၂၀၀၂နိုဝင်ဘာ”အနာဂတ်ဘ၀တစ်ခုလုံးအား လွဲချော်စေခဲ့သည့်နေ့ ရက်များ၊ ခင်ပွန်း သည်၏ ပိန်ရှုံ့  ယိမ်းယိုင် ချည့်နဲ့ နေသော လက်ကို အသာတွဲရင်း ဆေးခန်းသို့ လိုက်ပို့ ချိန်၊ HIV Positive တဲ့။ သိရှိထားခဲ့သော အသိက ကုသ၍ မရနိုင်သောရာဂါ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည် နေသလို ခံစား လိုက်ရသည်။ မိမိသာမက မိမိ၏ ကိုယ်တွင်းမှ ကလေးငယ် မှာပါ ရောဂါ ကူးစက်ခြင်း ခံနေရပြီလား ဆေးစစ်ခိုင်းကြသည် နှစ်ကြိမ်စလုံး Positive ကလေးအား ကူးစက်နိုင်ရန် ရာခိုင်နှုန်း နည်းနိုင်သတဲ့၊ မွေးဖွားပြီးလျှင်လည်း လုံးဝ HIV လွတ်ကင်းသူ ဖြစ်နိုင် သေးသည်တဲ့။ ဒီလိုစကား တွေက မျှော်လင့်ချက် လေးတစ်ခု ဖြစ်လာပြီး ကလေးအတွက် အသက်ဆက် ရှင်ပေးရဖို့  အင်အားတစ်ရပ် ဖြစ်စေခဲ့သည်။ သားကိုကောင်းစွာ မွေးဖွားနိုင်ဖို့  အားတင်းထားရမည်။

“အမေHIV ပိုးရှိတိုင်း ကလေးကို ကူးစက်ဖို့ ဆိုတာ သုံးချိုးတစ်ချိုးပဲရှိတယ်၊ ပြည်ပမှာ ဆိုရင် ဆေးတိုက်ပြီးတော့ ခြောက်ပုံတစ်ပုံထိ လျော့ချ နိုင်တာတွေရှိတယ်။ ၁ ရာခိုင်နှုန်း အထိ လျော့ချနိုင်တာဆိုတော့ မကူးနိုင်ဘူးလို့ တောင် ပြောနိုင်တယ်။ HIV ပိုးရှိသူ မိခင် သုံးယောက်က မွေးဖွား လာတဲ့ ကလေးသုံးယောက်မှာ တစ်ယောက်လောက်ပဲ ပိုးပါ နိုင်တဲ့ အချိုးပါ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ ကလေးကို ကူးဖို့ ဆိုတာ အခွင့် အရေး နည်းပါတယ် မိခင်နဲ့  ကလေးဟာ သွေးချင်းတော့ ဆက်စပ်နေတယ် ဒါပေမဲ့ တိုင်ကီ နှစ်ခုကို ဟိုဘက်ဒီဘက် တိုးလျှိုပေါက် ဖောက်ထား သလိုတော့ မဟုတ်ဘူး။ အမေနဲ့  ကလေးကို ပိုက်တစ်ခုနဲ့  ဆက်ထားတာမျိုးဆိုရင် ဆက်စပ်နေတဲ့ နေရာတစ်ခုရှိတယ် အဲဒီ ဆက်စပ်နေတဲ့ နေရာမှာ လိုအပ်တဲ့ အောက်စီဂျင် အာဟာရနဲ့ ရေတွေကို ယူတယ်။ မလိုအပ်တာကို ပြန်ထုတ်ပြစ်တယ် HIV ပိုးဟာ အချင်းမှာရှိတဲ့ ဇကာကို ဖြတ်ကျော်ပြီး ကလေးဆီကို မ၀င်ရောက် နိုင်ဘူး။ တခြားအစာအဟာရနဲ့  ရေတို့ ကတော့ မော်လီကျူး လေးတွေလောက်တာ ရှိတဲ့အတွက် ကလေးဆီကို ရောက်နိုင်တာပါ၊ ပြင်ပကနေ မလိုလားအပ် တာတွေကို တားဆီးပေးဖို့ အတွက် သဘာဝက ဖန်တီးထားတာလို့  ဆိုရ မှာပေါ့” ဟု မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ မှ ဒေါက်တာစစ်နိုင် ကဆိုသည်။

နေ့ စေ့လစေ့ ကိုယ်ဝန်သည်ကြီးက အိပ်ရာပေါ် လဲနေသော ခင်ပွန်းသည်အား ပြုစု ရသည်။ စိတ်ဓါတ် အလွန်အမင်း ကျဆင်းနေသော ခင်ပွန်း သည်က အခြားသော မိသားစုဝင်များထက် မိမိကိုသာ ဝေယျာဝိစ္စ လုပ်စေချင်ဟန် ရှိသဖြင့် သူမပိုပင်ပန်း ခဲ့ရသည်။ မိမိတို့ ဆီ ရောက်လာသော HIV သည် ဘယ်ကနေ ဘယ်လို ရောက်လာ ခဲ့သည်မသိ ခင်ပွန်းသည်၏ အပြုအမူ အနေအထိုင် မှားယွင်းမှု ကြောင့်လား မိမိ သည် လည်းသွားနှုတ်ခြင်းလို အသေးစား ခွဲစိတ်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ် ခဲ့ခြင်း ကြောင့်လား။မိမိနှင့်ခင်ပွန်း နှစ်ဦးမှာ ဘယ်သူ့ ဆီမှာစတင် ခဲ့မှန်းမသေချာ သော်လည်း နှစ်ဦး လုံး မှာ HIV ရှိနေသည်တော့ သေချာခဲ့ပြီ။

“သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ HIV လည်းပါတာပေါ့ သွေး ဆိုတာ မီးလိုပါဘဲ။ သုံးတတ်ရင် အလွန်ကို အသုံးတည့် ပါတယ်။ သွေးနဲ့ လူရဲ့ အသက်ကို ကယ်တင်နိုင်သလို သွေးကြောင့်လည်း မြောက်များစွာသော အသက်တွေ ဆုံးရှုံး နိုင်ပါတယ်။ သွေးဆိုပြီး ဘာမှန်းမသိသေးတဲ့ လူရဲ့ကိုယ်ခန္တာကိုယ်ထဲမှာ လှည့်ပတ် စီးဆင်းနေတဲ့ အနီရောင် အရည်လေးဟာ အသက်အတွက်တော့ အရေးပါတဲ့ အရာလေး ဖြစ်လိမ့်မယ်လို့လူတွေခန့် မှန်း မိခဲ့ကြတယ်။ ရှေးကာလရဲ့ အယူအဆက ငယ်ရွယ် နုပျိုသူရဲ့သွေးကို အသက်ကြီးရင့်သူရဲ့ ကိုယ်ခန္တာ ထဲကို သွင်းလိုက်ရင် ပြန်လည်နုပျို စေလိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ အသက်ကြီးနေတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ခန္တာ အတွင်းကို လုလင်ပျို နှစ်ဦးရဲ့ သွေးကိုသွင်းခဲ့ကြတယ် သွေးသွင်းခြင်းသမိုင်းမှာ အဲဒီဖြစ်စဉ်ဟာ ပထမဆုံး သွေးသွင်းမှုပါပဲ။ နောက်ပိုင်းမှာ သွေးနဲ့ ပတ်သက်ပြီး လေ့လာမှု တွေ ပြုလုပ်လာလိုက်ကြတာ လူသားတွေကို အကျိုးပြု စေနိုင်သော သိရှိမှုတွေ ရှိလာခဲ့ပြီး သွေးကြောင့် မှားယွင်းမှုတွေ မရှိအောင် ဖန်တီးနိုင်ခဲ့ကြပါတယ်။ လူသားတွေရဲ့ တိုးတက် လာတဲ့ကြိုးစား အောင်မြင်မှုတွေ နောက်မှာ ရောဂါပိုးတွေကလည်းလိုက်လာနေပါတယ်။ HIV ဆိုတဲ့ ပိုးဟာလည်း သွေးနဲ့ အတူရှင်သန်လာခဲ့တယ်။ မိမိမှာ HIV ပိုးရှိနေတာကို မသိပါဘဲ လှူမိလို့ ကူးစက်စေတာ သွေးလိုအပ်မှုအတွက် စမ်းသပ် စစ်ဆေးချိန်မရဘဲ လှူလိုက်ရလို့ ကူးစက်သွားတဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့  HIV ပိုးကူးစက်ခံရနိုင်ပါတယ်။ သူတစ်ပါး အသက်ကို ကယ်တင်ဖို့  အတွက် မိမိရဲ့ သွေးကို စေတနာ အလျောက် ဘာမှမမျှော်ကိုးဘဲနဲ့  လှူသည့်တိုင်အောင် မိမိရဲ့ သွေးဟာ လုံးဝလုံခြုံ စိတ်ချဖို့ လိုပါတယ်။ သွေးလှူတဲ့သူဟာ မိမိဘ၀တစ်လျှောက်လုံး နေထိုင်မှု ပုံစံမှာ တစ်ကြိမ် တစ်ခါမှ မမှားယွင်းဘူးဘဲ ပုံမှန်ဖြတ်သန်းရတဲ့ အနေအထားမျိုး ဖြစ်သင့် ပါတယ်။ တစ်ကြိမ်လေး ဘာမှ မဖြစ်လောက်ပါဘူးလို့  မယူဆသင့်ပါဘူး” ဟု HIV အပါအ၀င် သွေးကြောင့် ကူးစက် နိုင်ကြောင်း သတိပြုရန် သွေး ဘဏ်မှ ဒေါက်တာ သီတာအောင် မှပြောသည်။

