မိန်းကလေးများသည် ပြည့်တန်ဆာအိမ်များတွင်သာမက အခြားလုပ်ငန်းအများ
အပြားတွင် လူကုန်ကူးခြင်း ခံရနေကြရသည်ဟု လေ့လာသူများက မှတ်ချက်ပြုကြသည်။ မီဒီယာများက
မိန်းကလေးများတို့၏ ပြည့်တန်ဆာလုပ်ငန်းတွင် ဝမ်းနည်းဖွယ်ရာ ခေါင်းပုံဖြတ်ခံရမှုများ၊
သည်းထိတ်ရင်ဖို အဖြစ်အပျက်များ၊ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ပြည့်တန်ဆာ
အိမ်များသို့ရောင်းချခြင်းများ စသည့်အဖြစ် အပျက်များကို ရေးသားတင်ပြနေကြသဖြင့် သိရှိလာကြသည်။
ထိုအချက်က လိင်ပိုင်းဆိုင်ရာ စီးပွားအမြတ်ထုတ်ခံရမှုကို ပြနေသလို
အခြားရည်ရွယ်ချက် အမျိုးမျိုးနှင့်လည်း လူကုန်ကူးခြင်း ခံနေကြရသည်လည်းရှိသည်။ တကယ်တော့
လိင်ပိုင်းဆိုင်ရာ စီးပွားဖြစ် အမြတ်ထုတ်ခံရခြင်းထက် အခြားလုပ်ငန်းများတွင် ကုန်ကူးခံရခြင်းက
ပိုများနေသည်ကို တွေ့ရသည်။
စက်ရုံများ၊ နေအိမ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ရေထွက်ကုန်ထုပ်ပိုးရေး
လုပ်ငန်းများတွင် ကျွန်ကဲ့ သို့ ခိုင်းစေခံရခြင်းများနှင့် အဓမ္မစေခိုင်းခြင်းသည် ဒေသတွင်းပျံ့နှံ့လျက်ရှိသည်။
ယင်းကြောင့်လည်း လုပ်ငန်းရှင်များမှာ အကျိုးအမြတ်များစွာ ရရှိနေကြဆဲဖြစ်သည်။ မကြာသေးမီက
ထိုင်းနယ်စပ် မဲစောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က မြန်မာရွှေ့ပြောင်း
ကလေး အလုပ်သမားများ ဖြစ်စဉ်ဖြစ်ရပ်များကို သုတေသနပြုချက်အရ တွေ့ဆုံမေးမြန်းမှုပြုလုပ်သူ
အလုပ်သမားထဲတွင် (၇၇ဒသမ ၃)ရာခိုင်နှုန်းသည် မိန်းကလေးငယ်များဖြစ်ကြသည်။
ယင်းတို့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုယ်စီရှိကြသော်လည်း
ဆိုးရွားလှသည့်အလုပ်ခွင်တွင် လုပ်နေရသော ကလေးအလုပ် သမားဖြစ်စဉ်မျိုး သုံးသပ်တွေ့ရှိကြသည်။
တွေ့ဆုံမေးမြန်းမှုပြုခဲ့သော ကလေးများထဲမှ (၃ဝ)ရာခိုင်နှုန်းသည် စက်ရုံတွင် အဓမ္မနေထိုင်ခိုင်းထားသည်ကို
တွေ့ကြရသည်။
မိန်းကလေးငယ်တစ်ဦး၏
ပြောပြချက်အရ တစ်ရက်ကို (၁၂)နာရီ၊ (၇)ရက်တစ်ပတ် အလုပ်လုပ်ကြရသည်။ အလုပ်ရှင်မှ ယင်းတို့အိမ်မပြန်နိုင်ရန် အလုပ်လုပ်ခွင့်လက်မှတ်တွင် အသက်လိမ်ဖြည့်ထားပြီး
သူမ၏မှတ်ပုံတင်မူရင်းကို သိမ်းဆည်းထားသည်။ မိဘအများစုမှ အိမ်ဖော်အလုပ်သည် လုံခြုံမှုရှိသည်ဟု
