လောကတွင်
အထင်လွဲခံရသည် ကိစ္စလောက် ခံပြင်းစရာ ကောင်းတာ မရှိဟု ကျွန်မ ထင်မိသည်။ ကျွန်မ၏ အတွေးအခေါ်တို့သည်
သူရတို့ ချစ်သူနှစ်ဦးအတွက် တကယ်ကို မှားယွင်းမှု သက်သက် ဖြစ်ခဲ့ပြီလေလား။ သူရ၏ ကိုယ့်ကျင့်သိက္ခာကို
(သူရ ထင်သလို) သေးသိမ်စွာ အရောင်ဆိုးခဲ့ မိပြီးလား။ ဒေါသမီးတို့ အလျှံညီးညီး တောက်လောင်နေသော
သူရ၏ အသံတိတ် မျက်ဝန်းများ အောက်၌ မိမိကိုယ်ကို အပြစ်မကင်း သူတစ်ယောက်ပမာ နောင်တ တရားတို့
ရစ်ပတ် တုပ်နှောင်ခြင်း အစပြုလေ ပြီလား။ ‘လား’ ပေါင်းများစွာသော မေးခွန်းများ အဆုံး၌
ကျွန်မ စိတ်မကောင်းစွာ ခေါင်ယမ်း မိလေသည်။ ကျွန်မ တကယ်ကို မမှားခဲ့ပါ။ မှားသည်ဟု ထင်မြင်
ကြလျှင်လည်း စေတနာအမှား၊ ဖြူစင်သော စေတနာ အမှားသာ ဖြစ်ပါလိမ့်မည်။
“မြမြထက်
ရက်စက်တယ်၊ ငါ့ကိုယ်ကျင့် သိက္ခာကို ထိပါးတယ်”
ပတ်ဝန်းကျင်တွင်
ပျံ့လွင့်နေသော သူရ၏ စွဲချက်များကို ကျွန်မ ပြန်ကြားမိသောအခါ ဝမ်းနည်းစွာဖြင့် ရှိုက်ကြီး တငင်
ငိုကြွေးမိပါ၏။ တည်ကြည်ခံညားပြီး ယောကျာ်းပီသသော သူငယ်ချင်းဖြစ်သူ သူရ၏ အပြစ်ကင်းသော
မျက်နှာ၊ နူးညံ့သိမ်မွေ့ပြီး ဣနြေ္ဒရသော နွေးနွေး၏ ကြည်လင် ဝင်းပနေသော မျက်နှာတို့ကို
မျက်ရည်များကြားမှ ဝိုးတဝါး ပြန်မြင်ယောင်မိ၏။ စင်စစ် ချစ်သူနှစ်ဦး၏ အနာဂတ်ကို ဆုပ်ကိုင်ခြေမွ
ဖျက်ဆီးလိုစိတ် ကျွန်မထံပါး အလျဉ်းမရှိခဲ့ပါ။ ခုတော့ ‘ပေါ့စေလို၍ ကြောင်ရုပ် ထိုးပေးရာမှ
ဆေးအတွက်လေး’ ရသည့် အဖြစ်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရလေပြီ။ တကယ်ဆို သူရသည် ဆေးကျောင်းသား
တစ်ယောက် ဖြစ်ပါလျက် ဤမျှလောက်ထိ အတွေး မတိမ်သင့်ပါ။ သိသိကြီးနှင့် အသိခေါက်ခက် အဝင်နက်သော
သူရကို ကျွန်မ နည်းနည်းတော့ အံ့သြမိတာ အမှန်ပင်။ ကျွန်မလို အဖြစ်မျိုး ဆေးကျောင်းဟူသော
ပရိဝုဏ် ကျဉ်းကျဉ်း လေး၏ ဟိုမှာဘက်တွင် မည်မျှ ရှိနေပါသနည်း။ မည်မျှ ရှိလာပါမည်နည်း။
မရှိလျှင်ရော ခါးခါးသီးသီး ငြင်းဆန်၍ လမ်းခွဲခြင်း၏ နိဒါန်းများ ဖြစ်စေခဲ့ကြပြီလား။
ကျွန်မ သက်ပြင်းတို့ကို လေးတွဲ့စွာ ရှိုက်ထုတ်ရင်း Canteen ၏ ထောင့်စားပွဲ ရှိရာသို့
အင်အားမဲ့စွာ ငေးကြည့်မိသည်။ ခုံပြာပြာတို့ကား သခင်မဲ့လျက်။ ခါတိုင်းဆိုလျှင်
