မနှင်းဆီရဲ့ ဘဝက ခက်ခဲကြမ်းတမ်းလှပါတယ် (အမည်ရင်း မဟုတ်ပါ)။
သူမရဲ့ ညီမနှစ်ယောက်နဲ့
အတူ လွန်ခဲ့တဲ့ ၂နှစ်ခန့်က သူမတို့ ဇာတိကနေ ထွက်လာခဲ့ကြတယ်။ သူတို့ ထိုင်း-မြန်မာ နယ်စပ် အထိ ရောက်ဖို့ လှေ ၂ဆင့် စီး လာကြရတယ်။ အဲဒီကနေ ထိုင်း-မလေးရှားနယ်စပ်ကို ဝင်ရောက်ပြီး၊ မလေးရှားနိုင်ငံရဲ့
မြို့တော် ကွာလာလမ်ပူကို ရောက်ခဲ့တာပါ။ သူတို့ခရီးစဉ် တလျောက် လုံလုံခြုံခြုံ၊ အန္တရာယ်ကင်းကင်း
ရောက်ဖို့အတွက် ငွေကြေးအမြောက်အမြား ကြိုတင်ပေးပြီးမှ ရောက်ခဲ့တာ ဖြစ်တယ်။
အခုမှ
၂၅ နှစ် သာရှိပြီး၊ သေးငယ်သွယ်လှတဲ့ ခန္ဓာကိုယ်ပိုင်ရှင် သူမရဲ့ ဒုက္ခတွေက
အဲဒီမှာတင် အဆုံးမသတ်ခဲ့ပါ။ ကွာလာလမ်ပူ ရောက်လို့ ၂ လအကြာ (၂၀၀၇
အောက်တိုဘာလ)
မှာတော့ သူမ စပြီး ဖျားတယ်၊
ချောင်းဆိုးတယ်၊ ကိုယ်အလေးချိန် လျော့ကျလာတယ်။
ထိုင်း-မလေးရှား နယ်စပ် မရောက်မီ တောထဲမှာ
ရက်အတော်ကြာကြာ ပုန်းရောင်နေခဲ့ရလို့
သူမမှာ ငှက်ဖျားရခဲ့လို့ သူမအခုလို ဖျားရတာလား၊
ချောင်းဆိုးတာလဲ သူမမှာ တီဘီရှိ နေတာကြောင့်လား အမျိုးမျိုး ထင်နေမိတယ်။ ပုဂ္ဂလိက
ဆေးခန်းတစ်ခုမှာပြပြီး စစ်ဆေးကြည့်တဲ့အခါ ဆရာဝန်က
သူမမှာ ခုခံအားကျရောဂါ - အိတ်ခ်ျအိုင်ဗီ
ရှိနေကြောင်း ဆေးစစ်ချက် ထုတ်ပေးခဲ့တယ်။
မနှင်းဆီတစ်ယောက် အတော့်ကို ထိတ်လန့်တုန်လှုပ် သွားခဲ့ရတယ်။
အဲဒီတုန်းက သူမ ရည်ရွယ် မျှော်လင့် ထားတာတွေ အားလုံး ပျက်သုဉ်းသွားသလို ခံစားခဲ့ရပြီး၊
လူ့ဘဝမှာ ဆက်လက် နေထိုင်ရှင်သန်လိုတဲ့
ဆန္ဒပါပျောက်သွားခဲ့တယ်။
“ကျမ ဘဝ ဒီမှာတင်
အဆုံးသတ်သွားပြီလို့ ထင်ခဲ့တယ်။ ရှေ့အနာဂတ်ဆိုတာလဲ မရှိတော့ဘူး။ ကျမ ညီမတွေ
ငယ်ကြသေးတယ်။ အခု ကျမကြောင့် သူတို့
ဒုက္ခသည် ဖြစ်ကြရတယ်။”
မနှင်းဆီက ကြေကွဲစွာနဲ့ “အဖေ၊ အမေ၊ ဆွေမျိုးရင်းချာ မရှိတဲ့
သူများနိုင်ငံမှာ သူတို့တွေ ဘယ်လို ရုန်းကန်နေထိုင်ကြမလဲ” ပြောပြတယ်။
သူမ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲလှတဲ့ အခြေအနေတွေကို ကမ္ဘာကုလသမဂ္ဂ သင်းမ်အစုအဖွဲ့က - အိတ်ခ်ျအိုင်ဗီအကြောင်း ကျင်းပပေးတဲ့
