မြန်မာနိုင်ငံ
ဆရာဝန် အသင်းသည် နှစ်စဉ် HIV, AIDS ကူးစက်ပြန့်ပွားမှု ကာကွယ်တာဆီးရေး လုပ်ငန်းအစီအစဉ်အရ ၂၀၁၀ ခုနှစ်တွင်
နယ်မြို့ ၁၅ မြို့တွင်းရှိ ဆရာဝန်များအား HIV, AIDS သင်တန်းပေးမှုများ ပြုလုပ်လျက်ရှိကြောင်း
မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။
တိုးချဲ့အဆင့် သွေးစစ်
ထို့အပြင်
နယ်မြို့များနှင့် ရန်ကုန်တိုင်းတွင် HIV, AIDS (Positive)ရှိ မိခင်များကို နှစ်သိမ့်ဆွေးနွေး
ပညာပေးခြင်း၊ ထောက်ပံ့မှုများ နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ကြည့်မြင်တိုင်နှင့်
မော်လမြိုင် မြို့များကိုပါ တိုးချဲ့ပြုလုပ် သွားမည်ဖြစ်ပြီး ၄င်းလုပ်ငန်းစဉ်တွင် မမွေးဖွားခင်နှင့်
မွေးဖွားပြီး မိခင်ရော ကလေးပါ ကာကွယ်ဆေး တိုက်ကျွေးမှုများကို တိုးမြှင့်ပြုလုပ်ထားပြီဆို၏။
ကျန်းမာရေးဌာနတွင်
လာရောက်ပြသသူ မိခင်လောင်းများအား Pro Test အဆင့် သွေးစစ်ဆေးမှု ပြုလုပ်ပြီး ရောဂါပိုးတွေ့ရှိသူများအား
သီးသန့်ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ လိုအပ်သော အသုံးအဆောင်များ ထောက်ပံ့ခြင်း၊
မွေးဖွားရာတွင်လည်း ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ UNFPA (ကုလသမဂ္ဂ
လူဦးရေ ရန်ပုံငွေအဖွဲ့)မှ ရရှိသော ရန်ပုံငွေများဖြင့်
စရိတ်ကျခံပေးခြင်းများ ပြုလုပ်ပေးသည်ဟု ၄င်းက ပြောကြားသည်။
ကိုးလကျော်မှသိ
မိခင်နှင့်ကလေးသို့
ရောဂါကူးစက်နှုန်းမှာ ၃၅ ရာခိုင်နှုန်းရှိပြီး ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ နို့တိုက်ကျွေးချိန်
ကူးစက်မှုသုံးမျိုးတွင် မွေးဖွားချိန် ကူးစက်နှုန်းမှာ အများဆုံးဖြစ်ကြောင်း၊ ရောဂါကူးစက်မှု
ရှိ/ မရှိ ကလေးကိုးလကျော်မှသာလျှင် အတိအကျ သိရှိနိုင်ခြင်းဖြစ်ကြောင်း၊ နှစ်သိမ့် ဆွေနွေး
ပညာပေး အစီအစဉ်များသည် ယခင်နှစ်များထက် ပိုမိုအောင်မြင်လာကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။




