လွတ်လပ်သောအာရှအသံ
မြန်မာဌာန၊ သတင်းများ
2007-10-24
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်နေတဲ့
မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက်
မဂ္ဂင်ကျောင်းအနေနဲ့ ဆွမ်းကပ်နဲ့ တခြား အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
မဂ္ဂင်ကျောင်းတိုက်ကို ပြီးခဲ့တဲ့
စက်တင်ဘာလကုန်းပိုင်းမှာ စစ်အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက်
ကျောင်းမှာရှိတဲ့ ၀တ္တုတွေနဲ့ ကွန်ပြူတာတွေကို သိမ်းဆည်းသွားခဲ့တာကြောင်း
ဘုန်းကြီးကျောင်းရဲ့ လစဉ်ကုန်ကျ စားရိတ်တွေအတွက် အခက်အခဲတွေ့နေရပါတယ်။
ကျောင်းရဲ့လစဉ် လျှပ်စစ်မီး
ကုန်ကျငွေအတွက်တောင် အခက်အခဲဖြစ်နေပါတယ်။ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်
ဝေဒနာသည်တွေကို ပြုစုစောင့်ရှောက်နေတဲ့ ဆရာတော် ဦးအိန္ဒကကို လတ်တလော အာဏာပိုင်တွေက
ဖမ်းဆီးထားပါတယ်။
မဂ္ဂင်ကျောင်းကို အခုပြန်ဖွင့်ခွင့်
ပေးထားပေမဲ့ လူနာတွေနဲ့ ညအိပ် ဧည့်သည်တွေကို လက်ခံခွင့် မပေးဘူးလို့ သိရပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေး ချထားဆဲ ဖြစ်ပြီး ကျောင်းကို အ၀င်အထွက်
လုပ်သူတွေ အားလုံးကိုလည်း မှတ်ပုံတင်စစ်ဆေးတာတွေ လုပ်နေပါတယ်။
ကျန်ခဲ့တဲ့ ဆရာတော်တွေကလဲ
အသက်အရွယ်ကြီးရင့်နေပြီဖြစ်လို့ ဆွမ်းခံ မထွက်နိုင်ပဲ ကိုရင်ငယ်တွေ
ဆွမ်းခံထွက်ရင်း ရလာတဲ့ ဆွမ်းတွေကို မျှဝေဘုန်းပေးနေရပါတယ်။
မဂ္ဂင်ကျောင်းကို
ဝင်ရောက်စီးနင်းခဲ့စဉ်က ကျောင်းမှာ လူနာတွေကို ပြုစုနေသူတွေနဲ့ ဆရာတော် ဦးအိန္ဒက
ကို ဖမ်းဆီးခဲ့ပြီး ကျောင်းကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ လူနာတွေကိုတော့ ဝေဘာဂီ
ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကိုရင်ငယ်တွေကိုလဲ တခြား ဘုန်းကြီးကျောင်းတွေကို ပို့ထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သတင်းနှစ်ပတ်မှာ
ဦးအိန္ဒကရဲ့ ခမည်းတော် ကျောင်းထိုင်ဘုန်းကြီးကို ပြန်လွှတ်ပေးပြီးတဲ့နောက်မှာ
ကိုရင်တွေကို ပြန်ပို့ပေးခဲ့ပေမဲ့ ညအိပ် တည်းခိုသူနဲ့ လူနာတွေကို လက်ခံခွင့်
မပေးတော့ပါဘူး။
သင်္ကန်းကျွန်းမြို့နယ်က
မဂ္ဂင်ကျောင်းကို ၀င်ရောက် စီးနင်းစဉ်မှာ ကျောင်းမှာ ဝေဒနာသည်တွေကို
ပြုစုစောင့်ရှောက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကိုပါ အဖမ်းခံလိုက်ရတဲ့ အတွက် သူတို့ကို
မှီခိုအားပြုနေရတဲ့ ဝေဒနာသည်တွေ အနေနဲ့ အားကိုးရာမဲ့ အခြေအနေ ဖြစ်နေပါတယ်။
စက်တင်ဘာလ သံဃာ့ ဆန္ဒပြပွဲအတွင်း
ဖမ်းဆီးခံလိုက်ရတဲ့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အနေနဲ့ သောက်နေကျ