ဆွေးနွေးပွဲတစ်ခုမှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီပွဲအပြီး ဘနားမား သတင်းဌာနက သူမနဲ့ တွေ့ဆုံမေးမြန်းပါတယ်။
၂၀၀၁ မှာ
အစာအိမ်အနာ ဖြစ်လို့ ခွဲစိတ်ကုသခဲ့ရပြီး၊ သွေးသွင်းရာက ဒီရောဂါ ကူးစက်ခဲ့တာ
ဖြစ်နိုင်ကြောင်း သူမက ပြောပြခဲ့တယ်။
ဒီရောဂါကြောင့် ခံစားရတဲ့ စိတ်ဝေဒနာ၊ လူကြားထဲ မတိုးနိုင်အောင် ရှုတ်ချပစ်တင် ခံရမှာတွေကို ကြောက်ရွံ့တဲ့အတွက် သူမမှာ ဒီရောဂါရှိနေကြောင်း
ဘယ်သူ့ကိုမှ ထုတ်မပြောပဲ ကျိတ်မှိတ် နေခဲ့ရတယ်။ ပင်ကိုယ်ကမှ
ခန္ဓာကိုယ် သေးငယ်လှတဲ့ သူမကို အဲဒီ အချက်တွေက
ပိုဆိုးဝါးစေပြီး ချွတ်ခြုံကျစေခဲ့တယ်။ သူမ သူငယ်ချင်းတွေက သူမ အခြေအနေကို သင်္ကာမကင်း ဖြစ်လာကြတယ်။
သူမမှာ အိတ်ခ်ျအိုင်ဗီ ရှိနေပြီလို့ သံသယရှိ လာကြတယ်။
“သူတို့တွေ ကျမကို မေးခွန်း အများကြီး မေးကြတယ်။ ကျမ မဖြေချင်ဘူး။ ကျမ
ညီမအငယ်ဆို ဘုရာကျောင်းတောင် မသွားတော့ဘူး။ သူတို့မေးလာမယ့် အမေးတွေကို
မဖြေချင်တော့လို့ပါ”
“အဲဒီတုန်းက ကျမ စိတ်ရောကိုယ်ပါ
နွမ်းနယ်ခဲ့ရတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်တော့ဘူး။ ကိုယ့်ကိုကိုယ် ဘာမှတန်ဖိုးမရှိသူလို့
ပြောနေမိခဲ့တယ်။ တခြားလူတွေကလည်း ကျမကို ဘာမှ တန်ဖိုးမရှိတဲ့ လူတစ်ယောက်လို မြင်ကြမှာပဲလို့
ခံစားခဲ့ရတယ်” ဆိုပြီး
မနှင်းဆီ သက်ပြင်းချတယ်။
အဲဒီလိုနဲ့ မနှင်းဆီဟာ
ရက်တွေကြာလာတော့ စိတ်ဓါတ်အကြီးအကျယ် ကျလာတယ်။ ကံကောင်းတာက သူမ ခုလို တရှောင်ရှောင် ဖျားနေတာကို သူ့ညီမ ၂ ယောက်က
ပြုစုပေးခဲ့လို့ပါ။
“ကျမလေ ကျမညီမလေးတွေ အခုလို ရုန်းကန် အလုပ်လုပ်နေကြရတာ မြင်ရတော့
တကယ့်ကို ရင်နာမိတယ်။ တကယ်ဆို ကျမက သူတို့ကို ကျွေးမွေးစောင့်ရှောက်ရမှာလေ။
ဒါပေမဲ့ ကျမက ဘာမှမှ မလုပ်နိုင်တော့တာကိုး”
“ကျမ ကျန်းမာဖို့ အတွက် အစားကောင်းတွေ စားဖို့လိုတယ်။ ဒါပေမဲ့ ကျမ မစားနိုင်ခဲ့ဘူး။ ရွေးနေလို့လည်း မရဘူး၊ ဘာပဲရရ စားရခဲ့ရတယ်” လို့ မနှင်းဆီက ထပ်ဖြည့်ပြောပြပါတယ်။
