ကုသနိုင်တဲ့
ဆေးမရှိဘဲ၊ ကမ္ဘာ့ပြည်သူတွေကို ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေတဲ့ သေမင်းတမန်
AIDS ရောဂါအကြောင်း ဝတ္ထုတွေ၊ ဆောင်းပါးတွေ၊ ဖြစ်ရပ်မှန်တွေ ရေးကြတာ များပါပြီ။ အပျော်ကျူးသူတွေနဲ့
မူးယစ်ဆေးဝါးသမားတွေက စခဲ့တဲ့ ရောဂါဟာ အပြစ်မဲ့တဲ့ ကလေး သူငယ်တွေကိုပါ ရက်ရက်စက်စက်
သတ်ဖြတ်နေပါတယ်။ ရောဂါဖြစ်တဲ့သူ ရောဂါကူးတဲ့သူတွေ အကြောင်း ရင်နာစရာ ဝတ္ထုတွေ ဖတ်ရတယ်။
ယခုဝတ္ထုကလည်း အိပ်ဒ်(စ်) ရောဂါ အကြောင်းပါပဲ။ ဒါပေမယ့် ရောဂါဖြစ်နေသူ အကြောင်းတော့
မဟုတ်ပါဘူး။ အိပ်ဒ်(စ်) ရောဂါ အခြောက်လှန့်ခံနေရသူရဲ့ စိတ္တဇဝေဒနာ အကြောင်းပါပဲ။ အိပ်ဒ်(စ်)
ဝေဒနာရှင်ရဲ့ ရောဂါလက္ခဏာတွေ အားလုံးဒီလူ့မှာ ပေါ်ပေါက်လာတယ်။ သေချာအောင် သွေးစစ်ကြည့်တဲ့
အခါ HIV Negative ဖြစ်နေတယ်။ အိပ်အိုင်ဗွီပိုး မရှိဘူးပေါ့။ ထပ်စပ်တယ်။ မတွေ့ဘူး။ လူနာက
မယုံဘူး။
သူ့မှာ ဒီရောဂါပိုး ရှိနေတယ်လို့ ယုံကြည်တယ်။
ဒီပိုး ကူးလောက်အောင်လည်း အမျိုးစုံသူ လုပ်ခဲ့ ရှုပ်ခဲ့တယ်။ ဆရာဝန်တွေက မဟုတ်ပါဘူး ဆိုတာလည်း
သူမယုံဘူး။ နောက်ဆုံး ရောဂါပိုး ရှာမတွေ့ဘဲနဲ့ ဒီရောဂါလက္ခဏာ တွေနဲ့ သေဆုံးခဲ့တယ်။
စိတ်ရောဂါနဲ့
သေတယ်လို့ ပြောရလိမ့်မယ် လို့ ဆိုတယ်။
ဒီလိုအဖြစ်မျိုး
လောကမှာ တကယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တွေ့ပါပဲ။ ဒါပေမယ့် အဖြစ်ချင်းက ယခုဝတ္ထုလိုတော့
မဟုတ်ဘူး။ ကျွန်တော့် မိတ်ဆွေ လူပျိုလေး တစ်ယောက် တဖြည်းဖြည်း ပိန်ချိုးလာတယ်။ ဆရာဝန်သွားပြတယ်။
သူ့ရုပ်လက္ခဏာက HIV ပိုး ကူးစက်နေသူနဲ့ တူတော့ သွေးစစ်ခိုင်းတယ်။ ဒါပေမယ့် ပိုးမတွေ့ဘူး။
Negative ပဲ။ ပါရဂူဆီ ရောက်သွားပါတယ်။ ပါရဂူကလည်း သွေးစစ်ကြည့်တယ်။ ပိုးမတွေ့ဘူး။
Negative ပဲ။ ဒါကို ပါရဂူက မယုံဘူး။ မကြာခင်လပိုင်းအတွင်း သေတော့မယ်လို့ တောင် ခန့်မှန်းခဲ့တယ်။
ဒါပေမယ့် လူနာဟာ မသေခဲ့ပါဘူး။ ယခုတိုင် ရှိနေတယ်။ အိပ်ဒ်(စ်) ရောဂါလည်း မဟုတ်ဘူးလို့
ဆရာဝန်တစ်ဦးက ပြောတယ်။ တကယ်တော့ AIDS တစ္ဆေခြောက်တာပါပဲ။ အဖြစ်ကတော့ နေမင်းသစ်ရဲ့ ဝတ္ထုနဲ့
ကွဲပါတယ်။
ဝတ္ထုမှာ လူနာက အိပ်(စ်) တစ္ဆေခြောက်ခံနေရတယ်။ ကျွန်တော့်မိတ်ဆွေလူငယ်အဖြစ်မှာတော့
ဆရာဝန်တွေမှာ အိပ်ဒ်(စ်) တစ္ဆေ အခြောက်ခံနေရရှာတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ AIDS ရောဂါဆိုးကြီးဟာ
လက်တန်ရှည်သထက် ရှည်လာနေတယ်။ ပျောက်ကင်းအောင် ကုသလို့ မရတော့ ပိုဆိုးတယ်။ အာဖရိက တိုက်မှာဆိုရင်
ကြီးကြီးမားမားကို ဝါးမျိုလာပြီ။ ကုသလို့ မရတော့ ရောဂါမဖြစ်အောင် မကူးစက်အောင် ကာကွယ်ဖို့ပဲ
ရှိတယ်။ ဒီအတွက် ပညာပေးကြရမယ်။ အိပ်ဒ်(စ်) ပညာပေးမှုကို စာပေသမားတွေ အနုပညာသမားတွေက
တာဝန်ရှိရှိ လုပ်ကြရလိမ့်မယ်။ ရောဂါကို ကြောက်အောင် လှုံ့ဆော်နိုင်မှ တော်ရုံလောက်ပဲ
ရှိပါလိမ့်မယ်။
နေမင်းသစ်
- မယုံကြည်သူ
ချယ်ရီ -ဇွန်လ၊ ၂၀၀၁ ခုနှစ်
အုပ် ၂၀၀ ပြည့်၊ ၁၇ နှစ်ပြည့် အမှတ်တရ
မဟေသီ
- အမှတ် ၂၀၀၊ သြဂုတ်၊ ၂၀၀၁ ခုနှစ် (စာမျက်နှာ ၁၈၇၊ ၁၈၈)




