စာရေးသူ၏ မှတ်ချက်
အိပ်ခ်ျအိုင်ဗွီ ပိုး ကူးစက်ခံထားရသော
သူငယ်ချင်းတစ်ဦးကြောင့် ဤဆောင်းပါးကို ရေးရန် ဆန္ဒဖြစ် ပေါ်လာခဲ့သည်။
သူငယ်ချင်းသည် ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန် တစ်ဦးဖြစ် သော်လည်း အသက် ၂၆ နှစ်
ဆရာဝန်ဖြစ်ပြီး မကြာမီတွင် အိပ်ခ်ျအိုင်ဗွီပိုး ကို ရရှိခဲ့သည်။ သူသည် အသက်
(၁၂) ခန့် အရွယ် လူပျိုဖေါ်ဝင်ချိန်မှ စတင်ကာ လိင်တူကိုသာ စိတ်ဝင်စား ခဲ့သည် ဟု
ဆိုသည်။ သူ၏ ပြောပြချက်များကို အခြေပြုပြီး မြန်မာစာဖတ်သူများ မသိသေးသော
အချက်များ ဆက်လက် ပေါ် ထွက်နေသည်ဟု ယူဆသဖြင့် ဤဆောင်းပါးတွင် တတ်နိုင်သမျှ
လိုအပ်သော အချက်အလက်များ ထည့်သွင်းဖြည့်စွက် ထားပါသည်။
“အိပ်ခ်ျအိုင်ဗွီ” တွေနှင့်
ရင်လေးစရာ မြန်မာပြည်
အိပ်ခ်ျအိုင်ဗွီအကြောင်း စဉ်းစားတဲ့အခါ
မြန်မာပြည်ရှေ့ရေးအတွက် ရင်မအေးစရာ ကိစ္စတွေ ဖြစ်လာ ပါတယ်။ မြန်မာပြည်မှာ နှစ် (၂၀)
ကျော်ကြာ ကျန်းမာရေးလုပ်ငန်းတွေ လုပ်နေတဲ့ အေဇက်ဂျီ အကြီး အကဲ Dr. Frank
Smithuis က မြန်မာနိုင်ငံရဲ့ လိင်လုပ်သား အနည်းဆုံး ၂၃% ခန့်မှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေတယ်လို့ လွန်ခဲ့သော ၄နှစ်ခန့်က
ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ အဲဒီသတင်း ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ
ရောဂါပိုးကူးစက်ခံထားရသူ (၂၄၀၀၀၀) ခန့် ရှိတယ်လို့ မြန်မာစစ်အစိုးရက
တရားဝင် ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ တကယ် ရောဂါပိုး ကူးစက်ခံထားရတဲ့ အရေအတွက်ဟာ အဲဒီ
ထက် များတယ်လို့ Dr. Frank Smithuis ကပဲ ပြောခဲ့ပါတယ်။
ကျွန်မကိုယ်တိုင် ၁၉၉၀ ပြည့်နှစ်များမှ စတင်ပြီး ရန်ကုန်မှာ
အိပ်ခ်ျအိုင်ဗွီကြောင့် အသက်ဆုံးရသော ကျောင်းနေဖက်၊ အပေါင်းအသင်း၊
လုပ်ဖေါ်ကိုင်ဖက်၊ မိတ်ဆွေများကို စတင်မြင်ခဲ့ရပါတယ်။ မှတ်မိသ လောက် ပြောရရင်
ဒီရောဂါ ရပြီး သေဆုံးသွားသူများထဲမှာ အသိပညာ ရှင်၊ အတတ်ပညာရှင် များစွာ ပါဝင်ခဲ့ပါတယ်။
အမှန်တော့ အိပ်ခ်ျအိုင်ဗွီ ကြောင့်သေသူ မြောက်များစွာ ဟိုစဉ်ကတည်းက ရှိခဲ့မှာပါ။
ရောဂါပိုးကို နာမည်မတပ်နိုင်ခဲ့လို့်၊ စစ်ဆေးနိုင်ခြင်း မရှိခဲ့လို့
အိပ်ခ်ျအိုင်ဗွီမှန်း မသိခဲ့ကြတာပါ။
ပထမဦးဆုံး အေအိုင်ဒီအက်စ် ရောဂါ