Canteen ၏ ချောင်ကျကျ ထောင့်စားပွဲ တစ်နေရာ၌ ကျွန်မနှင့်အတူ သူရတို့ ချစ်သူနှစ်ဦး
အတူထိုင်ကြရင်း စလိုက် ပြောင်လိုက်ဖြင့် တကယ့်ပျော်စရာ ညနေခင်းများ။ ခုတော့လည်း ပကတိ
တိတ်ဆိတ်လျက် “နင်တောင် နားလည်လျက်နဲ့ လက်မခံရင် တခြားသူတွေ ဘယ်လိုလုပ်ပြီး နားလည်လက်ခံ
ကြမှာတဲ့လဲ သူရရယ်။ ငါ့စေတနာ တွေကို နင်တစ်နေ့နေ့တော့ နားလည်တန် ကောင်းပါရဲ့” ကျွန်မရင်ထဲမှ
မျှော်လင့်ချက်တို့ကား အမြစ်တွယ်ခွင့် မရသေး။
ခုတော့
ကံကြမ္မာ၏ ပဉ္စလက်တွင် ကျွန်မမြေစာပင် ဖြစ်ခဲ့ရပြီပဲ။ ကျွန်မဘယ်လိုမှ မေ့လို့ရနိုင်မည်
မဟုတ်သော နေ့တစ်နေ့၏ ဖြစ်ရပ်များက ပစ္စက္ခထိ ကျွန်မနှလုံးသားကို အရှိန်ညီးညီးဖြင့် လောင်မြိုက်ဆဲ။
မှတ်မှတ်ရရ ထိုနေ့က ကျွန်မ ခေါင်းကိုက်နေသဖြင့် အတန်း တစ်ချိန်တက်ပြီး ဆေးရုံထဲ မသွားတော့ဘဲ
အဆောင်ဆီသို့ ဦးတည်မိသည်။ ဆေးရုံမှ အထွက် နွေးနွေးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့၏။
“မမ၊
အဆောင်ပြန်တော့ မလို့လား။ အစ်ကိုရော” ဆိုင်ကယ်ကို စက်ရှိန်သက်ရင်း မေး၏ အဖြစ်သည်း ရန်ကော
ဟူသော မျက်ဝန်းများဖြင့် ကျွန်မ ပြန်ကြည့်ရင် “ခုချိန်ဆို သူရ Ward ထဲမှာ ရှိမှာပေါ့။
အတူနေရတဲ့ အခါမှ သူရဘယ်မှ ပျောက်မသွားအောင် တိုင်မှာ ကြိုးနဲ့တုပ်ထား” ဟု ထုံးစံအတိုင်း
စလိုက်သည်။
“အတူနေချင်ပြီ
မမရဲ့။ အစ်ကို ကျောင်းမပြီးသေးလို့။ ရည်းစား သက်တမ်းလဲ ကြာလာတော့ တစ်ယောက် အကြောင်းလဲ
တစ်ယောက် သိပြီးသား။ ပြီးတော့ နှစ်ဖက်မိဘတွေလဲ သိပြီးပြီ” လေသံကို နှိမ့်ရင်း နွေးနွေး
ပြော၏ အပျော်မျက်လုံး၊ အပြုံးမျက်နှာဖြင့် ပြောနေသော နွေးနွေးကို ကြည့်ရင်း ကြည်နူးမှုတို့
ကျွန်မရင်ထဲ စီးဝင် နစ်မျောသွား သလိုပင်။
“ဒါဆို
မဖြစ်နိုင်တာ ဘာမှမရှိတဲ့ ဟောဒီလောက ကြီးထဲမှာ လက်တွဲကြတော့မယ့် နွေးနွေးတို့ အတွက်
မမ အကြံတစ်ခု ပေးချင်ပါတယ်။ တစ်ဦးကို တစ်ဦး နားလည်မှု အပြည့်အဝ ရှိကြတဲ့ နွေးနွေးတို့
အတွက်လဲ မမပေးတဲ့ အကြံနဲ့ ပတ်သက်ပြီး မလုပ်နိုင်စရာ မရှိဘူးလို့ ထင်တယ်လေ” နွေးနွေး၏
အာရုံကား ကျွန်မ၏ ရှည်လျားသော အစပျိုးမှုအောက်တွင် ငြိမ်သက် ခိုဝင်လျက် ကျွန်မကတော့