“မိမိ၏ကိုယ်မှ ကူးစက်သွားလျှင်ဆိုသည့် ” စိတ္တဇများဖြင့် အိပ်မပျော်သော ညများကို ဖြတ်သန်းရင် တစ်ပတ်အတွင်း ကိုယ်ချိန် လေး၊ငါး ပေါင် ထိုးကျသွားခဲ့သည်။ ဗိုက်အပ် ထားသော OG က အံ့သြစွာနဲ့  ဂရုစိုက်ဖို့ ပြောသည်။ မိမိတွင် HIV ရှိနေမှန်း OG အားမပြောရဲသေး ရှက်စိတ် အားငယ်စိတ်များဖြင့် ပစ်ပယ်ခံရမည်ကို စိုးရိမ် သောကြောင့်ဖြစ်သည်။ အဖေ၊ အမေနှင့် မိသားစုကတော့ မည်သူ့ ကိုမှ မိမိကြောင့် အန္တရာယ် မဖြစ်စေ လိုပြောပြရန် တိုက်တွန်းကြသည်။ လတ်တလော အချိန်သည် ဗိုက်ထဲမှ ကလေး အတွက် စိတ်ချလုံခြုံဖို့  အရေးကြီးနေသည် မဟုတ် ပါလား။

OG အားဖွင့်ပြောလိုက်သည် ပထမတော့ အံ့သြစွာ ဆေးစစ်ခိုင်းဖို့  နောက်ကျနေသည့် သူမကိုယ်သူမ အပြစ်တင်သည် နောက်တော့ ကျင်နာစွာ ဖေးမကူညီသည်။ HIV နှင့် ပတ်သက်သည့် အရာများကို နားလည်လာရန် ရှင်းပြသည်။ ကလေးအား ဗိုက်ခွဲမွေးဖို့  ဆုံးဖြတ်လိုက်ကြသည်။ ဗိုက်ခွဲ မွေးဖွားခြင်းသည် HIV ကူးစက်ခံ ရမှုမှဝေးရန် ကာကွယ်ပေးနိုင်သည်တဲ့။

“HIV ရောဂါပိုးရှိသူ မိခင်ဆီကနေ ကလေးငယ်ကို မွေးဖွားချိန်မှာ မကူးစက်နိုင်အောင် ဗိုက်ခွဲမွေးဖွားခြင်းနဲ့  အထောက်အကူ ပြုနိုင်ပါတယ်။ ဗိုက်ခွဲ မွေးဖွာခြင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ဗိုက်မနာခင် ကြိုတင်ပြီးခွဲမွေးရပါတယ် ဗိုက်နာပြီး ညှစ်ချင် နေချိန်မှ မွေးရင်အလကားပါဘဲ။ မညှစ်ခင် အချိန်ကိုတွက်ပြီး ခွဲမွေးရတာပါ။ မွေးပြီးပြီးချင်း NVP ဆေးတိုက်ပြီး ကူးစက်ခံရမှု နည်းနိုင်သမျှ နည်းအောင် လုပ်ပါတယ်။ သဘာဝ အတိုင်းမွေးဖွားရင်တော့ HIV ပိုးမပါလာဖို့  အာမ မခံနိုင်ပါဘူး။ ဘာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းရဲ့ အကာအကွယ်နဲ့  HIVပိုးတွေ ကလေး ဆီကို မရောက် နိုင်ပေမဲ့ မွေးဖွားရန် အတွက်ကလေးကို ညှစ်ချရတဲ့အချိန်မှာ ညှစ်အား ကြောင့် HIV ပိုးတွေ အချင်းရဲ့ ဇကာပေါက်ထဲကနေ ဖျစ်ညစ်တိုင်း တိုးဝင်လာနိုင်ပါတယ်။ ဥပမာ ရေစစ်လိုပါဘဲ၊ ရေစစ်ကပေါ်မှာ ရေကိုသူ့ အတိုင်း လောင်းချရင် နည်းနည်းဘဲကျပြီး လက်နဲ့ ကိုင်ပြီးညှစ်ချရင် အားအင်နဲ့ မ၀င့်တ၀င် အမှိုက်တွေရောဝင် သွားနိုင် သလိုမျိုးပေါ့။ HIVပိုးကညှစ်အားကြောင့် ကလေးဆီကို ရောက်လာသည့် တိုင်အောင် မွေးဖွားနေစဉ်မှာ ကလေးငယ်ကို သိပ်မကိုင်တွယ်တာမျိုးနဲ့  ကာကွယ် နိုင်ပါသေးတယ်။ ကလေးကို ကိုင်တွယ်တာများနေရင် နုနယ်တဲ့ ကလေးရဲ့ အရေပြားကို ထိရှနိုင်ပြီး အဲဒီ ဒဏ်ရာကနေ ကူးစက်နိုင်ပါတယ်” ဟု ဒေါက်တာစစ်နိုင်မှ ရှင်းပြသည်။