ကူးစက်ခဲ့သူများ
ဒီရောဂါ ဘယ်အချိန်က ဘယ်လို စဖြစ်လာတာ၊ လူဘယ်နှစ်ယောက် သေတယ်
ဆိုတာတွေကို အတိ အကျ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ ၁၉၈၀
ခုနှစ်နောက်ပိုင်းလောက်က စပြီး အမည်မဖေါ်နိုင်တဲ့ ရောဂါဆန်းကြီးအကြောင်းကို
အမေရိကန်တွေ စတင်ကြားသိခဲ့ကြရပါ တယ်။ ၁၉၈၀ ခုနှစ် အစောပိုင်း ကာလများမှာ နယူးယောက်မြို့
နဲ့ ကာလီဖိုးနီးယားမှာ ရှိတဲ့ လိင်တူဆက်ဆံသူ လူငယ်တော် တော်များများ ဟာ
လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကုရခက်တဲ့ Kaposi's Sarcoma (KS) လို့ ခေါ်တဲ့
ကင်ဆာရောဂါတစ်မျိုးကို စတင်ခံစားခဲ့ရပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များအကြား
ဒီကိစ္စဟာ အဖြေရှာရ ခက်တဲ့၊ စိုးရိမ်စရာ ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့
ရောဂါဟာ လိင်တူဆက်ဆံ သူများအကြား တိုက်တိုက်ဆိုင်ဆိုင် တပြိုင်နက်တည်းမှာ
ဖြစ်လာ တာဆိုတော့ ဘာမှန်းသေသေ ချာချာ မသိကြပေမဲ့ ဒီရောဂါဟာ လိင်ဆက်ဆံရာက
ကူးတာဖြစ်နိုင်တယ်လို့ အားလုံးက တညီတ ညွတ်တည်း တွက် ခဲ့ကြပါတယ်။
ဒီရောဂါကို တကမ္ဘာလုံးက စတင်သိရှိခဲ့ရတာတော့ အဲဒီတုန်းက
နာမည်ကြီး ဟောလီးဝုဒ် မင်းသား ကြီး ”ရော့ခ်ဟတ်ဆန်” ကြောင့်ပါ။ သူ့မှာ
ရောဂါဖြစ်လာတော့ တကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန် ပါတယ်။ ”ရော့ခ်ဟတ်ဆန်” မှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေကြောင်းကို ၁၉၈၄ ခုနှစ် ဇွန်လမှာ တရားဝင်
အဖြေထွက်လာပါတယ်။
၁၉၈၅ခုနှစ်မှာတော့ ဟတ်ဆန် နဲ့ သိတ်ခင်တဲ့ မင်းသမီး
”ဒေါရစ်စ်ဒေး” က ရုပ်မြင်သံကြား အစီအ စဉ် တစ်ခုကို စပြီးပွဲဦးထုတ်တော့
ဒေါရစ်ဒေးက ဟတ်ဆန်ကို ဖိတ်လိုက်ပါတယ်။ ”ဒေါရစ်စ်ဒေး” ကို ကူတဲ့အနေနဲ့ ဟတ်ဆန်
စင်ပေါ်တက်ရောက်ပြီး စကားပြောတဲ့အခါ ပိန်ချုံးပြီး လူရုပ်ပျောက်နေတဲ့ သူ့ကို
ဒေါရစ်ဒေး အပါအဝင် ပရိသတ်အားလုံးက ပွဲစဉ်တစ်လျှောက်လုံး အံ့သြထိတ်လန့်စွာနဲ့
စိုက် ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးပေါ်ထွက်လာခြင်း
အနာသိပြီးတဲ့နောက်ပိုင်း ဆေးရှိအောင် လုပ်ကြပါတယ်။
အိပ်ခ်ျအိုင်ဗွီပိုးကို သေသွားအောင် မသတ် နိုင်ပေမဲ့၊ ရောဂါကာကွယ်ဆေး
မထုတ်နိုင်ပေမဲ့ ခန္ဓာကိုယ်ခုခံအားကို ကျဆင်းမသွားအောင် ထိန်းထား နိုင်မဲ့
