ကျတော့်ကို သွန်သင်၊ သင်ကြား ပညာပေး
ဆုံးမခဲ့ကြပါသော သမားတော် ကြီးများက `ကျန်မာရေး ပညာပေးရာမှာ တစ်ဦး
တစ်ယောက်သိရှိမှု ဆေးပညာ အခြေခံ လေးလောက်နဲ့ အဆုံးမဖြတ် ပြည်သူတို့ထံ
မပေးလိုက်မိပါစေနဲ့ ကြိုးစား၍ အခြားပညာရှင်တို့ထံ ချဉ်းကပ်ပြီး ပညာဗဟုသုတ
အခြေခံတို့ကို လေ့လာပါဦး၊ ကြိုးစားပါဦး´ ဟု ဆိုဆုံးမ ခဲ့ဖူးပါသည်။
သို့ပါ၍ ယနေ့ ကျတော်ကိုယ်တိုင် အစောကြီး( စောသမှ
ပြင်ပလူနာ ဆေးခန်းတောင် မဖွင့်သေးပါ၍) သစ်ပင်အောက်ထိုင်ပြီး ဆရာဝန်ကြီးများ
လာသည်အထိ ကျတော် စောင့်ဆိုင်းခဲ့ရပါသည်။ ဤဌာနမှာ ကိုယ်ခံစွမ်းအားကျရောဂါ နှစ်သိမ့်
ပညာပေး စီမံချက်ဌာန ဖြစ်ပါသည်။
တိုးချဲ့ ရန်ကုန်ဆေးရုံကြီး ၀င်းအတွင်းရှိ ဤဌာန
ဖွင့်လျင် ဖွင့်ချင်း ဗလာစာအုပ် တစ်အုပ်ဖြင့် မှတ်တမ်းပြု ကူးယူရေးသား နေခဲ့ရာ
သမားတော်ကြီးများ ကျတော့်ကို ဆုံးမခဲ့သည့်တိုင် ကိုယ်ခံစွမ်းအားကူးရောဂါ သိကောင်းစရာများ
ရေးသား ကူးယူနေသူမှာ ကျတော်ပါ။
ရုပ်ရှင်မင်းသား၊ မင်းသမီးတစ်စုနှင့် ကိုယ်ဟန်ပြ
မိန်းကလေးတို့ စုပေါင်းပြီး ကူညီပံ့ပိုးဟန်ပြု၍ ပညာပေးထားသည့်
ဓါတ်ပုံလှလှဘေးနားတွင် ရေးသားထားသော စကားပြောစာသားမှာ`HIV-AIDS ရောဂါ
ဝေဒနာရှင်တို့ဟာ တို့အားလုံးလိုပဲ ၀မ်းနည်းတတ် ခံစားတတ်သူတွေ ဖြစ်တာမို့ စာနာပါ၊
စေတနာထားပါ၊ ခေါ်ကြပါ၊ ပြောကြပါ၊ မေးပြောခေါ်ထူး ရင်းရင်းနှီးနှီး နေကြပါ။´
အထက်ပါ စကားပြောစာတန်းဖြင့် ပြုံးပြုံးရွှင်ရွှင်
ပျော်ပျော်ပါးပါး ပုံသဏ္ဍန် ဓါတ်ပုံ၏ အောက်ပိုင်း ပိုစတာ၏ စာမျက်နှာတွင်
ရေးသားထားသည်မှာ `HIV ပိုးဟာ မိမိ ပြုမူသော အန္တရာယ်များတဲ့ အပြုအမူ၊ အကာကွယ်မဲ့
လိင်ဆက်ဆံခြင်းနှင့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့ကို မျှဝေ
သုံးစွဲခြင်းများကြောင့် ကူးစက်နိုင်ပါတယ်။´ ရောဂါပိုး ရှိတဲ့သူနဲ့ နေ့စဉ်
ထိတွေ့ ဆက်ဆံတာလောက်နဲ့ မကူးစက်နိုင်ပါဘူး။
သို့သော် HIV ပိုးဟာ AIDS ရောဂါကို ဖြစ်စေနိုင်ပါတယ်
ဆိုသည်ကိုတော့ နားလည်ပါ သတိမူပါ။ သူလဲ စိတ်ကျန်းမာ ကိုယ်လည်း ရောဂါ
ကင်းဝေးစေရေးပါပဲ။ ပိုစတာ နောက်တစ်ကမျိုးကို ကျတော်လေ့လာကြည့်လိုက်ရာ ဇနီး
မောင်နှံ မကြီးမငယ်၊ အရွယ်လတ်ပိုင်း စုံတွဲကို နောက်ခံထားပြီး လှပချောမွေ့လှသည့်
မိန်းကလေး တစ်ဦး လမ်းလျောက် ဖြတ်သွားနေဟန်ကို မြင်နေရပါသည်။
လင်တော်မောင်က ဇနီးကို ဘေးထားပြီး စိတ်ဝင်တစား
လှပသူ မိန်းကလေးကို စိတ်ပါလက်ပါ လိုက်ကြည့်နေဟန်တွင် ကိုယ်တော်ချောရဲ့
ရှေ့တည့်တည့် မြေပြင်တွင် တွင်းနက်နက် ခပ်ကျယ်ကျယ် မြင်နေရပါသည်။ တွင်းထိပ်တွင်