<?xml:namespace prefix = o /> 

ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမများ၏ ခွဲစိတ်မွေးဖွား ပေးမှုဖြင့် သားကလေးအား မွေးဖွားနေသည့် အချိန်တွင် ခင်ပွန်းသည်အား ဆေးရုံတင် လိုက်ပြီဟု ဆေးရုံစောင့်သည့် အစ်မကပြောသည်။ အိမ်မှာ နေစဉ် ကတည်းက အလွန်၊ အမင်း စိတ်အားငယ်နေသူ ခင်ပွန်းသည် သည် ဆေးရုံ မှာ မည်သို့ နေမည်မသိ။ ခင်ပွန်းသည်၏ မိသားစုများကလည်း ကူးစက်ခံရမည့် စိတ်ဖြင့်သွားမကြည်ကြ။ ခွဲစိတ် မွေးဖွားထားသည့် ဒဏ်ရာကြောင့် မသွားမလာနိုင်သေးသော မိမိအား သေဆုံးသွားပြီလားဟု အခါခါ မေးသည်တဲ့။ ဆေးရုံကဆင်းဆင်းချင်း ခင်ပွန်းသည်ဆီ သွားသည်။ တိုးလျလွန်းသော အသံဖြင့် “ သေသွားပြီထင်လို့ ” ဟု ခပ်ယဲ့ယဲ့ ပြောသည်။ ငါရဲ့ ကလေးတွေအတွက် ငါတို့ အသက်ရှင်ကြမယ် အားတင်းထား၊ ငါတို့ အလုပ်လုပ်နိုင်သေးတယ် စိတ်မလျော့ လိုက်နဲ့ ”ဟု သူ့ လက်ကလေးကို ဆုပ်ကိုင်ရင်း အားပေးမိခဲ့သည်။ သို့ သော် ဘယ်လိုဘဲ ပြောပြော နောက်တစ်နေ့ တွင် ဆိတ်ငြိမ်စွာဖြင့် လောကကိုသူစွန့် ခွာသွား ခဲ့သည်။ သားလေးမွေးပြီး ၈ ရက်အကြာ HIVရှိသည်ဟု သိရှိပြီးချိန် ရက် ၂၀ကျော်အတွင်းတွင်သူ ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖခင်မရှိတော့သည့် သားအတွက် မိခင်ကတော့ ရှိနေပေးမှ ဖြစ်မည်ဟူသော စိတ်ဖြင့် သားကလေး၏ မျက်နှာကိုကြည့်ပြီး ခွန်အားတွေ မွေးခဲ့ရသည်။ မိမိ မိသားစုဝင် တွေအားလုံးက သားလေးအား ပိုးမွေးသလို တယုတယ စောင့်ရှောက်ပေးကြသည်။ ဆရာဝန်များက နို့ မတိုက် ရန်မှာသည့်အတွက် နို့ မှုန့် တိုက်ပြီးမွေး ခဲ့ရသည်။ မိမိနှင့် သားလေး အသက်ဆက်ရှင်သန်ရေးအတွက် မိသားစု၏ စောင့်ရှောက်မှုက အရေးပါ ခဲ့သည်။ ယောင်္ကျား၏ ဦးဆောင်မှုအောက်တွင် နေလာခဲ့ခြင်းအတွက် ငွေကြေးရှာရန် အခက်အခဲ ဖြစ်နေချိန်တွင် မိမိသည် မကြာမှီ သေဆုံး တော့မည်၊ သားလေးမှာလည်း အသက်မရှည်နိုင်တော့ပြီ ဟူသော ယူဆချက်ဖြင့် တစ်ဖက်မှ ခင်ပွန်းဖြစ်သူအား လွှဲအပ်ထားသည့် အမွေ ပစ္စည်း များအား မေတ္တာဖြင့် ပြန်လည်ပေးအပ်ပါသည် ဟူသော စာချုပ်မှာ လက်မှတ်လာထိုးခိုင်းသော ယောက္ခမ များ၏ အပြုမမူကို နားမလည်နိုင်ချိန် များတွင် မိမိ၏ မိဘများကသဘောထားကြီးစွာဖြင့် လက်မှတ်ထိုးခိုင်းခဲ့ပြီး မိမိနှင့် သားအား စောင့်ရှောက်ခဲ့ကြသည်။ ဤသို့ သာ မိမိနှင့်သားလေးကိ စောင့်ရှောက် သူမဲ့ခဲလျှင် မိမိကလည်း စောင့်ရှောက်သူမဲ့ခဲ့လျှင် သားလေးမည်သို့  ရပ်တည် ပါမည်နည်း။

“မိဘနှစ်ပါး လုံးကလည်း သေဆုံးသွားတယ်၊ HIV လည်းကူးစက်ခံထားရတယ်၊ စောင့်ရှောက်သူ ဆွေမျိုးသားချင်းလည်း မရှိဘူး။ ကလေးရောဂါ တစ်ခုခုဖြစ်ရင် ဆေးရုံပေါ် လာတင်သွားကြတယ်။ စောင့်ရှောက်ပေးမဲ့သူ လည်းမရှိဘူး။ မသေဆုံး သင့်သေးပါဘဲနဲ့  သေဆုံးသွား ကြရတယ်။ ဒီလိုကလေးတွေကို တွေလာရတာကနေ HIV ပိုးဝင်ရောက်နေတဲ့ မိဘမဲ့ ကလေးများကို စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံ  ကြင်နာမှု ပေးချင်တဲ့စိတ်နဲ့  ကလေးငယ်တွေကို ပြုစုစောင့်ရှောက် ပေးခဲ့တာပါ။ လောလောဆယ်မှာတော့ အသက် အငယ်ဆုံး (၃)နှစ်ကနေ (၁၃) နှစ်အထိ (၁၃) ယောက်ရှိနေပါတယ်။ ကလေးတွေရဲ့ ပညာရေး စားသောက်ရေး ကျန်းမာရေး တွေကိုလည်း ဆေးပညာ နားလည်သူ ဆရာ၊ ဆရာများက အနီးကပ် ပြုစု စောင့်ရှောက်ပေးပါတယ်။ အာဟာရ ညီညွှတ်မျှတအောင် စိတ်အားငယ် တာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ပေးတဲ့အတွက် သူတို့ ရဲ့ ဖွံ့ ဖြိုး တိုးတက်မှုဟာ သာမာန်ကလေးတွေ လိုပါဘဲ။ သူတို့ တွေရဲ့ ရှင်သန်နိုင်တဲ့ ကာလဟာ နွေးထွေးစွာ ဖြတ်သန်းခဲ့ရပြီး အချိန်မတိုင်ခင် ဆုံးရှုံးသွားတာမျိုး မဖြစ်ရင် ကျေနပ်ပါတယ်” ဟု သုခရိပ်မြုံ လူမှု ထောက်ပံ့ရေး စီမံချက်မှ အဖွဲ့ ဝင် ဒေါက်တာ စုထားကပြောသည်။