ပြောမည့် စကားအတွက် အသင့်လျော်ဆုံး စကားလုံးတို့ကို စိတ်ကူးထဲမှာ လျင်မြန်စွာ စဉ်းစား
ရွေးချယ်ဆဲ။
“ဘာလဲဟင်
မမ” “ဒီလိုလေ၊ ခုထိ တစ်ကမ္ဘာလုံးကို သွေးပျက်မတတ် တုန်လှုပ်ချောက်ချား စေတဲ့ ရောဂါဆိုးကြီးကို
နွေးနွေး သိတယ်နော်” စကားမမှားရအောင် ကျွန်မထိန်းရင်း ပြော၏
“ဟို…AIDS
ကို ပြောတာလား” နားမလည်နိုင်စွာဖြင့် နွေးနွေး ထင်မြင်ချက်ပေး၏ ကျွန်မ ခေါင်းတစ်ချက်
ညိတ်ပြရင်း ငါ စပြောမိတာ မှားများ မှားသွားပြီလားဟု စကားမလွန်ခင် ပြန်စဉ်းစား မိသည်။
“အဲဒီ
AIDS ရောဂါဟာ ရောဂါပိုး ရှိသူနဲ့ လိင်တူ၊ လိင်ကွဲ ဆက်ဆံရုံနဲ့တင် ကူးရုံမကဘဲ ရောဂါပိုးပါတဲ့
သွေးသွင်းခြင်း၊ ရောဂါပိုးပါတဲ့ သွေးကတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ အသုံးပြုပြီးတဲ့
မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နဲ့ ခွဲစိတ်ကိရိယာတွေက တစ်ဆင့် ကူးစက်ခြင်း၊
မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နဲ့ သွေးကြောထဲကို မူးယစ်ဆေး ထိုးခြင်း၊ နားဖောက်ခြင်း၊
ဆေးမင်ကြောင်ထိုးခြင်း၊ စုတ်ထိုးခြင်း၊ ဓာတ်အပ်စိုက်ခြင်း စတာတွေကနေ ကူးစက်နိုင်ပါတယ်။
ပြီးတော့ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးငယ်ကို ကူးစက်တတ်သလို ရောဂါ
ပိုးရှိသူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အစားထိုး ကုသခံရာကနေ ကူးစက် စေတတ်ပါတယ်။
ဒါတွေကို နွေးနွေးလဲ သိပြီးသား ဖြစ်မှာပါ ” ကျွန်မ ပြောချင်သော အကြောင်းအရာသို့ မရောက်
ရောက်အောင် နွေးနွေးအား မသိမသာ စိတ်ရှည်ရှည် ဆွဲခေါ်နိုင်သော ကျွန်မကိုယ် ကျွန်မ ပြန်၍
အံ့သြ မိလေသည်။
“ဟုတ်တယ်၊
ဟုတ်တယ်၊ ခုဆို AIDS ရောဂါကို ကြောက်လို့ ဆံပင်ညှပ် ဆိုင်တွေမှာတောင် တစ်ခါသုံး ဓားတွေ
သုံးနေကြပြီ။ ဒီရောဂါဟာ နည်းမျိုးစုံနဲ့ ကူးစက်စေနိုင်တာ ဆိုတော့ သတိထားပြီး ရှောင်ရှားနိုင်မှ
တောင်ရုံကျမှာနော် မမ” နွေးနွေးက သူသိသမျှကို ပွင့်လင်းစွာ ပြော၏။ ကျွန်မ အတွက်တော့ ဇာတ်လမ်း၏ အထွဏ်အထိပ်
(Climax) သို့ ရောက်လာ လေပေပြီ။
“ဒီရောဂါဟာ
