သည်နေ့ကမ္ဘာကြီးတွင်
ကူးစက်ရောဂါများဒဏ်ကို၊ ကမ္ဘာသူ ကမ္ဘာသားအများတို့ ခံစားနေရသည်။ အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါများက အဆိုးဆုံးဖြစ်သည်။ ထိုရောဂါများဒဏ်ကို
ခံစားနေရသောလူအများစု ကြီးကတော့၊ ဆင်းရဲသော၊ ဖွံ့ဖြိုးမှုနောက်ကျ၍ မတိုးတက်သေးသော
နိုင်ငံများမှ ဖြစ်သည်။
လန်ဒန်မြို့တနေရာရှိ
ကောလိပ်ကျောင်းဝင်းအတွင်းမှ လူမှုသိပ္ပံစာသင်ခန်းတခုတွင်၊ ပါမောက္ခတဦးနှင့်
ကျောင်းသားများ ဆွေးနွေးနေကြသည်။ သူတို့ဆွေးနွေးနေကြသည်က အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်ပျံ့ပွားမှု နှုန်းသည်၊ ဘာကြောင့် အာဖရိကတိုက်နိုင်ငံများတွင်
ပို၍မြင့်မားနေရသနည်း ဆိုသည့်ကိစ္စဖြစ်သည်။ ဆရာ ဖြစ်သူက သူ၏ကျောင်းသားများအား၊
ထိုကိစ္စနှင့် ပတ်သက်၍ ရေသောက်မြစ်ပြဿနာကို ရှာဖွေရန်အတွက်၊ ကျောင်းသားတို့၏
ထင်မြင်ချက်များကို မေးမြန်းနေသည်။
ပထမကျောင်းသားတဦးက
သူ၏ထင်မြင်ချက်ကို ဤသို့တင်ပြသည်။ အာဖရိကန်လူမဲတို့သည် လိင်ကိစ္စနှင့် ပတ်သက်လျှင်
ပွင့်လင်းသူများဖြစ်သည့်အလျောက်၊ လွတ်လွတ်လပ်လပ် လိင်ဆက်ဆံကြသည်။ သူတို့
ယဉ်ကျေးမှုတွင် လိင်ဆက်ဆံခြင်း အမှုကိစ္စသည် ထမင်းစားရေသောက်ကိစ္စသာ ဖြစ်သည်။
ယောက်ျားလေး တဦးသည်၊ မိန်းကလေးရည်းစား သုံး-လေးဦး ရှိနေတတ်သည်ကလည်း မဆန်း။
အိမ်ထောင်ရှိယောက်ျားများ သည်လည်း၊ အပြင်တွင် အခြားအမျိုးသမီးတဦးဦးနှင့်
လိင်ဆက်ဆံခြင်းမျိုး ကြုံလျှင် ကြုံသလို ရှိနေသည်။
ထို့ကြောင့်
ရောဂါကူးစက်မှုနှုန်း မြန်ဆန်မြင့်မားလာရသည်။ ထိုအခြေအနေသည်၊ သူတို့ယဉ်ကျေးမှုနှင့်
တိုက် ရိုက်ဆက်စပ်နေသည်ဟု ဆွေးနွေးလာသည်။
ဒုတိယကျောင်းသားကတော့
ဤသို့တင်ပြလာသည်။ အာဖရိကတိုက်တွင်ရှိသည့် ဆင်းရဲသော၊ မတိုးတက် သော
နိုင်ငံအတော်များများသည်၊ တနည်းမဟုတ် တနည်းအားဖြင့်၊ အာဏာရှင်များနှင့် အာဏာရှင်တပိုင်းတစ
တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည်ကိုလည်း တွေ့နေရသည်။ ထိုအာဏာရှင်များက၊
သူတို့အာဏာတည်မြဲ ရေးမှလွဲ၍ ဘာကိုမှ စိတ်မ၀င်စား။ တိုင်းသူပြည်သားတို့၏
ကျန်းမာရေးကိစ္စများကို လျစ်လျူရှုထားသော ကြောင့် ဖြစ်ရသည်ဟု တင်ပြသည်။
နိုင်ငံရေးအာဏာနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟုလည်း ဆိုသည်။
တတိယကျောင်းသား၏
ဆွေးနွေးချက်ကတော့၊ တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် အရေးအကြီးဆုံး
အချက်သည်၊ ထိုသို့ရောဂါများ မပျံ့ပွားစေရန်၊ လူထုကို ကျန်းမာရေးအသိပညာပေးဖို့
လိုအပ်သည်ဟု ဆို သည်။ ဥပမာအားဖြင့်-ကွန်ဒုံးကို ဘယ်လိုသုံးရမလဲဆိုတာကိုပင်၊ လူတွေ