ဆေးများကို ၁၉၉၅ ပါတ်ဝန်းကျင် လောက်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီဆေးကို
သုံးခြင်းဖြင့် အနည်းဆုံး အနှစ် ၂၀ခန့် ဆက်လက် အသက်ရှင်နိုင်တယ်လို့
ဆိုပါတယ်။
ဆေးတွေဟာ အမျိုးအစားစုံလှပြီး ဘေးထွက်အာနိသင် တွေ
ရှိနေတဲ့အတွက် ဘေးထွက် အာနိသင် နည်းပါးသော ဆေးများကို တဆင့်ထက် တဆင့် တိုးမြှင့်
ထုတ်လုပ်ခဲ့ကြ ပါတယ်။ မြန်မာပြည်ကို ပထမဦးစွာ စတင် ဝင်ရောက်တဲ့ ဆေးကတော့
”အေဇက်တီ” လို့ မှတ်မိပါ တယ်။ ခုခံအားကျရောဂါ မဖြစ်စေရန် သုံးတဲ့ ”အေဇက်တီ” ဟာ
ခုခံအားကျ ရောဂါဖြစ်လာ စေတယ်လို့ အထောက်အထားများ ထွက်ပေါ်လာလို့
တချို့နိုင်ငံတွေမှာ ဆေးကုမ္ဗဏီကို တရားစွဲတဲ့အတွက် အမှုတွေတောင် ဖြစ်ယူရ ပါတယ်။
အခုနောက်ပိုင်းမှာ ဆက်တိုက် ထွက်နေတဲ့ ဆေးတွေက များတော့
မမှတ်မိတော့ပါဘူး။ ဈေးပေါ လေလေ၊ ဘေးထွက်အာနိသင်အကျိုးဆက်မှာ ပိုမို အန္တာရာယ်
ကြီးမားလေ ဖြစ်ပါတယ်။ အိပ်ခ်ျအိုင် ဗွီကြောင့် ခုခံအားကျ ရောဂါ
ခံစားခဲ့ရတဲ့ ကျွန်မရဲ့ သူငယ်ချင်း ကတော့ ဆေးနဲ့ပါတ်သက်တဲ့ သူရဲ့ အတွေ့အကြုံကို
ခုလိုရင်ဖွင့်ပါတယ်။ ”ခုခံအားကျဆေးတွေက ဈေးသိတ်ကြီးတယ်။ အာရှတိုက်မှာ
ဈေးပေါပေါနဲ့ ဖြန့်တဲ့ ဆေးတွေရှိတာကို သိပါတယ်။ ဒါပေမဲ့ အဲဒီဆေးတွေက
ကျောက်ကပ်ကို အရမ်း ထိတာ။ ငါတော့မသောက်ရဲဘူး။ တကယ်ကောင်းတဲ့ ဆေးကတော့ တစ်လကို
အနည်းဆုံး ဒေါ်လာ ၄၀၀ လောက် အနည်းဆုံးရှိတယ်။ အခု ငါသောက်နေတာ အဲလို
ဆေးမျိုးပေါ့” လို့ ပြောပါတယ်။
ဆေးကြောင့် ပိုးကို
ရှာမတွေ့တော့ခြင်း
သုတေသနပညာရှင်များက ဆေးတွေကို ပူးတွဲသုံးပြီး ပိုးကို
နှိမ်နင်းတဲ့ နည်းကိုလည်း စမ်းသပ် အသုံး ပြုလျှက် ရှိပါတယ်။
နှစ်မျိုးတွဲသောက်တာက တမျိုးတည်းသောက်တာထက် ပိုမိုထိရောက်တယ် လို့ ဆိုပါတယ်။
လက်ရှိမှာတော့ saquinavir ဆိုတဲ့ ဆေးနှင့် ritonavir ၊ တို့ကို ပူးတွဲသုံးရင်
သေနိုင်တဲ့ အထိ ဘေးထွက် အာနိသင်များ ရှိတယ်လို့ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
ဆေးသောက်ထားသူရဲ့ သွေးထဲမှာ ရောဂါပိုး ကို
ရှာဖွေရခက်ခဲလာကြောင်း သူငယ်ချင်းကပဲ ဆက် လက် ရှင်းပြပါတယ်။ ” ဆေးသောက်ပြီး
တစ်နှစ်လောက်ကြာတဲ့အခါ ကိုယ်ခံအားတွေ ပြန်တက်လာ တယ်။ သွေးထဲမှာ ရှိတဲ့
အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးကိုလည်း စစ်ဆေးတဲ့ စက်က ရှာမတွေ့တော့ဘူး။