ကိုယ်ကျင့်တရား မဖောက်ဖျက်ဘဲ၊ အပျော်အပါး မလိုက်စားဘဲ စောစောက ပြောခဲ့တဲ့ အခြေအနေ အရပ်ရပ်ကြောင့်လဲ
ကူးစက်စေတတ်တာကို နွေးနွေးလဲ သဘောပေါက်ပြီပဲ။ ဒါကြောင့်မို့ နွေးနွေး တို့ အိမ်ထောင်
မပြုခင်မှာ AIDS ရောဂါကို ဖြစ်စေတဲ့ HIV (Human Immunodeficiency Virus) ပိုး ရှိမရှိ
နှစ်ယောက်စလုံး ဆေးစစ်ကြည့်ဖို့ မမ အကြံပေးချင်ပါတယ်” ကျွန်မအားတင်းပြီး ဇွတ်မှိတ်ပြောချ
လိုက်လေသည်။ နွေးနွေး သဘောတူ မတူတော့ ကျွန်မ မသိ။
“ရှင်”
သူ့ထံမှ အက်ကွဲရှတသော အာမေဍိတ် သံသည် တကယ့် မိုးခြိမ်းသံပမာ ကျွန်မ ခန္ဓာကိုယ်ပင် တုန်လှုပ်ရလေသည်။
ထိုစဉ် မိုးသားများ ကောင်းကင် တစ်ခွင်တွင် ညို့လာသဖြင့် ကျွန်မ ဆက်ရှင်းပြ မအားဘဲ အဆောင်သို့
သုတ်ခြေတင် ခဲ့ရလေသည်။ ဤသည်ပင်လျှင် ကျွန်မအတွက် ကံဆိုး မိုးမှောင် ကျခြင်း၏ နိဒါန်းဟု
ကျွန်မ မတွေးထင်မိခဲ့။
ဒီ AIDS ရောဂါဟာ ကိုယ်ကျင့်သိက္ခာ လုံခြုံမှု
တစ်ခုတည်းနဲ့တင် ကာကွယ်လို့ မရတာ နင်လဲ သိပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက် အမျိုးမျိုးနဲ့
ငါတို့ ခန္ဓာကိုယ်ကို ဝါးမျိုးခဲ့လို့ ဒီရောဂါနဲ့ လူတွေ ဘယ်လောက်သေခဲ့ရပြီလဲ။ AIDS ရောဂါ
ရစေနိုင်တဲ့ နည်းအမျိုးမျိုးလဲ နင်သိပြီးသားပဲ။
ထိုနေ့ညနေက
ကျွန်မ ခေါင်းကိုက်ပြီး နေမကောင်း ဖြစ်သဖြင့် သူရတို့နှင့် ဆုံနေကျ Canteen သို့ မရောက်ဖြစ်။ သူရနှင့် နွေးနွေးတို့
အဆောင်ရှေ့က ဖြတ်လျှောက် သွားတာကို တော့မြင်လိုက်ရသည်။ ထိုနေ့ညနေက နွေးနွေးသူရကို မည်သို့
ပြန်ပြော ပြသည်မသိ။ (တကယ်တော့ နွေးနွေး ကိုယ်တိုင်က သူရ နားလည် လက်ခံအောင် ရှင်းမပြတတ်တာဘဲ
ဖြစ်ပါလိမ့်မည်။) နားလည်မှု လွဲခြင်းမှ အစပြု၍ သံသယ မုန်တိုင်းသည် ကျွန်မကို ဗဟိုပြု၍
အရှိန်ပြင်းစွာ တိုက်ခတ်ခဲ့ပြီ ဖြစ်သည်။ “မြမြထက် ရက်စက်တယ်။ ငါ့ကိုယ်ကျင့် သိက္ခာကို
ထိပါးတယ်” ဟူသော ပဲ့တင်သံကား နားစည်ဝတွင် သောင်းသောင်း ညံလျက်။ လေးလံသော ခြေလှမ်းများဖြင့်
Ward ထဲသို့ အလာ သူရနှင့် အမှတ်မထင် ဆုံ၏။
“နင်
ငါ့သိက္ခာကို ဘယ်လို စကားလုံးတွေနဲ့ တိုက်ခိုက်ဦးမှာလဲ မြမြထက်” အေးစက် ပြတ်တောင်းသော
သူရစကားသည် ကျွန်မနားတွင် ခါးသက် လွန်းလှသည်။ သူ့ရင်ထဲက သံသယ ထုထည်ကို ကျွန်မ တွေ့မြင်ခွင့်