သူမ ညီမတစ်ယောက်က စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေးလုပ်တာ၊ အိမ်တွင်း
အလုပ်တွေနဲ့ စားပွဲထိုးလို အလုပ်မျိုးတွေ မနားမနေ လုပ်ရပေမဲ့
ရတဲ့ ပိုက်ဆံက အခြားသူတွေနဲ့ စုနေရတဲ့ အခန်းဖိုး လောက်ပဲ ပေးနိုင်ခဲ့တယ်။
“ကျမ ကိုယ်တွင်းခုခံအားတိုင်းတာမှု (CD4 Count) သွား စစ်ဆေးရရင် အဲဒီကုန်ကျငွေက အိမ်စားရိတ်
၂ ဆ ဖြစ်သွားစေတယ်။ ဒါတောင် ကျမက အစိုးရဆေးရုံကိုပဲ သွားတာပါ။ တခါတခါ သွားရင် မလေးရှားငွေ ရင်းဂစ် ၃၀ လောက် ကျတယ်။ အဲဒါက ညီမလေးရဲ့ တစ်နေ့စာ လုပ်အားခပဲ။” လို့ သူမကပြောပြန်ပါတယ်။ HIV ကို ကုသဖို့ နည်းလမ်းရှိတယ် ဆိုတာ မကြားဘူးခဲ့ဘူး။
HIV ကူးစက်ခံရရင် ဘယ်သူမဆို နောက်နှစ် အနည်းငယ်အတွင်းမှာ ဒီရောဂါနဲ့
သေဆုံးရလိမ့်မယ် ဆိုတာမျိုးကို သူမထင်ခဲ့တယ်။
ဒါပေမဲ့ ၂၀၀၈ ခုနှစ် နှစ်ဆန်းမှာ မလေးရှား - ကဲယားအဖွဲ့
(Care) က နှစ်သိမ့်ဆွေးနွေး အကြံပေးသူ တစ်ဦး သူမဆီ ရောက်လာတာက သူမရဲ့ ကံကြမ္မာ ပြောင်းလဲသွားစေခဲ့တယ်။
နှစ်သိမ့်ဆွေးနွေး အကြံပေးသူရဲ့ အကြံပေးမှုတွေကြောင့် မနှင်းဆီဟာ HIV နဲ့ ပတ်သက်တဲ့ ကုသမှု နည်းလမ်းတွေကို ပထမဆုံးအကြိမ်အဖြစ် သိရှိလာခဲ့ရတယ်။ ထိုသူက မနှင်းဆီကို အလွန် အားတက်စေခဲ့ပြီး
အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ပြန်လည် ဆောင်ကျဉ်း
ပေးခဲ့တယ်လို့ မနှင်းဆီက ဆိုပါတယ်။
မလေးရှား - ကဲယားအဖွဲ့ဟာ အစိုးရမဟုတ်တဲ့ ခရစ်ယာန် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး
၁၉၇၀ ခုနှစ်များ နောက်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခုပါ။ ဒီအဖွဲ့က လူနေရက်ကွက်တွေထဲ
အထိ သွားရောက်ပြီး ကူညီမှုအမျိုးမျိုးကို လုပ်ပေးတယ်။ အိမ်ပေါက်စိအလိုက်၊
ရပ်ရွာအလိုက် ဖွံ့ဖြိုးမှု
လုပ်ငန်းတွေကို အဓိကထား ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တယ်။
အဲဒီနောက် မနှင်းဆီ တစ်ယောက် စပ်ဘူလာ ဆေးရုံမှာ ဆေးရုံတက် ကုသခွင့်ရတယ်။