ခုဆိုရင် သွေးစစ်တိုင်း ပိုးရှာမတွေ့တာ ၁နှစ်ကျော်သွားပြီ”
”ဒီလိုဆိုရင် အိပ်ခ်ျအိုင်ဗွီ မရှိတော့တာလား” ဟု ကျွန်မက
မေးသောအခါ ”မဟုတ်ဘူး၊ ဗိုင်းရပ်စ်ပိုးက ခဏအိပ်ပျော်သွားတဲ့ သဘောပဲ” ဟု ဖြေသည်။
သူငယ်ချင်းဟာ လိင်တူချင်းဆက်ဆံရာမှ ရောဂါ ရရှိလာခဲ့တာပါ။
သူ့ကို ရောဂါကူးစက်စေခဲ့သူ လူငယ်ကလည်း အရင်လိင်တူဆက်ဆံဖက်တစ်ဦးထံမှ ရခဲ့တာလို့
ပြောပါတယ်။ သူ့ချစ်သူ ကောင် လေးကို လျှော့တွက်ခဲ့မိကြောင်းကိုလည်း
ခုလိုရှင်းပြပါတယ်။
”သူက ရုပ်ကလည်း အရမ်းချော၊ အနေအထိုင်လည်း သိတ်သန့်၊
နောက်ပြီး အသက်က (၁၉) နှစ် ပဲ ရှိသေးတော့ ပိုးရှိလိမ့်မယ်လို့
မျှော်လင့်မထားမိဘူး။ အရင်တယောက်နဲ့ ပြတ်ပြီးတဲ့နောက် တခါမျှ သွေးစစ်ခြင်း မရှိပဲ
ငါနဲ့ အိပ်ပြီးတော့မှ အရင်တစ်ယောက်က သူ့မှာ ရောဂါရှိနေကြောင်း အကြောင်း
လှမ်းကြားခဲ့တာ” လို့ ပြောပါတယ်။
“ရောဂါပိုးရှိနေတာကို စောစောစီးစီး မသိခဲ့တော့ ဘာမှ
မလုပ်နိုင်သေးခင် ငါ့မျက်လုံးထဲကို ပိုးဝင် တယ်။ ဝင်တဲ့ ပိုးက ကျောက်ရောဂါရဲ့
မျိုးစိတ်တစ်ခုပဲ။ ကုလို့မရတော့ ဘူး။ အခုဆိုရင် ငါ့မျက်လုံးက
ဆေးအမြဲထည့်နေရတယ်” လို့ သူငယ်ချင်းက ပြောပြရှာပါတယ်။
လိင်တူဆက်ဆံသူများနှင့်
လိင်ကွဲချစ်သူအယောင်ဆောင်များ
ကမ္ဘာမှာ ဒီကနေ့အထိ အိပ်ခ်ျအိုင်ဗွီကြောင့် သေဆုံးရသူ
ခန့်မှန်းခြေ လူ(၂၅)သန်းခန့် ရှိသွားပါပြီ။ အခုနောက်ပိုင်း တချို့ ဖွံ့ဖြိုးဆဲ
နိုင်ငံများမှာ အိပ်ခ်ျအိုင်ဗီ ဖြစ်ပွားနှုန်းကို အတော်အတန် လျှော့ချနိုင်ခဲ့ ပေမဲ့လည်း
သြစတြေးလျ မှာတော့ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားသူ
၅၀% ခန့် တိုးမြှင့်လာ တယ်လို့ ပြောပါတယ်။ သြစတြေးလျ နဲ့ အမေရိကန်နိုင်ငံ၏
တရားဝင်စာရင်း ဇယားများ ကို ကြည့်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ အများစုမှာ
လိင်တူဆက်ဆံသူ အများစု ဖြစ်ကြောင်း တွေ့ ရပါတယ်။
ခက်တာက လိင်တူဆက်ဆံသူ တချို့ဟာ ဇနီးမယား၊ သားသမီးများနဲ့
သူလို ကိုယ်လို လူတန်းစား တွေပါ။ ပါတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကြောင့်
လူမြင်ကောင်းအောင်၊ ပုံမှန်ဘဝအခြေအနေမျိုး ဖြစ်အောင် နေနေကြသူတွေပါ။ အဲသလို
တင့်တယ်တဲ့ဘဝမျိုးမှာ နေနိုင်အောင် မိန်းမတွေကို လက် ထပ်ယူခဲ့သူများထဲဝယ်
