17
Oct

မပခစစ်ဌာနချုပ်အနီး နိုက်ကလပ်နှင့် အနှိပ်ခန်းများ ပြည့်တန်ဆာများဖြင့် ပြည့်နှက်





မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အနီးရှိ မောရွှေလီ
နိုက်ကလပ်နှင့် မြို့ပေါ်အနှိပ်ခန်း များတွင် ပြည့်တန်ဆာများ များပြားလာနေကြောင်း သိရသည်။

 

ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မြစ်ကြီးနားမြို့ပေါ်ရှိ
တည်းခိုခန်းများနှင့် ညဈေးတန်းတို့တွင် ကျက်စားနေသည့် ပြည့်တန်ဆာများကို ဒေသခံအာဏာပိုင်များက
ဖမ်းဆီးနေသဖြင့် မပခ စစ်ဌာနချုပ်အနီးသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြခြင်းဖြစ်သည်။

 

မပခစစ်ဌာနချုပ်မှ စစ်ဘက်အရာရှိများနှင့် ပတ်သက်ဆက်စပ်မှုရှိသည့်
မပခ ဂေါက်ကွင်းဘေးမှ မောရွှေလီ နိုက်ကလပ်တွင် တနေ့လျှင် ပြည့်တန်ဆာအမျိုးသမီး (၁၀၀)
ထက်မနည်း လာရောက်ကာ ဖောက်သည်လာရှာကြသကဲ့သို့ မြို့ပေါ်ရှိ အနှိပ်ခန်း များတွင်လည်း အမျိုးသမီးများ
ယခင်ကထက် အရေအတွက် တိုးလာသည်ဟု မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

 

၎င်းက “အဲဒီနိုက်ကလပ်မှာက ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ လာကြတယ်။
စီးပွားရေးသမားတွေလည်း လာကြတယ်။ အရက်ဘားလည်း ရှိတော့ သောက်ကြ၊ စားကြရင်းနဲ့ ကကြခုန်ကြ
ပျော်ပါးတဲ့နေရာ။ တည တညကို ကောင်မလေးတွေ အနည်းဆုံး (၁၀၀) ထက်မနည်း လာတယ်။ အဲဒီထဲမှာ
ကောင်မလေးနဲ့ ဈေးစကားပြောပြီး အပြင်တနေရာကို ခေါ်ထုတ်သွားပေါ့။ ဝင်ကြေးက ကျပ် (၂,၀၀၀)
ရှိတယ်။ မိန်းကလေးဆိုရင် ဝင်ကြေးမပေးရဘူး။ ည (၆) နာရီခွဲကျော်၊ (၇) နာရီဆို စပြီ။ အဲဒီလာတဲ့
မိန်းကလေးတွေကလည်း အားလုံး လိုင်းအမျိုးသမီးတွေပဲ။ အလုပ်လာရှာတယ်ဆိုတာ အားလုံးသိနေကြတယ်။
အဲဒီထဲ ဘယ်လိုဖြစ်နေလဲဆိုတော့ သာမန်မိန်းကလေးတွေ မသွားသင့်တဲ့နေရာ၊ မောင်နှမ၊ သားအမိတွေ
ဝင်ကြည့်လို့ မသင့်တဲ့နေရာဗျာ” ဟု ပြောသည်။

 

အနှိပ်ခန်းများတွင်လည်း အနယ်နယ်အရပ်ရပ်မှ မိန်းကလေးများ
လုပ်ကိုင်နေကြပြီး အနှိပ်ခန်းတခုလျှင် ပျမ်းမျှ (၃၀) ဦးခန့်ရှိပြီး ပြည့်တန်ဆာလုပ်ငန်းများနှင့်
တွဲဖက်လုပ်ကိုင်နေကြသည်ဟု အနှိပ်ခန်း လုပ်ငန်းရှင်များနှင့်နီးစပ်သည့် မြစ်ကြီးနား
ဒေသခံတဦးက ပြောသည်။

 

၎င်းက “အနှိပ်ခန်းကျတော့ ပြည့်တန်ဆာတွေလို ပေါ်ပေါ်တင်တင်တော့
မဟုတ်တော့ဘူး။ သူတို့အထာနဲ့ သူတို့ရှိတယ်။ အခုက မြို့ထဲမှာ အဖမ်းအဆီးတွေ ရှိလာ၊ လုပ်ကိုင်ရခက်တော့
တချို့က အနှိပ်ခန်းတွေဘက်၊ တချို့က နိုက်ကလပ်ပေါ်တက်ကြနဲ့ အတော်ကိုများလာတယ်။ အေးမြသာယာ၊
ပမ္မတီး၊ မြို့သစ်ကြီး၊ စီတာပူ ရပ်ကွက်ဘက်မှာ မြန်မာ့ရိုးရာအနှိပ်ခန်း ခေါင်းစဉ်တပ်ထားတဲ့
အနှိပ်ခန်းတွေ တရားဝင် (၆) ခုလောက်ရှိတယ်။ ပျဉ်ခင်း၊ ထရံကာ အဆောင်အရှည်ကြီးတွေ လုပ်ထားတာ။
တိုက်နယ်ဆေးရုံအဆင့် ဆေးရုံတရုံစာလောက် ရှိတယ်။ အဆောင်ဟောကြီးထဲမှာ နှိပ်တာက (၁) နာရီ
ကျပ် (၃,၀၀၀)၊ သီးသန့်အခန်း ထဲမှာက (၈,၀၀၀) ရှိတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်ကဗိုလ်တွေပဲ
လာနှိပ်တာများတယ်” ဟု ပြောသည်။

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ယခုလအစောပိုင်းမှစ၍
အနှိပ်ခန်းများကို ပိတ်ထားခဲ့ရာ အနှိပ်ခန်းရှိ အမျိုးသမီးအချို့ မြစ်ကြီးနားသို့ ပြောင်းရွှေ့လုပ်ကိုင်နေကြသည်ဟု
ဗန်းမော်မှ လာသည့် သတင်းများအရ သိရသည်။

 



မပခစစ်ဌာနချုပ်အနီး
နိုက်ကလပ်နှင့် အနှိပ်ခန်းများ ပြည့်တန်ဆာများဖြင့် ပြည့်နှက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top