ဘုရားပေးသော အသက် ကံ၏ အလှည့် အပြောင်းကို ယုံကြည်ကြသော မိသားစုဝင်များသည် မိမိအား ရောဂါ ရှိသူတစ်ဦးအဖြစ် မမြင်ကြဘဲ HIV နှင့် ပတ်သက်သမျှကို လေ့လာ ဆွေးနွေး ပေးခဲ့ကြပြီး စိတ်ခွန်အားများကိုလည်း တိုးပွားစေခဲ့သည်။ သားလေးမွေးဖွားချိန် မှစ၍ အနီးကပ် စောင့်ရှောက်ရသော အစ်မသည်လည်း သူ၏ရင်ထဲမှ မွေးဖွားသော သားကဲ့သို့  သူမ၏နို့ ကိုပင်တိုက်၍ အာသာပြေစေခဲ့သည်။ ကလေးမွေးဖွား ပြီးခဲ့သည်မှာ (၁၀) နှစ်ကျော် ကြာခဲ့ပြီဖြစ်သော အစ်မ၏နို့ မှ အမှန်တကယ် နို့ ရည် များထွက်သည်အထိ မေတ္တာအင်အား ပြင်းထန် ခဲ့သည်။ နို့ ဗူး စို့ ပြီး ပါးစပ် တပြင်ပြင် ရှိနေသေးသော သားငယ်အား နို့ မတိုက်ဖို့  ဘယ်သူတွေ ဘယ်လို တားတား တိုက်မြဲဖြစ်သည်။ ကလေးဆီမှ သူမကို ပိုးကူးမှာ မကြောက်  ပါတဲ့။

“HIV ပိုးရှိသူ မိခင်က ကလေးငယ်ကို နို့ တိုက်ရင် ကူးစက်နိုင်ဖို့  ရာခိုင်နှုန်း နည်း ပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ပါတယ်။ နို့ ထဲမှာ HIV ပိုးနည်းပါးပါတယ်။ ကလေးဟာ HIV ပိုးပါတဲ့နို့ ကို အချိန်ကြာကြီးစို့ နေရင် ကူးနိုင်ခြေပိုများတာပေါ့။ ကလေးရဲ့ အစာ လမ်းကြောင်းက သဘာဝအတိုင်း မဟုတ်ဘဲ ပြောင်းလဲမှုတွေ ရှိနေ နိုင်တဲ့အတွက် အဲဒီလို ထိခိုက်ထား မှုကနေ ကူးစက် သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် မိခင်နို့  မတိုက်ဘဲ နို့ မှုန့်  တိုက်တာ အကောင်းဆုံးပါဘဲ။ နို့ မှုန့် တိုက်တဲ့အခါမှာလည်း သေချာ ဂရုတစိုက်နဲ့  ပြုလုပ်ရမှာတွေကို လိုက်နာသင့်ပါတယ်။ တချက်ကလေး သတိမထားမိ လိုက်တာနဲ့  ကလေးမှာ ၀မ်းလျော ၀မ်းပျက်ဖြစ်ပြီး အသက်ဆုံးရှုံး တာမျိုးတွေ ဖြစ်နိုင် ပါတယ်။ လူတိုင်းကတော့ အန္တရာယ် ကင်းတဲ့ နို့ မှုန့် တိုက်နိုင်မှာ မဟုတ်ပါဘူး။

နို့ ဆီကို ဖျော်တိုက်တာတို့  တခြားနို့ လို့ ခေါ်တဲ့ အရာတွေဟာ ကလေးတွေနဲ့  မအပ်စပ် တဲ့ ဟာတွေကို တိုက်တာမျိုးတွေ ရှိနိုင်တဲ့အတွက် HIV ကြောင့် မဟုတ်ဘဲ အစာကြောင့် သေဆုံးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အမေ့ နို့ ကိုဘဲတိုက်ပါ။ နို့ တစ်မျိုးတည်းကိုဘဲ တိုက်ပါ။ မတိုက်နဲ့ ဟု လည်းပြောတယ်။ တိုက်ပါလည်း ပြောတယ်။ ဘယ်လိုလဲလို့  မေးလာနိုင်စရာ ရှိပါတယ်။ အမေ့နို့ က HIVပိုးပါလာ နိုင်သည်မှာ မှန်သော်လည်း ချက်ချင်းကြီးတော့ ဒုက္ခ မပေးနိုင်သေးပါဘူး။ နို့ တိုက်ချိန်မှာ လည်း စောစောဖြတ်နိုင်အောင် လုပ်ရပါမယ်။ အမေက  နို့ ရည်တိုက် နေချိန်မှာ အခြားအစာ အဟာရတွေကို ရောကျွေးနေတာမျိုး မလုပ်သင်ပါဘူး။

