မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းတို့ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြင့်တင်ကာကွယ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားလိုက်သည်။
သြဂုတ်လ (၂၆) ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်က ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု လျော့ချနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းအပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကာကွယ်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေး ဆေးတွေနဲ့ ဆေးပစ္စည်းများ ပြည့်ပြည့် စုံစုံဖူလုံအောင် ဆောင်ရွက်မယ့်စနစ်ကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် (၄) ခုမှာရှိတဲ့ မြို့နယ် (၁၂) မြို့နယ်တို့ကို ရှေ့ပြေးအဖြစ် ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသုံးစရိတ်မှ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေးနှင့် သားဆက်ခြား ဆေးဝါးများကို ၀ယ်ယူရန် သီးသန့်ရန်ပုံငွေများ ထားရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေး အရေးပေါ်ဆေးဝါးပစ္စည်းများနှင့် သားဆက်ခြား ဆေးဝါးပစ္စည်းများကို ၀ယ်ယူရန် ကျပ်ငွေ သန်း (၂၆၀)၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေသန်း (၆၁၀)၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ကျပ်ငွေသန်းပေါင်း (၅၀၀) သုံးစွဲခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ အရှင်မွေးတစ်သိန်းလျှင် မိခင်သေဆုံးမှု (၅၈၀) ဦးရှိခဲ့ရာတွင် ၂၀၁၃ ခုနှစ်ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ (၂၀၀) ဦးအထိ ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။
ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လွှမ်းခြုံမှုရာခိုင်နှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းသို့ တိုးမြှင့်လာခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက ဖြေကြားထား သည်။
မြစ်မခ - မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်




