16
Oct

မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင်တွင် HIV/AIDS ရောဂါပိုး ကူးစက်ခံရ၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူသူမှာ တစ်လလျှင် ပျမ်းမျှ ၅၀ ဦးခန့် တိုးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးအေးကျော်က The Voice သို့ ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် များအတွင်းက နယ်စပ်နှင့် ရွှေတောများသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ များတွင် အဆိုပါ ရောဂါပိုးကို အများဆုံးတွေ့ရှိခဲ့ရာမှ ယခုနှစ်တွင် လူထုလူတန်းစား အသီးသီးတွင် တွေ့ရှိလာရကြောင်း မိတ္ထီလာမြို့ ပြည်သူ့ ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရောဂါဝေဒနာရှင် များအတွက် ART ဆေးများကို ဒေသကန့်သတ်ချက်မရှိ ပေးလျက်ရှိရာ မည်သည့်မြို့နယ်တွင် နေထိုင်သည်ဖြစ်စေ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ရုံးသို့ လာရောက် ဆက်သွယ်ပါက ဆေးထုတ်ပေးမည် ဖြစ်ပြီး အဆိုပါ ART ကာကွယ်ဆေးများ ပေးရန် အလုံအလောက်ရှိကြောင်း ဒေါက်တာအေးအေးကျော်က ဆိုသည်။

လက်ရှိ မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရသူ ၄၅၀ ဦးရှိပြီး ART ဆေးသောက်သုံးသူ ၃၈၁ ဦး၊ သာစည်မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦးရှိ၍ ART ဆေးသောက်သူ ၁၁၁ ဦး၊ ဝမ်းတွင်း မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦး အနက် ဆေးသောက်သူ ၁၁၀ ဦး၊ မလှိုင် မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၄၀ ဦးတွင် ဆေးသောက်သူ ၃၅ ဦး၊ ပျော်ဘွယ်မြို့နယ်၌ ရောဂါကူးစက်ခံရသူ ၁၂၄ ဦးရှိပြီး ဆေးသောက်သူ ၁၁၂ ဦး၊ ရမည်းသင်းမြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၀၀ ဦးရှိပြီး ဆေးသောက်သူ ၇၀ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ၊ အောက်တိုဘာ ၁၅

The Voice Weekly - မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top