ရလိုက်ပြီပဲ။ ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။
“နင့်သိက္ခာကို
ငါယုံပါတယ် သူရ။ စော်ကားထိပါးဖို့ ဆန္ဒလဲ ငါ့မှာ တကယ် မရှိတာပါ။ ဒီ AIDS ရောဂါဟာ ကိုယ်ကျင့်သိက္ခာ
လုံခြုံမှု တစ်ခုတည်းနဲ့တင် ကာကွယ်လို့ မရတာ နင်လဲသိပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက် အမျိုးမျိုးနဲ့
ငါတို့ ခန္ဓာကိုယ်ကို ဝါးမျိုးခဲ့လို့ ဒီရောဂါနဲ့ လူတွေ ဘယ်လောက် သေခဲ့ရပြီလဲ။ AIDS
ရောဂါ ရစေနိုင်တဲ့ နည်းအမျိုးမျိုးလဲ နင်သိပြီးသားပဲ။ အခြေအနေ တစ်မျိုးကြောင့် အိမ်ထောင်
တစ်ခုမှာ ဒီရောဂါ ရှိခဲ့ပြီဆိုရင် ယောကျာ်းနဲ့ မိန်းမ တစ်ဦးကနေ တစ်ဦးဆီ မကူးစက်အောင်
လိင်ဆက်ဆံတဲ့အခါ အကာအကွယ် ပစ္စည်းတွေ၊ ဥပမာ …Condom (လိင်အင်္ဂါစွပ်) သုံးရတော့မယ်။ ပြီးတော့
အပြစ်မဲ့တဲ့ ကိုယ့်ရင်သွေးမှာပါ ဒီရောဂါ ကူးစက်ခံရပြီး မြေစာပင် ဖြစ်သွားနိုင်တာမို့
ကလေးယူသင့်၊ မယူသင့်ဆိုတာ နားလည်သူနဲ့ ကြိုတင်တိုင်ပင် ဆွေးနွေး ထားရမယ်။
အိမ်ထောင်ဖက်
အချင်းချင်း နားလည်မှု ရယူထားရမယ်။ နောက်ဆုံး အနာဂတ်ကို အတူလက်တွဲလို့ ရမရ၊ ဖြစ်မဖြစ်
ဆိုတာတွေ အဖြေညှိ ဖို့အတွက် အိမ်ထောင် မပြုခင်ကတည်းက ဒီရောဂါ ရှိမရှိ နှစ်ဦးစလုံး
စစ်ထားတာ မကောင်းဘူးလားဟင်၊ သူရ” ကျွန်မ ဆန္ဒရှိတာတွေ ဖွင့်အန် ချလိုက်ရပြီမို့ ရင်ထဲ
အနည်းငယ် ပေါ့ပါးသွားသလို ခံစားရသည်။ သူရကတော့ ဘာစကားမှ ခွန်းတုံ့မပြန်၊ တုဏှိဘာဝေ။
ကျွန်မ၏ ဆန္ဒအမှန်သည် သူရ၏ အသိတရားတို့ကို အနည်းနှင့် အများ လှုပ်နိုး ထကြွစေမှာတော့
အမှန်ပင်။ “တကယ်တော့ နင့်သိက္ခာကို ငါ့ယုံပါတယ်။ ငါမယုံတာ ကံကြမ္မာကိုပါဟာ” ဟု ကျွန်မရင်က
တီးတိုးဖွဖွ ဆိုမိလေသည်။
“Sorry
ပဲ မမရယ်၊ ကျွန်မ အပြောမတတ်တော့ မမရဲ့ စေတနာတွေ ဝေဒနာ ဖြစ်သွားပြီလို့ မမ ထင်မှာပဲနော်။
အဲဒီနေ့ ညနေက ကျွန်မတို့ နှစ်ဦးလုံး HIV စစ်ထားရင် မကောင်းဘူးလား ကိုကိုလို့ ပြောခါစ
ရှိသေးတယ်။ သူက ဝုန်းဒိုင်း ထကြဲတော့ ကျွန်မလဲ ဘာဆက်ပြောရမှန်း မသိတော့ဘူးလေ” နွေးနွေးက
အားတုံ့အားနာ ပြော၏။ ကျွန်မ နှုတ်ဖျားတို့ကား လေးလံဆွံ့အ လို့နေသည်။ ငါးပိသည်က အိပ်နေ