ကလေးရဲ့ အစာအိမ်ဟာ သိပ်ပြီး နုနယ်သေးတဲ့အတွက် နို့ ကလွဲရင် အခြားသော အစားအစာတွေကို မချက်နိုင်သေးပါဘူး။ အဲဒီအတွက် အစာလမ်းကြောင်းဟာ အနာတကျ ဖြစ်နိုင်ပါတယ်။HIVပိုးဝင်ရောက် နိုင်ရန် အတွက် အစာတွေက တံခါး ဖွင့်ပေးသလို ဖြစ်မှာ စိုးရိမ်ရပါတယ်” ဟု ဒေါက်တာ စစ်နိုင်က ကလေးငယ်အား HIV ပိုးမကူ စက်နိုင်စေရန် ကာကွယ်နိုင်သည့် အချက်များကိုရှင်းပြသည်။

သားလေးမွေးဖွား ပြီးပြီးချင်း HIV ပိုးစစ်ကြည့်သောအခါ Positive ဖြစ်နေသည်။ ဆရာဝန်များက စောင့်ကြည့်ဖို့  ပြောပြီးနောက်ပိုင်း ကင်းရှင်းသွားနိုင်ကြောင်း ဘယ်လိုပင်ပြောပြော သားလေးအတွက် ရတက်မအေးခဲ့ရ HIV ပိုးကူးစက်ခံရပြီးလျှင် မြန်မြန် ဆန်ဆန် သေဆုံးရသည်ကို မြင်ဖူးနေခဲ့ပြီး ခင်ပွန်းသည် ကိုယ်တိုင်လည်း သေဆုံးသွားခဲ့သည့် သာဓက ရှိနေနှင့်အတွက် စိုးရိမ်စိတ်တွေ ပိုများလာခဲ့ပြီး HIV ပတ်သက် ရာတွေကိုလေ့လာ ဖြစ်သည်ထက် လေ့လာဖြစ်ခဲ့သည်။ ကျွမ်းကျင်သူများ၏ လေ့လာချက်အရ သားလေးတွင် ရောဂါပိုး မကူးစက်နိုင်၊  မိမိသည်လည်း ဆင်ခြင်စွာ နေထိုင်စားသောက်မှုဖြင့် အသက်ရှည်နေနိုင်သည်ဟူသော အချက်ကို သိရှိလာခဲ့ရသည်။

“HIV ရှိမရှိ စစ်ဆေးတယ်ဆိုတာ HIV ပိုးအကောင်လိုက်ကို စစ်တာ မဟုတ်ပါဘူး HIV ပိုးကို တိုက်တဲ့ Antibody (ပဋိပစ္စည်း) ကိုစစ်တာပါ။ လူရဲ့ ကိုယ်ခန္တာ ကိုယ်အတွင်းမှာ သဘာဝအတိုင်း ဖြစ်နေတဲ့ ခုခံအားစနစ်ဆိုတာ ရှိပါတယ်။ CD4 လို့ ခေါ်တာပေါ့။ အဲဒီ ခုခံအား အရေအတွက် နည်းနေပြီဆိုရင် အပြင်က ရောဂါပိုးက ၀င်ရောက်ဖို့လွယ်ပါတယ်။ အပြင်က ရောဂါပိုးတစ်မျိုးဝင်ပြီ ဆိုရင် Antibody လေးတွေ ထွက်လာပြီး တိုက်ကြတာပေါ့။ ဥပမာ တုပ်ကွေ အတွက်ဆိုရင် တုပ်ကွေးနဲ့ ဆိုင်တဲ့ Antibody လေးတွေ ထွက်လာတယ်။ တုပ်ကွေးသေသွားပြီဆိုရင် အဲဒီ Antibody လေးတွေဟာ အလိုအလျောက် ပျောက်သွားတယ်။ နောက်တစ်ခါ နှာဆေး ချောင်းဆိုးဖြစ်ရင် နှာဆေး ချောင်းဆိုးကိုတိုက်မယ် Antibody လေးတွေ ထွက်လာကြပြန်တယ်၊ ရောဂါပျောက်သွားတာနဲ့  သူတို့ လည်း ပျောက်သွားပြန်ရော။ အဲဒီ Antibody ဆိုတာ အင်္ဂလိပ် အက္ခရာ (Y) နဲ့ တူပြီး သေးငယ်လွန်းတဲ့အတွက် ပိုးတစ်ခုကို တိုက်ဖို့ ဆိုရင် သန်းပေါင်းများစွာသော ၀ိုင်လေးတွေထွက်ရတယ်။ HIVပိုးဟာ ၀င်ရောက်စ တစ်လ နှစ်လ လောက်မှာဘဲ အပြင်ကနေပြီးတော့ နောက်ပိုင်းမှာ CD4 လို့ ခေါ်တဲ့ ခန္တာကိုယ် အတွင်း ခုခံနိုင်မှု တွေထဲမှာ ပုံပြောင်းပြီး သွားနေတယ်။ အဲဒါကြောင့်သူ့ ကိုရှာဖို့ ခက် တာပါ။ HIV ပိုးဝင်စကနေပြီး HIV ပိုးကိုတိုက်မယ့် Antibody ၀ိုင်လေးတွေဟာ အများ အပြားထွက်လာပြီး တိုက်ကြပေမဲ့ ပုံပြောင်ပြီးလွတ်နေတဲ့ HIV ပိုးကိုသူ  မရှာနိုင် ကြဘူး။ ပိုးရှိနေသေးတယ် ဆိုတာကို သိနေတဲ့အတွက် သွေးထဲမှာ စီးမျောပြီးရှာကြတယ်။ အဲဒီလို HIV ပိုးကို ရှာနေတဲ့ သွေးထဲက Antibody (Y) လေးတွေကို တွေ့ ရင် HIV ပိုးရှိနေတယ်လို့ ယူဆနိုင် တာပါတယ်။”