AIDS ဟုရေးသားထားပါသည်။ အဓိပ္ပါယ် သဘောဆောင်သည်မှာ ငေးမနေနဲ့၊ ငမ်းမနေနဲ့
HIV-AIDS တွင်းထဲကျသွားရင် … စသည့် စဉ်းစားစရာ အဖြေများဖြင့် ရပ်ထားပါသည်။
ပုံ၏အောက်တွင် ရေးသားထားသည့် စာသားမှာ `သစ္စာရှိစွာ
ဇနီးမောင်နှံ နေထိုင်သွားပါမှ ရောဂါ ကင်းဝေးပါမည်´ ပါတဲ့ ခင်ဗျာ။ ကျတော်
နောက်ထပ် တင်ပြမည့် စုံတွဲရောင်စုံ ဓါတ်ပုံမှာ နာမည်ကျော်မင်းသား ကိုလူချောနှင့်
မင်းသမီးချစ်စရာ ပါးချိုင့်ချိုင့် ဆံပင်ရှည်ရှည်လေးနှင့် နှစ်ဦးသား ချစ်တင်းနှော
နေသည်မှ `သင် ဘယ်သူလဲ ဆိုသည်ထက်၊ သင်ဘာတွေ လုပ်ခဲ့ ဖူးသလဲ´ ဆိုတဲ့ အချက်ကသာ အဓိက
အရေးကြီးပါတယ်။ HIV-AIDS ဟု
အဆုံးသတ်ထားပါသည်။
ကျတော် တွေ့နေရသည့် ဗဟုသုတ ပညာပေး စာပေနှင့်
ရုပ်ပြ ပညာပေးတို့ကို ဆက်လက်ကြည့်ရူ့ ကူးယူနေရာတွင် `အမူအကျင့်
ပြောင်းလဲခြင်းဖြင့် HIV ပိုးကူးစက် ခံရမှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက်
အောက်ဖေါ်ပြပါ အချက်တို့ကို သတိပြုလိုက်နာကြပါ။ လိင်ဆက်ဆံဖက် အဖေါ်များလေ ရောဂါ ကူးစက်ခံရမှု
အန္တရာယ် ပိုမိုကြီးမားလေ ဖြစ်ခြင်းကြောင့် လိင်အပျော်အပါး၊ အပျော်အဖေါ်
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အဖေါ်များလေ အန္တရာယ်များလေပါပဲ မိတ်ဆွေ။´
သတိပြုစရာတစ်ခု အကြံပြု တင်ပြလိုက်ရပါသော်
မနေနိုင် မတတ်သာ၍ လိင်ဆက်ဆံလိုပြီ ဆိုပါက မိမိနှင့် အရွယ်ကိုက် အကောင်းစား
ချော်ရည်ပါ သားရည်စွပ် ကွန်ဒုံးတို့ဖြင့် မပျက်မကွက် သုံးကြပါရန် အကြံပြုလိုပါသည်။
ခြောက်ခန်းခန်း ကွန်ဒုံးသုံးစွဲပါက စုတ်ပြဲ ပေါက်ထွက်သွားနိုင်သဖြင့် ရောဂါ
ကူးစက်စေပြန်ပါသည်။ ရောဂါ မကူးစက်စေရန် ကွန်ဒုံးကောင်းကောင်း သုံးတတ်ရေး
ပညာပေးဖြစ်ပါသည်။ ကွန်ဒုံး သုံးတတ်ပါက မိသားစု စီမံကိန်းတွင်လည်း သန္ဓေတားရေး
သန္ဓေခြားရေး ကိစ္စတွင် လွန်စွာ အောင်မြင်ပါသည်။
လူတစ်ယောက် အော်ပြောနေသည့်ပုံမှာ `မိုက်တယ်၊
မိုက်တယ်၊ ငါ့အကြိုက်ဆုံးက ကွန်ဒုံးမပါတာ ငါအကြိုက်ဆုံးပဲ´ဟု အဆုံးသတ်
ပြောသွားသည်ကို ကျတော် စိတ်ထဲမှ ထပ်ဖြည့်လိုသည်မှာ `သင်သည် လူ့ပြည်မှာ ကြာကြာ
မနေချင်ဘူးနှင့် တူသည်´ ဟူ၍သာ။
ဤပုံစာကို ကျတော် ကူးယူ ရေးသား လိုက်ပြီးသည်နှင့်
တစ်ပြိုင်နက် ကြားလိုက်ရသည့် အသံမှာ `ဆရာကြီး ဘာကိစ္စ´ ဤဌာနမှ တာဝန်ခံ ဆရာဝန်က
မေးလိုက်သော အမေး။ `HIV-AIDS အကြောင်း ပိုစတာတွေ လက်ကမ်းစာတွေ လိုချင်လို့ပါဆရာ´
ကျတော်၏ အဖြေမှ ရလိုက်သော စာပေများ၊ စာပေတွေ၊ လက်ကမ်း စာပေတစ်ပွေ့ တစ်ပိုက်ကြီး
အကြောင်း ဆက်လက်ရေးသားပါဦးမည်။
ဒေါက်တာ အောင်ခင်ဆင့် - အလင်းတန်းဂျာနယ် (အမှတ် -
၅၆၁ )