ခုခံအား ကျဆင်းမှုရောဂါ အတွက် သုံးစွဲရတဲ့
(Antiretroviral-ART) ဆေးကို
သူမ ရရှိခဲ့တယ်။ “အဲဒီဆေးရုံက အတော့်ကို ကောင်းတဲ့ ဆေးရုံပါပဲ။ ကျမလို ဒုက္ခသည် တစ်ယောက်ကိုတောင်
ဆေးရုံဝန်ထမ်း အားလုံးက
ဂရုတစိုက် ရှိကြတယ်။ သူတို့အားလုံးဟာ ကျမကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက် ပေးကြတယ်”
လို့ မနှင်းဆီက ရှင်းပြပါတယ်။
ဒါပေမဲ့ ဆေးကပြင်းလွန်းတဲ့အတွက် ဆေးဒဏ်ကို ခြောက်လလောက် ခံခဲ့ရတယ်။
အဲဒီ ဆေးဒဏ်ကြောင့်
မနှင်းဆီရဲ့ မျက်မှာက ညိုမည်းလာပြီး နှုတ်ခမ်းနဲ့ မျက်နှာတွေဖေါယောင် လာတယ်လို့ မနှင်းဆီက ဖြည့်ပြောပါတယ်။
“ကျမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ
အညိုကွက်တွေ၊ အစက်အပျောက်တွေနဲ့ ပြည့်နေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေ ကျမအနားကို မကပ်ရဲကြဘူး။ သူတို့က ကျမကို လက်ဆွဲနှုတ်ဆက် ဖို့တောင် ၀န်လေးကြတယ်။”
“အရင်က ဒုက္ခသည် ကလေးတွေကို ကျမ အင်္ဂလိပ်စာ သင်ပေးခဲ့တယ်။
ကျမမှာ HIV ရှိနေတယ်လို့ ဒီကလေးတွေ သိသွားတဲ့အခါ ကျမအနားကို သူတို့
မကပ်ကြတော့ဘူး။ ၀မ်းနည်းခဲ့ရတယ်။ အိမ်ကနေ ထွက်ပြီး ဘုရားကျောင်းကိုတောင် သွားဖို့ကို
ကျမ ကြောက်ခဲ့တယ်” လို့ မနှင်းဆီက ပြောပြပါတယ်။
အိတ်ချအိုင်ဗီနဲ့ နေထိုင်သူ တစ်ယောက်ဟာ ခုလို ဆေးဒဏ်တွေ ခံစားနေရချိန် ကိုယ့်ကိုယ်ကို
တန်ဖိုးထားစိတ် နည်းပါးလာစေတယ်။ အဲဒီလို အချိန်မျိုးမှာ သူငယ်ချင်း မိတ်ဆွေတွေကို သိပ်တောင့်တမိတယ်။ “ကျမအတွက် ဝိုင်းဝန်းဖေးမမှုမျိုး မရခဲ့ဘူး”
လို့ သူမက ပြောပါတယ်။
အခုတော့ မနှင်းဆီဟာ ရုပ်ပိုင်းဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာပါ
အခြေအနေတွေ တိုးတက် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။ စပ်ဘူလာဆေးရုံကို
လေးလ တစ်ကြိမ်သာ သွားရောက် ဆေးစစ်ခံဖို့ လိုတော့တယ်လို့ ဘနားမား
သတင်းကို ပြောဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်သူမ ကံကောင်းတယ်လို့ ယူဆတယ်။ သူမက အခြား