နိုင်တာတောင် ဆားသည်ဖြစ်တဲ့ ကျွန်မက ယင်မောင်း ပေးနေသလို ဖြစ်သွား ပြီလားဟု ရင်၌ဆွက်ပျံ့
နာကျင်စွာ ခံစားရသည်။ အို….အနေသာကြီးပဲဟု တစ်ခါတစ်ခါ အတွေးရိုင်းတို့က ကျွန်မ အသိတရားကို
ထိုးနှက် ကြပြန်သည်။
“အဲဒီ
AIDS ရောဂါဟာ ကူးစက် စေတတ်တယ်ဆိုတော့ ရောဂါရှင်နဲ့ နီးနီးကပ်ကပ် မနေသင့် ဘူးပေါ့နော်။
ဒါကြောင့် မို့ထင်တယ်။ ကျွန်မတို့ ရပ်ကွက်ထဲက AIDS ရောဂါသည် တစ်ယောက် သေခါနီး တုန်းက
ဘယ်သူမှ အနီးကပ် ပြုစုပေးမယ့် သူမရှိဘဲ တကယ့် ဒုက္ခကြီးစွားဖြင့် သေသွားရတာ”
နွေးနွေးကား
သူထင်ရာ သူပြောနေလေပြီ။ ကျွန်မ မနေသာတော့။ ကျွန်မ၌ အနေသာကြီးပဲဟု လျစ်လျူရှု ရလောက်အောင်
ဥပေက္ခာတရား ဤမျှအထိ မချမ်းသာပါ။
“AIDS
ရောဂါဟာ နေ့စဉ် လူမှုရေး ကိစ္စတွေဖြစ်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ အတူနေထိုင် လုပ်ကိုင် သွားလာခြင်း၊
အတူစားသောက်ခြင်း၊ အများသုံး ပစ္စည်းတွေ (ဥပမာ - တယ်လီဖုန်း၊ ပန်းကန်ခွက်ယောက်) အတူသုံးစွဲခြင်း
စတာတွေကနေ မကူးစက်နိုင်သလို အစားအစာ၊ ရေ၊ လေ၊ ပိုးမွှား တိရစ္ဆာန် တွေကနေ မကူးစက်တတ်ပါဘူး။
ဘာအကြောင်းကြောင့် ဒီရောဂါရရ၊ လူသားအချင်းချင်း ညှာတာစွာနဲ့ ကိုယ်ချင်းစာတရား၊ ကရုဏာတရားတွေနဲ့
ဖေးမကူညီ စောင့်ရှောက်သင့်တာပေါ့။
ကူးမှာ ကြောက်တယ်ဆိုပြီး နားလည်မှု တွေလွဲပြီး နည်းလမ်းမကျဘဲ
အကြောက် လွန်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့”
ကျွန်မ
လေးတွဲ့စွာ ပြောရင်း ကျုံးရေပြင်မှာ ပြေးလွှားနေကြသော လှိုင်းကြက်ခွပ် များထံ အကြည့်ရောက်၏။
မည်သည့် အရပ်ဆီမှ သယ်ဆောင်လာသည် မသိသော ခရေနံ့ကား လေညင်းသွဲ့သွဲ့နှင့် အတူ ကျွန်မတို့
ထံပါးတွင် စီးဝင်မျောပါ နေပေသည်။ ဝင်လုဆဲဆဲ နေလုံးကြီး၏ ပုစွန် ဆီရောင်တို့သည်ကား ကျုံရေးပြင်တွင်
ဖိတ်လျှံကျနေ၏။
“ခုဆို
ကိုကို ကျွန်မကို အထင်လွဲပြီး စကားမပြောတာ တစ်ပတ်ရှိပြီ။ ကိုကို နားဝင်အောင် သေချာ
ပြောပြပေးပါဦး မမရယ်နော်” နွေးနွေးစကားမှာ အင်အားမပါ။ ချစ်လျက် ဝေးကြရမှာ စိုးရွံ့နေမှန်
ကျွန်မ စာနာစွာ တွေးမိပါသည်။ အင်း…ကိုယ်စတဲ့ ဇာတ်လမ်းကို ဇာတ်သိမ်းခန်း ပြီးအောင်တော့
