မိန်းကလေးငယ်များအား
နည်းအမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင်အလွဲအသုံးချမှုများရှိနေပြီး လိင်အလွဲအသုံးချခံရသည့်
ဖြစ်စဉ်အချို့သည် အုပ်ထိန်းသူပေါ့လျော့မှုနှင့် ညစ်ညမ်းခွေများ အလွယ်တကူ ရရှိနေခြင်းကြောင့်
ဖြစ်ကြောင်းသိရသည်။
မိန်းကလေးငယ်များအား
နည်းအမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင်အလွဲအသုံးချမှုများ ရှိနေသည်ဟု ဆိုရာတွင် ၁၄ နှစ်အောက်
မိန်းကလေးအချို့အား မုန့်ကျွေး၍ အဓမ္မပြုကျင့်သည့်ဖြစ်ရပ်နှင့် မိန်းကလေးငယ်အား သွေးဆောင်စည်းရုံး၍
ပြည့်တန်ဆာအဖြစ် ခိုင်းစေရန်ကြံရွယ်မှုတို့ ပါဝင်နေကြောင်း သိရှိရပါသည်။
''ဖြစ်စဉ်တစ်ခုမှာဆိုရင် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်းတစ်ဦးက မုန့်ဖိုးပေးပြီး
လိင်ကိစ္စ မကြာခဏကျူးလွန်နေတာ ရှိခဲ့တယ်။ အုပ်ထိန်းသူကိုယ်တိုင်က အတော်ကြာမှရိပ်မိပြီး
တိုင်ကြ တောကြနဲ့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ ကြားရတဲ့ဖြစ်စဉ်တစ်ခုဆိုရင်
သင်တန်းတက်တဲ့ ကလေးငယ်တချို့ကို မုန့်ဖိုးပေးစည်းရုံးပြီး လိင်ကိစ္စအလွဲအသုံးချလို့
သင်တန်းတာဝန်ရှိသူကို အရေးယူခဲ့ရတဲ့ဖြစ်စဉ်လည်း တောင်ဥက္ကလာပမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ မိမိတို့ကလေးငယ်တွေကို ဂရုစိုက်စောင့်ရှောက်သင့်ပါတယ်''ဟု
ဖြစ်စဉ်အား သိရှိသူတစ်ဦးက ဆိုပါသည်။
ထို့ပြင်
အရွယ်မရောက်သေးသူ မိန်းကလေးငယ်တစ်ဦးအား လူရှင်းသည့်လမ်းကြား၌ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက
၎င်း၏လက်ဖြင့် လိင်မှုကိစ္စကျူးလွန်ရန် ကြံရွယ်သည့်ကိစ္စ ရန်ကင်းမြို့နယ်၊ အတွင်း ဖြစ်ပွားခဲ့ဖူးကြောင်း
ရန်ကင်းမြို့နယ်၊ ရပ်ကွက်တစ်ခုအတွင်း နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးကဆိုပါသည်။
မကြာသေးမီက
ဖြစ်ပွားခဲ့သော အရွယ်မရောက်သေးသူ မိန်းကလေးတစ်ဦးအား မုန့်ကျွေး၍ အဓမ္မပြုကျင့်ခဲ့သူအား
အရေးယူခဲ့ရသည့်ဖြစ်ရပ်မှာ ခရမ်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၈ ရက်နံနက်ပိုင်းတွင် ခရမ်းမြို့နယ်နေ အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် အသက်ခုနစ်နှစ်ရှိ ၎င်း၏သမီးဖြစ်သူနှင့်အတူ
ကရင်စုကျေးရွာတောင်ဘက်ရှိ ဇမ္ဗူအေးစေတီဘုရား ဈေးတန်းအတွင်း လျောက်ကြည့်စဉ် သမီးဖြစ်သူနှင့်
လူချင်းကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့
လူကွဲသွား၍ လိုက်လံရှာဖွေရာ လင်ညီအစ်မတော်စပ်သူနှင့် တွေ့သောကြောင့် တစ်ရွာတည်းနေ အသက်
၅၀ နှစ်ရှိ လယ်လုပ်သူ -- က ခေါ်ဆောင်သွားကြောင်း ပြောပြ၍ သိရှိခဲ့ရသည်ဟု ဆိုသည်။
တရားလိုမှ
သမီးဖြစ်သူအား လိုက်လံရှာဖွေရာ မိနစ်အနည်းငယ်ခန့် အကြာတွင် ပွဲခင်းအတွင်း ငိုလျက်ပြန်တွေ့၍
မေးမြန်းရာ အသက် ၅၀ နှစ်ရှိ လယ်လုပ်သူက ၎င်းအား မုန့်ကျွေးပြီး ရွာအရှေ့တောင်ဘက် လယ်လုပ်သူ၏
ခရမ်းချဉ်သီးအစောင့်တဲသို့ ခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ကြောင်း ဆိုခဲ့သည်။
သက်ဆိုင်ရာ
ခရမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၄၄/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားခံအား
အမှုဖွင့်အရေးယူခဲ့ရကြောင်း သိရသည်။
''အခုနောက်ပိုင်းမှာ
ညစ်ညမ်းခွေတွေက ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေတာကိုတွေ့ရပြီး အလွယ်တကူ ၀ယ်ယူရရှိနေတာ
တွေ့ရပါတယ်။ တချို့အခွေဆိုင်တွေဆို အနော်ရထာလမ်း၊
မဟာဗန္ဓုလလို လမ်းမမျိုးမှာတောင် ရောင်းချနေတာ တွေ့ရပါတယ်။ သက်ဆိုင်ရာကလည်း သိရင် သိချင်း အရေးယူနေတယ်လို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ
ညစ်ညမ်းခွေတွေကို အလွယ်တကူ ၀ယ်ယူရရှိနေတာ ပိုတွေ့လာရတယ်''ဟု မိဘအုပ်ထိန်းသူတစ်ဦးက
ဆိုပါသည်။
ထို့ပြင်