ကောင်းကောင်း မသိကြ။ လူထု၏ ကျန်းမာရေး အသိပညာနောက်ကျနေခဲ့၍ ဤသို့ရောဂါဘယများဒဏ်
ခံရခြင်း ဖြစ်သည်။ ပညာပေးရေး မြင့် မားကျယ်ပြန့်ဖို့ လိုသည်ဟု ဆိုသည်။
စတုတ္ထကျောင်းသား၏
ချဉ်းကပ်ပုံကတော့၊ ဆင်းရဲနွမ်းပါးမှုသည် အဓိကတရားခံဖြစ်သည်ဟု တင်ပြလာသည်။
ဆင်းရဲနွမ်းပါးသောကြောင့်၊ တိုင်းသူပြည်သားများ ပညာကောင်းကောင်း မသင်နိုင်။
ထို့ကြောင့် အသိညာဏ် ပညာ သူများထက်နောက်ကျခဲ့ရသည်။ ဆင်းရဲလွန်းသောကြောင့်
စားဝတ်နေရေးလည်း၊ ချို့တဲ့သည်။ မကျန်း မာသောအခါများတွင် ကောင်းမွန်စွာ၊ ဆေးဝါး
မကုသနိုင်။ ထို့ကြောင့်၊ ထိုအကျိုးဆက်များသည်၊ ဆင်းရဲနွမ်းပါး မှုကနေ၊
တိုက်ရိုက်ဆင်းသက်လာခြင်းသာ ဖြစ်သည်ဟု တင်ပြသည်။ ဆင်းရဲနွမ်းပါးမှုကို
လျော့ချနိုင်ဖို့ အထူး လိုအပ်သည်ဟုလည်း ဆွေးနွေးသည်။
ပဉ္စမမြောက်
ကျောင်းသား၏အယူအဆကတော့ သည်လိုဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါများ
ကို ထိန်းချုပ်ရန်အတွက်၊ ထုတ်လုပ်သည့်ဆေးဝါးများကို အာဖရိကန်လူထုအနေဖြင့်
ဈေးချိုချိုဖြင့် ၀ယ်ယူမသုံး စွဲနိုင်။ ဈေးကြီးလွန်းလှသည်။ ထိုဆေးဝါးများ
ထုတ်လုပ်သည့် အနောက်နိုင်ငံမှ၊ ဆေးကုပ္မဏီကြီးများ၏ ကိုယ် ကျိုးရှာလွန်းသော ကိစ္စကသာ
အဓိကလက်သည်ဖြစ်သည်ဟု တင်ပြလာသည်။
ဆဋ္ဌမမြောက်ကျောင်းသားကတော့၊ သည်လိုငြင်းခုံသည်။
ပြည့်တန်ဆာလုပ်ငန်းများ တိုးတက်များပြားလာခြင်း နှင့်၊ မူးယစ်ဆေးဝါးများ အကြောထဲ
ထိုးသွင်းသည့်ကိစ္စများက၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားသည့်နှုန်း ကို
ပို၍မြင့်မားစေသည်။ ထို့အတွက်၊ ပြည့်တန်ဆာလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို၊
ခိုးကြောင် ခိုး ၀ှက်မလုပ်စေဘဲ၊ ဥပဒေအရ စနစ်တကျ ပွင့်ပွင့်လင်းလင်းခွင့်ပြုရန်
လိုအပ်သည်ဟု ဆိုသည်။
သတ္တမမြောက်ကျောင်းသားကတော့
သည်လိုချဉ်းကပ်သည်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အပါအ၀င်၊ တီဘီ ကဲ့သို့သော
အခြားကူးစက်ရောဂါများ၊ ကူးစက်မှုနှုန်း အဆမတန်မြင့်မားရခြင်းသည်၊
မညိမျှမှုများကြောင့် ဖြစ်ရ သည်ဟု ဆိုသည်။ ခေတ်အဆက်ဆက်က တည်ရှိလာသော၊
မညီမျှမှုများကြောင့်ဟု သူကထပ်မံအဆိုတင်သွင်း ပြန်သည်။ ကမ္ဘာလုံးဆိုင်ရာအနေအထားဖြင့်
ပြောရမည်ဆိုပါက၊ ကမ္ဘာကြီး၏ဓန၊ ကြွယ်ဝမှုများကိုခွဲဝေရာတွင်၊ ညီမျှမှုမရှိဘဲ၊
မတရားသဖြင့် ခွဲဝေယူကြခြင်းသည်၊ ပထမဆုံးသော ရေသောက်မြစ်ပြဿနာဖြစ်သည်။ ဒုတိယ အဆင့်
ရေသောက်မြစ်ပြဿနာကတော့၊ ဒေသအတွင်း၊ မိမိနိုင်ငံအတွင်းရှိ ဓနကြွယ်ဝမှုများကို ထပ်မံ၍