ဆက်က ရဦးမှာပေါ့လေ။
“ဟိတ်
…မြမြထက်၊ ခဏစောင့်ပါဦး” Mortury (ရင်ခွဲရုံ) မှ အထွက် စူးရှသော ခေါ်သံသည် ကျွန်မ ခြေလှမ်းတို့ကို
တင်းကျပ်စွာ တုပ်နှောင် လိုက်လေသည်။ သမင်လည်ပြန် အကြည့်၌ သူရ၏ ပြောင်စပ်စပ် မျက်နှာကား
အထင်းသား။
“နင့်အပေါ်
အထင်လွဲခဲ့တာတွေ နင့်ကျေနပ်အောင် ဘယ်လို့ တောင်းပန် ရမှာလဲဟင်”
“ဆရာမကြီးလို့
သုံးခါခေါ်”
“အေးပါ
ဆရာမကြီးလဲ ခေါ်မယ်။ ညနေကျတော့ Canteen မှာ နင့်ကြိုက်တဲ့ ဒိန်ချဉ်လဲ နှစ်ခွက် တိတိ
တိုက်မယ်။”
ကျွန်မ
စနေမှန်းသိ၍ သူရ ပြန်စ၏။ ကြည်ရတာ မိုးလေဝသ အခြေအနေ ပြန်ကောင်းစ ပြုလာပြီ ထင်သည်။ သူရမျက်နှာမှာ
ခါတိုင်းနှယ် မိုးသားများ အုပ်ဆိုင်းသလို မှိုင်းညို့မနေတော့။
“နေပါဦး၊
နင်က AIDS ရောဂါ လက္ခဏာတွေ ရှိနေလို့ ငါအကြံပေးတာကို မလုံမလဲနဲ့ အထင်လွဲ သွားတာလား”
ကျွန်မ တမင်မသိဟန်ဆောင်ရင်း ခပ်တည်တည်ပြော၏။ ကျွန်မ လက်ထဲက စာအုပ် ထူထူများကို အတင်းကူကိုင်းရင်း
ခါးခါးသီးသီး ငြင်းဆန်၏။
“နင့်မှာသာ
ခန္ဓာကိုယ် အလေးချိန် သိသိသာသာ လျော့နည်းခြင်း၊ တစ်လထက် ကြာတဲ့ ဝမ်းလျှော့ ဝမ်းပျက်ခြင်း၊
တစ်လထက်ကြားတဲ့ ဖျားခြင်းဆိုတဲ့ AIDS ရဲ့ အဓိက လက္ခဏာ တွေ ရှိချင်ရှိမှာ၊ ငါ့မှာတော့
မရှိဘူး” စပ်ဖြဲဖြဲဖြင့် သူရ ပြော၏။
ဟိုတစ်နေ့က
အီးမှန်ထားသလို မျက်နှာနဲ့ အခုမှိုရသလို မျက်နှာများ ကွာပါဟု မကြားတကြား ခပ်တိုးတိုး
ပြောသည်ကို သူရမကြား အတွေးတို့နှင့် ကြည်နူးနေပုံရသည်။
“ပြီးတော့
တစ်လထက် ပိုပြီးချောင်းဆိုးရင်၊ ခံတွင်းမှာ မှက္ခရုပေါက်ရင်၊ ရေယုန်ပေါက်လာရင်၊ ပြန်ရည်ကျိတ်
လို့ခေါ်တဲ့ သားနံရည် အကျိတ်တွေ ရောင်လာရင်၊ သွေးခြည်ဥလို အနာတွေ အရေပြားမှာ ပေါက်လာရင်
စတဲ့ သာမည ရောဂါလက္ခဏာတွေ ပေါ်ရင် ငါကိုပြနော်”
သူရ
ရယ်သံစွက်၍ ပြောတော့ ကျွန်မ မျက်စောင်းဝင့်၏။
မိုးတွင်းဖြစ်သော်လည်း မန္တလေး နံနက်ခင်းကား နွေနေ့လယ်ခင်းပမာ
အိုက်စပ်စပ် ရှိသည်မို့ ထီးဖွင့်ဆောင်းရင်း ဝန်းကျင်သို့ အကြည့်ရောက်၏။ အပူရှိန်ကြောင့်
ကတ္တရာ လမ်းမကြီး တစ်ခုလုံးကား တံလျှပ်တို့ ထနေသယောင်။ နှာသီးဖျား၌ စို့တက်လာသော
ချွေးတို့ကို လက်ကိုင်ပဝါဖြင့် ခပ်ဖွဖွ ဖိရင်း…။