မိန်းကလေးငယ်အား သွေးဆောင်ခေါ်ယူ၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ကြံရွယ်မှုလည်း ရှိခဲ့ကြောင်း
သိရသည်။
ကာမကိုလိမ်လည်ရယူ၍
ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် သွေးဆောင်ခြင်းခံရသည့် ဖြစ်စဉ်တစ်ခုမှာ တာမွေမြို့နယ်အတွင်းတွင်
ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ
အသက် ၁၅ နှစ်အရွယ်မိန်းကလေးသည် ၎င်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ၂၆ ရပ်ကွက်မှ အဒေါ်ထံသို့
သွားရန်နေအိမ်မှထွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၊
ပြည်ထောင်စုလမ်းမရှိ သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် အသက် ၄၂ နှစ်အရွယ်နှင့်
၂၄ နှစ် အရွယ်ရှိ ၎င်းနှင့်တစ်လမ်းတည်းနေ အမျိုးသမီးနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးက
မြို့ထဲသွားမည်ဖြစ်၍ လမ်းကြုံကြောင်းပြောကာ အငှားကားဖြင့် တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ
နေအိမ်တစ်ခုသို့ ခေါ်သွားခဲ့ကြောင်း ယင်းနေအိမ်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးထံ အပ်နှံထားခဲ့ပြီး
မိန်းကလေးငယ်အား ခေါ်ဆောင်လာသူ အိမ်နီးချင်းအမျိုးသမီးနှစ်ဦးက ဗညားဒလလမ်းနေအိမ် အမျိုးသမီးထံမှ
ငွေကြေးရယူပြီး ပြန်သွားခဲ့ကြောင်း၊ ဗညားဒလလမ်းနေအိမ်မှ အမျိုးသမီးက မိန်းကလေးငယ်အား
ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင်စည်းရုံးခဲ့ကြောင်း သိရသည်။
၎င်းက
မလုပ်လိုကြောင်းပြောရာ ပြန်ချင်ပြီဆိုပါက
နားကပ်တစ်ရန်ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင်ခံရသည့် မိန်းကလေးက
နားကပ်တစ်ရန်ချွတ်ပေးခဲ့ရပြီး အိမ်သို့ပြန်ရောက်စဉ် ဖခင်ဖြစ်သူကိုပြောကာ သက်ဆိုင်ရာတွင်
အမှုဖွင့်ခဲ့ကြောင်း သက်ဆိုင်ရာ တာမွေမြို့နယ်ရဲစခန်းက (ပ)၇၈၇/၂၀၀၉၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၃၆၆ (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
''အခုဟာက မိန်းမကောင်းလေးတွေကိုပါ စည်းရုံးပြီး
ဘ၀ပျက်အောင် ကြံစည်လာကြတယ်။ ပြည့်တန်ဆာလုပ်ဖို့ လူရောင်းတဲ့ပုံစံပါ လုပ်လာတယ်၊ အဲဒီနေရာမှာ
စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေကတော့ အချိန်မီထိန်းသိမ်းနိုင်ပေမယ့် ဘ၀အခက်အခဲတွေနဲ့
ရင်ဆိုင်ရတဲ့ မိန်းကလေးတွေအတွက်တော့ ပန်းကောင်းအညွန့်ကျိုးဘ၀ ရောက်ဖို့ ပိုလွယ်ကူပါတယ်၊
အခုသက်ဆိုင်ရာကလည်း အဲဒီလိုအဖြစ်တွေကိုသိရင် သိသိချင်းထိထိ ရောက်ရောက်အရေးယူနေပါပြီ။
အုပ်ထိန်းသူတွေဘက်ကလည်း မိမိတို့ရဲ့ ကလေးငယ်တွေကို အဲဒီလိုအဖြစ်မျိုးနဲ့ မကြုံရဖို့
ပညာပေးမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်''ဟု ဖြစ်စဉ်များအပေါ် မိခင်တစ်ဦးက
သုံးသပ်ပြောကြားခဲ့သည်။
ယခုအခါ
မုဒိမ်းမှုကျူးလွန်သူများသည် အရွယ်ရောက်အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များကိုပါ
ကျူးလွန်ကြသည့်အပြင် ဆွေမျိုးအချင်းချင်းကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ အရက်သေစာသောက်စားမူးယစ်ပြီး
အစိတ်အလိုလိုက်မှု၊ အလိုရမ္မက်ထိန်းသိမ်းနိုင်ခြင်းမရှိမှု၊ ကာမရာဂကို အသားပေးသော ဆင်ဆာမဲ့ရုပ်ရှင်များ
ကြည့်ရှုရာမှ လွဲမှားသော အကျင့်ကို ထိန်းသိမ်းမှုမရှိဘဲ အားကျစိတ်ဖြင့် ကျူးလွန်မှု၊ မူးယစ်ထုံထိုင်းစေသည့်
ဆေးဝါးများအလွဲသုံးစွဲမှုတို့ကြောင့် မုဒိမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ်အချို့တွင်
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း
၂၀၀၉ ခုနှစ်၌ မုဒိမ်းမှု ၇၅ မှုဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်၌ ၇၄ မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။