ဒုက္ခသည်တွေလို မဟုတ်ပဲ
အင်္ဂလိပ်လို
ပြောနိုင်ဆိုနိုင် ရှိတဲ့အတွက်
မလေးရှား
ဆေးခန်းတွေကို
သွားနိုင်လို့ပါ။
ဒုက္ခသည် ကလေးတွေအတွက် ကျူရှင်တန်းတွေကိုလည်း ပြန်သင်ခွင့်ကို ဘုရားကျောင်းက ခွင့်ပြုတဲ့ အခါမှာတော့ မနှင်းဆီ
တယောက် သူမကိုယ်သူမ ယုံကြည်ကိုးစားမှုတွေ ပြန်လည်ရရှိလာစေတယ်။
အင်္ဂလိပ်စာနဲ့ ဘွဲ့ရတဲ့ သူမဟာ အသက် ၁၃နှစ်ကနေ ၁၈နှစ်ကြား ရှိတဲ့ ဒုက္ခသည်ကလေးတွေကို အခြေခံ အင်္ဂလိပ်စာ သင်ပေးနေတယ်။ “ကျမမှာ ဝင်ငွေရှိလာခဲ့တယ်။ ဒါက စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးတယ်။ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိစေတယ်။ ပြီးတော့ ကိုယ့်ဂုဏ်သိက္ခာကိုလည်း
ပြန်ပြီး တည်ဆောက် နိုင်လို့ပါ”
ကျန်ခဲ့တဲ့ ငါးလကစပြီး မနှင်းဆီ ကျူရှင်တန်းတွေ ဆက်မသင်တော့ပါ။ UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နဲ့ မလေးရှား - ကဲယား တို့ရဲ့ စီမံချက်လုပ်ငန်းတွေမှာ HIV နဲ့ အတူနေသူ ဘဝတူတွေအတွက် ဆွေးနွေးနှစ်သိမ့် အကြံပေးတဲ့ အလုပ်သစ်ကို သူမ ဇောက်ချ လုပ်ကိုင်ဖို့ အတွက်ပါ။ ဒီစီမံချက်ဟာ "ဘဝရှင်သန်ရေး စီမံချက်" "Project Long
Life" လို့
ခေါ်ပြီး စပ်ဘူလာဆေးရုံမှာ အခြေစိုက်ပါတယ်။
“HIV
နဲ့ အတူနေသူ ဘဝတူတွေအတွက် ဆွေးနွေးနှစ်သိမ့် အကြံပေးတဲ့ အလုပ်ဟာ တခြားသူတွေကို ကူညီရုံတင် မကဘူး၊ မိမိကိုယ်လည်း ကူညီရာရောက်တယ်။ ဒါပေမဲ့ HIV နဲ့ အတူနေသူ တခြား ဒုက္ခသည် အတော်များများ
ကတော့ ကံမကောင်းကြရှာဘူး” လို့ မနှင်းဆီက ပြောပြပါတယ်။
သူမဟာ HIV နဲ့ နေထိုင်သူ အယောက် ၅၀ လောက်ကို နှစ်သိမ့်ဆွေးနွေး အကြံပေးပြီးခဲ့ပါပြီ။
အိမ်တိုင်ယာရောက် သွားပြီး နှစ်သိမ့်ဆွေးနွေးတဲ့
ဒီအလုပ်ဟာ သူမအတွက် စွန့်စားမှု တစ်ခုပါပဲလို့ ဘနားမားသတင်းဌာနကို ပြောပြပါတယ်။
“ခုဆိုရင် တစ်ယောက်ယောက်က ဘာအလုပ် လုပ်နေလဲလို့ မေးရင် ကျမမှာ HIV ရှိနေတာတောင် အလုပ်တစ်ခု ရှိတယ်လို့ ဂုဏ်ယူစွာနဲ့ ပြောပါမယ်။ ကျမရဲ့ ယုံကြည်ချက်တွေကိုလည်း