HIV ပိုးရှိတဲ့ အမေကနေ ကလေးကိုး HIV ပိုးမကူးအောင် အချင်းကနေ ကာကွယ်ပေး နေပေမဲ့ HIV ပိုးကိုတိုက်တဲ့ Antibody (Y) လေးတွေ ကတော့ အရွယ်အစား အလွန် သေးငယ်လွန်း တဲ့အတွက် ဇကာပေါက်ကနေ ကလေးဆီကို ရောက်သွားနိုင်ပါတယ်။ မွေးပြီးတဲ့ အခါမှာလည်း Antibody (Y) ကိုဘဲစစ်တဲ့အတွက် Positive ဆိုတဲ့အဖြေကို ရနိုင်ပါတယ်။ အဲဒီ Antibody လေးတွေဟာ တစ်နှစ်၊ နောက်အကျဆုံး တစ်နှစ်ခွဲ အတွင်းမှာ သေဆုံးသွားနိုင်တဲ့အတွက် အဲဒီ အချိန်မှာ ကလေးငယ်ဟာ HIV ပိုးမကူးစက် နိုင်ဘူးလို့ သတ်မှတ်ရင် ရပါပြီ”။ ဟုဒေါက်တာစစ်နိုင် (ညွှန်ကြားရေးမှုး၊ မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ ) ကထပ်ဆင့် ပြောပြသည်။

ငါးနှစ်ကျော်ကာလအား လွန်မြောက်ခဲ့ပြီးချိန် ဒီကနေ့ လို နေ့ ရက်များကို ကျန်းမာစွာဖြင့် ရောက်ရှိနိုင်ခဲ့ခြင်းက မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှု နားလည်မှု အပြည့်အ၀ရှိသော ပတ်ဝန်းကျင်၏ ကြင်နာမှု များဖြင့်ဖြတ်သန်းခဲ့ သောကြောင်ဖြစ်သည်။ ကြုံဆုံခဲ့ရသော အဖြစ်အပျက်များတွင် မသိ၍ မှားယွင်းခြင်းများထက် သိလျက်နှင့် သတိမထားမိသော မှားယွင်းမှုများလည်း ပါဝင်ခဲ့သည်။ ကျန်းမာရေး အသိ နုနယ်စဉ် ငယ်စဉ်အခါက သွားဖုံးကို ခွဲပြီး သွားနှုတ်ခြင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်မှာ မသိခြင်းဟု သတ်မှတ်၍ ရသေးသည်။ ခင်ပွန်းသည်နှင့် လက်ထပ်စဉ် ကာလတုန်းကလည်း ဆေးစစ်ဖို့ မေ့ လျော့နေခဲ့သည်။ ခင်ပွန်းသည်အား မျက်နှာများသည်ဟု ပတ်ဝန်းကျင်မှ ဝေဖန်မှုကိုလက်မခံခဲဘဲ ချစ်မြတ်နိုးစိတ် တစ်ခုတည်းနှင့် ယုံကြည်မိခဲ့သည်။ ထို့ ထက်ဆိုးသည်က ကိုယ်ဝန်ရှိချိန် လနုစဉ်ကတည်းက သွေးမစစ် မိခဲ့ကြခြင်းပင်။ တော်သေးသည်ဟု ပြောရမည်။ သားကို HIV ကူးစက်ခြင်းမခံခဲ့ရ။