“ဒါတွေကို
သဘောပေါက်ရဲနဲ့ မြမြထက် ရက်စက်တယ်လေး ဘာလေးနဲ့၊ မိန်းမ တစ်ယောက် အတွက်နဲ့များ အရက်သောက်ပြီး
တောင်ပြော မြောက်ပြောနဲ့” ဟု ကျွန်မပြောတော့ သူရ တဟဲဟဲရယ်၏။ ရုတ်ခြည်း မျက်နှာကို ပြန်တည်ရင်း
အကြည့်ကို ကျွန်မထံမှလွှဲ၏။
“အဲဒီတုန်းက
ငါမွှန်ထူနေပြီး ကြောင်းကျိုး မစဉ်းစားမိဘဲ ပြောမိပြောရာ ပြောလိုက်တာကို ဗွေမယူ ပါနဲ့ဟာ။
အခုဆို နင့်ကြောင့် ငါ့အမြင်မှန် ရခဲ့ပြီပဲ” လေးနက်စွာ သူရပြော၏ သူ့အသိသည် လက်တွေ့
မှရသော အသိဖြစ်သည်မို့ ကျွန်မ ဝမ်းသာရသည်။
တကယ်တော့
ချစ်သူနှစ်ယောက် အနာဂတ်မှာ လက်တွဲမယ့် အရေးမှာ မသိကိန်း တစ်လုံးပါတဲ့ ညီမျှခြင်း နှစ်ကြောင်း
ပုစ္ဆာကို ဖြေရှင်း ရတာလိုပါပဲ။ ညီမျှခြင်း နှစ်ကြောင်းလုံးကို တစ်ပြိုင်နက် ချရှင်းမှ
မသိကိန်းကို ဖော်ထုတ်နိုင်မှ ပုစ္ဆာကို ပြေလည်စေမှာ အမှန်ပါပဲ။ ချစ်သူနှစ်ယောက်ရဲ့ မေတ္တာဇာတ်
လမ်းမှာလည်း HIV ပိုး ရှိမရှိ ဆိုတဲ့ Result ဟာ မသိကိန်း တစ်လုံးရဲ့ ရလဒ်ကို ကြည့်ပြီး
အနာဂတ်ကို ဘယ်လို ဖန်တီးကြမလဲ၊ ဘယ်လိုကြိုတင် ညှိနှိုင်းကြမလဲ။ ဒါတွေအားလုံးဟာ ချစ်သူနှစ်ဦးရဲ့
သဘောထား၊ အမြင်နှင့် မသိကိန်း တစ်လုံး၏ အကောင်း၊ အဆိုး ရလဒ်တို့ပေါ် မူတည်၍ သော်လည်းကောင်း၊
ကျွန်မ မမြင်သာသော ချစ်ခြင်း မေတ္တာ၊ သံယောဇဉ်တို့ကို အားပြု၍ သော်လည်းကောင်း ဇာတ်သိမ်းခန်းကို
အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ကြမည် ထင်သည်။
ဘာပဲဖြစ်ဖြစ်
သူရတို့ ချစ်သူနှစ်ဦးမှ မြစ်ဖျားခံလာသော သန္တရသမြစ်ကား ကျွန်မ နှလုံးသား အတွင်းသို့
တစိမ့်စိမ့် စီးဝင်နေပြီ ဖြစ်သည်။ ဟောသည် ဆေးကျောင်း ဟူသော ပရိဝုဏ် ကျဉ်းကျဉ်းလေး၏
ဟိုမှာဘက်တွင်ရှိသော ချစ်သူစုံတွဲ တိုင်းဟာ မသိကိန်းတစ်လုံးရဲ့ ပြဿနာကို နားလည်ပြီး
ဖြေရှင်းကြ မည်ဆိုလျှင်ဖြင့် အပြစ်မဲ့ မြေစာပင်တွေ ဘယ်သူ့ရင်ခွင်မှာ ရှင်သန် ပါဦးမည်နည်း။
ကိုးကား။ ။ ဒေါက်တာ တင်ထွန်းဦး၏ “ခုခံအားကျဆင်းမှု ကူးစက်ရောဂါ”
ရင်သွေးငယ် (ဆေးတက္ကသိုလ်၊ မန္တလေး)
အမှတ်
(၈၈)၊ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ (စာမျက်နှာ ၈၂ မှ ၈၇)
အာရောဂျံ