တခြား သူတွေကို ဝေမျှနိုင်တာပေါ့”
“ကျမ လူတောထဲကို ပြန်ဝင်နိုင်ပြီ။ အရင်ကဆိုရင်
လူတွေက ကျွန်မကို အန္တရာယ်ပေးနိုင်တဲ့သူ
တစ်ယောက်လို့ မြင်ခဲ့ကြတယ်။
ကျမ သူတို့ကို အန္တရာယ် မပြုနိုင်သူ အဖြစ် အခု သိလာတယ်။ HIVနဲ့ အတူနေထိုင်သူတိုင်းကို
အားပေးသင့်တယ်၊ အလုပ် လုပ်ကိုင်နိုင်တဲ့
အခွင့်အလမ်းမျိုးလည်း ရှိသင့်ပါတယ်။"
“အရေးကြီးတာက HIV နဲ့ နေထိုင်တဲ့ ဒုက္ခသည်တွေဟာ ဝင်ငွေတစ်ခုခု ရှိဖို့လိုပါတယ်။
ဒါမှလည်း သူတို့ကျန်းမာရေးတွေ ပိုကောင်းလာအောင် ဂရုစိုက်နိုင်ကြမှာပေါ့” လို့ မနှင်းဆီက ပြောပြပါတယ်။ အတိဒုက္ခ ရောက်နေကြတဲ့ မြန်မာပြည်မှ
HIV နဲ့
အတူနေထိုင်သူ ဒုက္ခသည်တွေရဲ့
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း
မနှင်းဆီက ပြောပြပါတယ်။
HIV
နဲ့ နေထိုင်သူတွေ ခံစားရလေ့ရှိတဲ့ ပတ်ဝန်းကျင်က (ကိုယ့်မိတ်ဆွေ
အသိုင်းအ၀ိုင်းက) ပစ်ပယ်ခံရမှုတွေ ၊ ရောဂါကြောင့်
စိုးရိမ်ပူပန်မှုတွေက စိတ်ဓါတ် ကျဆင်းမှုများ ဖြစ်လာစေပါတယ်။
အိတ်ချအိုင်ဗီ ရှိတဲ့ ဒုက္ခသည် တချို့ အကြောင်း ပြောပြတယ်။
သူတို့မှာ HIV ရှိနေပြီလို့ အလုပ်ရှင်က သိလျှင် ချက်ချင်း အလုပ်ဖြုတ်ပစ်တဲ့ ကိစ္စမျိုး ရှိနေတယ်လို့ မနှင်းဆီက ထောက်ပြတယ်။ အဲဒီလို လူမျိုးတွေ နောက်ထပ် အလုပ်သစ်ထပ်ရဖို့
ခက်ခဲတယ်။ ဒီလိုဆိုရင် သူတို့ ဘယ်လို ဆက်လက်ရုန်းကန် နိုင်ပါ့မလဲ။
"အိတ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေဟာ မိတ်ဆွေ အပေါင်းအသင်းတွေဆီက၊ ကူညီဖေးမမှုနဲ့ ချစ်ခြင်း မေတ္တာကို ငတ်မွတ်နေကြတယ်။ ကျမတို့နဲ့
သူငယ်ချင်းအဖြစ် ရှိနေစေချင်တယ်။ သူငယ်ချင်းရဲ့ အပြုံးဟာ ကျမတို့အတွက် ခွန်အားတရပ်ပါ။ သူငယ်ချင်းရဲ့
ကူညီဖေးမမှုဟာ ကျမတို့ရဲ့ မျှော်လင့်ချက်တွေကို အားပြည့်စေပါတယ်။"
“ကျမတို့ကို
တွဲကူဖို့ ကျေးဇူးပြု၍ သူငယ်ချင်းတို့ လက်ကိုကမ်းပေးကြပါ၊ ကျမတို့ဟာလည်း လူသားတွေပါ။ ကျမတို့ကို လက်ခံပေးကြပါ” လို့ မနှင်းဆီက ပြောပြခဲ့ပါတယ်။
“ဇင်ယော် (HIM ) ဘာသာပြန်သည်”