“သွေးလှူရှင်တွေထဲမှာ အမျိုးသမီးက နည်းပါးပါတယ်။ အဲဒီလို နည်းပါးနေတဲ့ အထဲကမှ HIV ပိုးရှိသူတွေကို မြင်နေ ရတာတွေဟာ အနာဂတ် မြန်မာ အမျိုးသမီးတွေအတွင် ရင်လေးစရာပါ။ သူများတွေရဲ့ Culture ဟာဘယ်လိုဘဲ Living Together နေနေ လိုက်မလုပ် စေချင်ပါဘူး ကိုယ်ရဲ့ အသိဉာဏ်ကို ထိန်းသိမ်းတဲ့နိုင်တဲ့ ကလေးတွေ ဖြစ်စေချင်ပါတယ်။ ကိုယ့်ရဲ့ အသွေးအသားကိုတောင် လှူနိုင်တဲ့ ကလေးတွေရဲ့ ဖြူစင်မှုဟာ အနာဂတ်အတွက် အရမ်းကောင်ပါတယ်။ ကိုယ်ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။ မျိုးဆက်သစ် တွေအတွက် အရမ်းကိုမျှော်လင့်ထား ပါတယ်။ ကမ္ဘာမှာ မြန်မာဟာ ကိုယ်ကျင့်တရား ထိန်းသိမ်းကြသူများအဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရပါတယ်။ ကိုယ်ရဲ့ချစ်သူ ကိုလဲမယုံနဲ့ ။ သွေးလှူတဲ့ အလှူရှင်တွေ အနေနဲ့ လည်း ကိုယ်ရဲ့သွေးဟာ လုံးဝစိတ်ချပြီး အာမခံ ပေးနိုင်မှသာ သွေးလှူကြပါ။ သွေးလှူတဲ့ အခါမှာ ဖြည့်ရတဲ့ အချက်အလက်လေးတွေကိုလဲ မှန်မှန် ကန်ကန်လေး ဖြည့်သွင်းပေးစေချင်ပါတယ်” ဟုသွေးမှ ရောဂါ မကူးစက် စေလိုကြောင်း ဒေါက်တာ သီတာအောင်မှ ပြောသည်။

“HIV ပိုးနဲ့ ပတ်သက်ပြီး စစ်ဆေးမှု အပိုင်းကို သေသေချာချာ လုပ်ပေးပါတယ်။ ဓါတ်ခွဲခန်းကနေ အမှားအယွင်းမရှိတဲ့ အဖြေထွက်ဖို့ ဂရုတစိုက် ဆောင်ရွက်ပေးပြီး အဖြေထွက်လာခဲ့ရင်လဲ နားလည်သင့်သော အရာများ၊ မထိခိုက်သင့်တာ မထိခိုက်စေရအောင် ဆွေးနွေး နှစ်သိမ့်မှုတွေ ပြုလုပ်ပေးနေပါတယ်။ အဓိကကတော့ ကာလသား ရောဂါပေါ့ အဲဒါပတ်သက်ပြီး ကာကွယ်ကုသခြင်း တွေကို ထိထိရောက်ရောက် လုပ်ဖြစ် နေပါတယ်။ ကာလသားရောဂါရှိနေရင် HIV ကူးစက် စေတာရော၊ ကူးစက်ခံ ရတာကော များပြားလာနိုင်တဲ့အတွက် ကာလသားရောဂါ ပျောက်ကင်းအောင် ဆောင်ရွက်ပေးနေပါတယ်” ဟုဒေါက်တာ စစ်နိုင်က ဖြည့်စွက် ပြောဆိုခဲ့သည်။

မိမိကဲ့သို့ သူတပါးကို မဖြစ်စေလို။ အချို့ အချို့ သော HIV ပိုးရှိသူ အမျိုးသမီးများမှာ အိမ်ထောင်ပြုနေသည်ကို သိရသည်။ ဒါတွေကို မဖြစ် စေချင်ပါ။ မိမိကိုယ်တိုင်တောင် မဖြစ်ချင်ပါဘဲ မိမိကြောင့် သူတပါး ဒုက္ခရောက်မည့်အရေး ထည့်သွင်းစဉ်းစား ကြစေလိုသည်။ဤကဲ့သို့  အဖြစ် မျိုးကို ကာကွယ်ဖို့ အတွက် စစ်ဆေးပြီးမှ ဘ၀ခရီး ရှေ့ ဆက် စေလိုပါသည်။ မိမိလျောက်လှမ်းရမည့် ဘ၀ခရီးသည် မည်မျှကျန်နေသေးသည် ဆိုသည်မှာ မရေရာသော်လည်း သူမလို ရောဂါရှင်တွေအတွက် နှစ်သိမ့်အားပေး သောသူ HIVပိုးဝင်ရောက်နေသော်လဲ မိမိ၏ နေထိုင်မှု ပုံစံ မှန်ကန်မှုဖြင့် အသက်ဆက် ရှင်သန် နိုင်သေးကြောင်းကို ပြောပြနေဦးမည်။ နီးစပ်ရာလူတိုင်းကို မိမိ အဖြစ်နှင့် ယှဉ်ကာ ဆင်ခြင်စေမည်။ ကပ်ရောဂါဆိုးကြီးသဖွယ် လူသားများအား ခြောက်လှန့် လျက်ရှိသော HIVပိုးရှိသူ ဝေဒနာရှင်များ ကမ္ဘာမှာ မည်မျှရှိနေသည်ကို သူမမသိ သော်လည်း ဘ၀တူဖဲကြိုးနီများအား ဘ၀လျောက်လမ်း ပေါ်တွင် တွေ့ ရှိလာခဲ့လျင် သူမကဲ့သို့ ခွန်အား တွေရှိကာ ဘ၀ခရီး ရှေ့ ဆက်နိုင်ရန် အားပေးနေဦးမည်သာ ဖြစ်ပါသည်။

People Megazine

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top