အေအာဗီဆေးကို ပုံမှန်မရရင် စိုးရိမ်ဖွယ်ရာ ရှိတယ်လို့ ဝေဒနာသည်တွေကို
စေတနာ့ ၀န်ထမ်း ကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့က မဖြူဖြူသင်းက
ပြောကြားပါတယ်။
အရင် အိပ်ခ်ျအိုင်ဗီ၊
အေအိုင်ဒီအက်စ် လူနာတွေကို အကူအညီပေးနေတဲ့ မဂ္ဂင်ကျောင်းမှာ တည်းခိုခွင့်လဲမရှိ၊
လူနာတွေကို အကူအညီ ပေးနေသူတွေလဲ အဖမ်းခံ ထားရတဲ့အတွက် နယ်ကနေ ရန်ကုန်တက်လာဖို့
ရှိနေတဲ့ လူနာတွေလဲ တက်မလာရဲတော့သလို မူလ ရန်ကုန်မှာ ဆေးကုနေသူတွေနဲ့ သူတို့ကိုပြုစု
စောင့်ရှောက်နေသူတွေလဲ တည်းခိုစရာ နေရာ အခက်အခဲနဲ့ ကြုံနေကြရပါတယ်။
အဲဒီထဲမှာ မိမိကိုယ်တိုင်
အိပ်ခ်ျအိုင်ဗီ ခံစားနေရပြီး လူနာတွေကို ကူညီနေတဲ့ မကွေးတိုင်းက ကိုရဲထက်နဲ့ နောက်တဦး
အဖမ်းခံလိုက်ရတဲ့ အတွက်လည်း သူတို့အတွက် စိုးရိမ်ရတဲ့ အကြောင်း လုပ်ဖော်ကိုင်ဖက်
မဖြူဖြူသင်းက အခုလိုပြောပြပါတယ်။
မဖြူဖြူသင်း။ အရင်တုန်းက ကိုရဲထက်က
ကျမအနေနဲ့သူ့ကို အေအာဗီ ဆေးတိုက်နေရတယ်။ အေအာဗီဆေးက သောက်ပြီဆိုရင် မနက်တကြိမ်
ညတကြိမ် လုံးဝဖြတ်လို့မရဘူး။ တကြိမ်မှ
ပြတ်လို့မရဘူး။ စနစ်တကျသောက်မှ အကျိုးရှိတယ်။ အဲလိုမဟုတ်ပဲနဲ့ ဆေးကို ခဏခဏ
သောက်လိုက်၊ ပြတ်လိုက်နဲ့ဆိုရင် ဆေးယဉ် သွားပြီးတော့ ဒီဆေးရဲ့ Side effect
တွေ ရနိုင်တာပေါ့နော်။ ကိုရဲထက်အတွက် ဘာစိတ်ပူနေရလဲဆိုတော့ ကျမအနေနဲ့ ဆေးကို
လစဉ်ပို့ပေး ထားတာတော့ရှိတယ်ပေါ့။ အခုလက်ရှိလည်း ကျမတို့အနေနဲ့ သူ့ဆီကိုရောက်အောင်
သူ့အမျိုးသမီးက တဆင့်ရောက်အောင် ပို့ပေးတယ်။ ဒါပေမဲ့ သူထောင်ထဲ ကျနေတဲ့အခါကျတော့
သူဒီဆေးကို ရရှိသလား၊ သောက်သုံးလို့ ရသလားဆိုတာကို မသိရဘူး။ အဲဒါကြောင့်
သူ့ကျမ်းမာရေး အခြေအနေကို ကျမတို့ အနေနဲ့ အရမ်းကို စိုးရိမ်နေတယ်ပေါ့နော်။
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်
လူနာတွေကို ကူညီစောင့်ရှောက်နေတဲ့ တောင်တွင်းကြီးမြို့နယ်က ကိုသိန်းနိုင်လည်း
လူနာတွေကို ရန်ကုန်လာပို့ရင်း စက်တင်ဘာ ၂၆ ရက်နေ့က ရွှေတိဂုံဘုရားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။
လူနာတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း
စုစုပေါင်း ၉ ဦး လည်းလတ်တလော အဖမ်းဆီး ခံထားရပါတယ်။ ကျောက်ပန်းတောင်မြို့နယ်က
သံဃာ့ ဆန္ဒပြပွဲအတွင်း သံဃာတွေတွက် ဖျော်ရည် သောက်ရည်လှူဒါန်းမိတဲ့ လူနာတွေလဲ
အာဏာပိုင်တွေရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ရန်ကုန်မှာ ရှောင်တိမ်းနေရပါတယ်။
http://www.rfa.org/burmese/news/situation_in_meggin_monastery-20071024.html?searchterm=None