မတရားသဖြင့် ခွဲဝေယူကြသောကြောင့်၊ ဖြစ်ရသည်ဟု ဆိုသည်။ ထိုသို့သော မညီမျှမှုများ၏
အကျိုးဆက်များ သည်၊ လူများစုကြီးအား ဆင်းရဲတွင်းသို့ တွန်းပို့၍ရောဂါဘယများနှင့်၊
အတူယှဉ်တွဲနေရန် စေခိုင်းလေတော့ သည်။
ကျောင်းသားများကား၊
ဆရာဖြစ်သူထံမှ ထွက်လာမည့် မှတ်ချက်ကို စိတ်ဝင်တစား၊ စောင့်စားနားထောင်နေကြ သည်။
ဆရာဖြစ်သူက ထိုကျောင်းသားတို့၏ ဆွေးနွေးတင်ပြလာသည့် ယူဆချက်များသည်၊
အိပ်ခ်ျအိုင်ဗွီ၊ အေ အိုင်ဒီအက်စ်နှင့် ပတ်သက်၍၊ သူ့နေရာနှင့်သူ
ထင်ဟပ်ဆက်စပ်နေသည့်၊ အကြောင်းအချက်များ ဖြစ်သည်ကို၊ သဘောတူကြောင်း
ပြန်လည်ဆွေးနွေးသည်။ သို့သော် ထိုပြဿနာများ၏ အဓိကရေသောက်မြစ်ကတော့၊
သတ္တမမြောက်ကျောင်းသားဆွေးနွေးသွားသည့်၊ မညီမျှမှုများ (Inequalities) ကြောင့် ဖြစ်ရသည်ဆိုခြင်းက၊ ပို၍
လက်ရင်းကျသောချဉ်းကပ်မှုဖြစ်ကြောင်း၊ ရှင်းလင်းပြလေသည်။
ကျန်းမာရေးနှင့်
ဆေးပညာလောကတွင် ထင်ရှားသောပညာရှင်တဦးဖြစ်သူ ပေါလ်ဖားမားဆိုသူက၊ အမေရိကန်
နိုင်ငံရေးသမားများနှင့် အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုပ္မဏီကြီးများကို၊
အေအိုင်ဒီအက်စ် ပြဿနာများနှင့် ပတ်သက်၍ ကိုယ်ကျိုးရှာလွန်းသည်ဟု
ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ (၁၉၉၈) နှစ်တခု တည်းမှာပင်၊ စစ်ပွဲများနှင့်
အကြမ်းဖက်မှုများကြောင့် အာဖရိကတိုက်၌ လူပေါင်း (၂) သိန်းကျော်သေကြေ ခဲ့ရသည်။
သို့သော် ထိုတနှစ်တည်းမှာပင် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးရသောအာဖရိကန်ကား
နှစ်သန်း ကျော်ရှိခဲ့ကြောင်း၊ သူက ထောက်ပြခဲ့သည်။ မညီမျှမှုများသည်
ဆင်းရဲမွဲတေမှုကို မွေးဖွားပေး၍၊ ထိုဆင်းရဲ မွဲတေမှုသည် မညီမျှမှုများကို၊
တဖန်ဆက်လက်သက်ဆိုးရှည်စေသည်ဟုလည်း၊ ဖားမားက တင်ပြခဲ့သည်။
အာဖရိကတိုက်သားများ၊
မညီမျှမှုများ၏ဒဏ်ကို အလူးအလဲခံစားနေရသည့် တချိန်တည်းတွင်၊ ကျွန်ုပ်တို့မြန်မာပြည်သူ
ပြည်သားများလည်း၊ မညီမျှမှုများ၏ နောက်ဆက်တွဲဆိုးကျိုးများကို၊
ထိုသူတို့နည်းတူခံစားနေရ သည်။ မြန်မာပြည်တွင်လည်း၊ အိပ်ချပ်အိုင်ဗွီ၊
အေအိုင်ဒီအက်စ်နှင့် တီဘီ အစရှိသည့် ကူးစက်ရောဂါများခံစား နေရသူပေါင်း၊
သန်းဂဏန်းအရေအတွက်ရှိနေသည်ဟု ကျွမ်းကျင်သူများမှ ထောက်ပြထားသည်။ ထိုသို့ ရောဂါ
ခံစားနေရသော မြန်မာပြည်သူတို့ကို ကူညီရန်အတွက်ဟုဆိုကာ နိုင်ငံရပ်ခြားအစိုးရများ၊
အဖွဲ့အစည်းများ စတင်ဆောင်ရွက်နေသည်။ ကောင်းပါသည်။ သို့သော် ရေသောက်မြစ်ပြဿနာကို
အတိုင်းအတာတခုအထိ မဖြေရှင်းနိုင်သ၍၊ ကြားထဲမှာ ဘယ်နည်းပဲသုံးသုံး၊ ငွေဘယ်လောက်ပဲ
အကုန်ခံခံ ဆေးမြီးတိုသာဖြစ်ပေလိမ့် မည်။