မင်းသားကြီး ”ရော့ခ်ဟတ်ဆန်” ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဟတ်ဆန်ရဲ့ ကိစ္စမှာ
ဇနီးဖြစ်သူက ဟတ်ဆန် ယောင်္ကျားတစ်ယောက်နဲ့ ဖေါက်ပြန်နေတာကို ပျားရည်ဆမ်းခရီး ထွက်ချိန်မှာပဲ
သိသွားလို့ လင်မယားအကြီးကျယ် စကားများခဲ့ကြပါတယ်။ လက်ထပ်ပြီး ၃နှစ်ခန့်
အကြာမှာတော့ တရားဝင် ကွာရှင်း ပြတ်ဆဲခဲ့ပါတယ်။
လက်ရှိ စာရင်းကောက်ယူချက်အရ အမေရိကတိုက်မှာ အိမ်ထောင်ဇနီးမယား
ရှိလျှက် လိင်တူ ဆက် ဆံသူ အမျိုးသားများ မှာ ၃၀% ခန့် ရှိနေတယ် လို့ ဆိုပါတယ်။
အာရှတိုက်မှာတော့ လိင်တူရော၊ လိင်ကွဲရော နှစ်မျိုးစလုံး ဆက်ဆံတဲ့ အမျိုးသားများ၊
နဲ့ လိင်တူဆက်ဆံသူ အမျိုးသားများမှာ ၃၀% ခန့်ဟာ ရောဂါပိုး သယ်ဆောင် ထားပါတယ်။
အမေရိကန်မှာ ၂၀၀၈ခုနှစ်အတွင်း လူ (၅၆၃၀၀)ကျော် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခဲ့ပြီး
၅၃% က လိင်တူနဲ့ လိင်ကွဲ နှစ်မျိုးစလုံး ဆက်ဆံသူ အမျိုးသားများ၊ နှင့် လိင်တူ
ဆက်ဆံသူ အမျိုးသားများ ဖြစ်ပါတယ်။ အဲဒီအထဲမှာ လူမဲဦးရေ က လူဖြူဦးရေရဲ့ ၇ ဆ
ရှိတယ်လို့ စာရင်းထုတ်ပြန်ပါတယ်။
ပိုးရှိလျက်နှင့် အကာအကွယ်မသုံးပဲ
လိင်ဆက်ဆံလျှင်ထောင်ဒါဏ်
လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ
ရောဂါပိုးကူးစက်ခြင်းကို ကာကွယ် တဲ့အနေနဲ့ အကာအကွယ် မရှိ
လိင်ဆက်ဆံသူတွေကို အစိုးရက ထောင်ဒါဏ် (၇) နှစ် အထိ သတ် မှတ်လိုက်တာပါ။
ဒါပေမဲ့လည်း ဒီဥပဒေကြောင့် လူတချို့ က အိပ်ခ်ျအိုင်ဗွီ ရှိနေတာကို သက်ဆိုင်ရာ ကို
သတင်းမပို့ခဲ့ရင် ရောဂါ ကူးစက်မှုကို မထိမ်းချုပ်နိုင်တော့ပဲ ဖြစ်လာမှာကို
ပူပင်နေရကြောင်း လူထုကြားထဲမှာ အငြင်းပွားလျှက် ရှိပါတယ်။ အိပ်ခ်ျအိုင်ဗွီ
ကိုယ့်ထံရောက်မလာအောင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မိမိနဲ့ မိမိ မိသားစုကို
ရောဂါပိုးရောက်မလာအောင် ကာကွယ်ဘို့ကတော့ လူတိုင်းရဲ့ တာဝန်ပါပဲ။ ဒီခေတ်ထဲမှာ
ဘယ်သူ့ကိုမှ ယုံလို့မရတော့ဘူးဆိုတာ အားလုံး စဉ်းစားပြီး ဖြစ်ကြမှာပါ။
ဟု လမ်းသစ် (လူမှုစီးပွားရေးသတင်းဂျာနယ်)
မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
သက်သက်ထွန်း
Thursday, 04 November 2010 23:37
ရဲမင်းနောင် - http://grou.ps/minyenaung/talks/3455779