ယူဆထားကြသဖြင့် ယင်းတို့၏ ကလေးများကို ထိုလုပ်ငန်း လုပ်ရန်စေလွှတ်လေ့ရှိသည်။
ထိုလုပ်ငန်းတွင် နာရီပေါင်းများစွာ အလုပ်လုပ်ရပြီး အကျဉ်းသားကဲ့သို့
နေထိုင်ရသော်လည်း သူတို့ကိုယ်သူတို့ လူကုန်ကူးခံနေရသည်ဟု မစဉ်းစားမိကြ။ အာရှနိုင်ငံများမှ
မြို့ကြီးများ၏ လမ်းများပေါ်တွင် မိန်းကလေးများသည် သူတောင်းစား အဖြစ်လည်းကောင်း၊ ခေါက်းရွက်ဗျတ်ထိုး
ဈေးရောင်းသူ အဖြစ်လည်းကောင်း ခိုင်းစေခြင်း ခံနေကြရသည်ကို ရံဖန်ရံခါတွေ့ရသည်။
အထူးသဖြင့် မြန်မာနိုင်ငံမှ ကလေးများသည် ထိုင်းနိုင်ငံတွင်လည်းကောင်း၊
ကမ္ဘောဒီးယားနိုင်ငံမှ ကလေးများသည် ဗီယက်နမ်နိုင်ငံတွင် လည်းကောင်း ထိုလုပ်ငန်းများထဲတွင်
လူကုန်ကူး ခံနေကြရသည်။ ထိုကလေးများ၏ အခြေအနေသည် မိသားစုနှင့် အတူနေထိုင်နိုင်ခွင့်
အခွင့်အရေးမရ၊ ကစားခွင့်အခွင့်အရေးမရ၊ ပညာသင်ကြားခွင့် မရကြချေ။
ဘန်ကောက်မြို့တွင် ညကလပ်များ စည်ကားသည့် နေရာတစ်ခုဖြစ်သော Ekamai
အရပ်ရှိအရက်ဘားတွင် နှင်းဆီပန်း ရောင်းနေသည့် (၇)နှစ်အရွယ်
မြန်မာမိန်းကလေးကို သုတေသနပြုနေသည့် အဖွဲ့တစ်ဖွဲ့က မေးမြန်းခဲ့သည်။ ထိုကလေးကို သူ၏မိဘက
လူကုန်ကူးသူထံ အမေရိကန်ဒေါ်လာ (၁ဝဝ) ခန့်ဖြင့်ရောင်းချခဲ့သည်။ သူ၏မိဘများသည် မဲဆောက်မြို့တွင်
အလုပ်လုပ်ကိုင်နေသော တရားမဝင်ရွေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်။
မိဘများက ထိုကလေးအား ရောင်းချရန် သဘောတူခဲ့ကြခြင်းမှာ လေးလတစ်ကြိမ်
အမေရိကန်ဒေါ်လာ (၂ဝဝ)ခန့် မိသားစုထံပြန်ပို့နိုင်မည်ဟု လူကုန်ကူးသူ၏ ကတိစကားကြောင့်
ဖြစ်သည်။ ဘန်ကောက်ရောက်သည့်အခါ အလုပ်ရှင်မှ ဘန်ကောက်အရောက် ထိုင်းဘတ်ငွေ (၁ဝဝဝ) (အမေရိကန်ဒေါ်လာ
၂၈၅)ကုန်ကျ သဖြင့် အကြွေးဆပ်ရန် ဦးစွာပထမ အလုပ် လုပ်ပေးရမည်ဟု ပြောကြားသည်။
ညစဉ်ညတိုင်း နှင်းဆီပန်းတစ်ပွင့်လျှင် ထိုင်းဘတ် (၂ဝ)ဖြင့် အပွင့်(၁ဝဝ)နီးပါးကို
ည(၉)နာရီမှ နံနက်(၆)နာရီအထိ ရောင်းရရှာသည်။ တစ်ခါတရံ ပန်းများအားလုံးဝယ်သွားပြီး ကလေးများ
အလုပ်မလုပ်သင့်ဘူးဟု ပြောသွားသူများ ကိုလည်း အံ့သြဖွယ်ရာတွေ့ရသည်။
လေးနှစ်ခန့် ဘန်ကောက်လမ်းပေါ်တွင် ပန်းရောင်းနေစဉ် ဖမ်းဆီးခံရပြီး
ဝေါလ်ဗွီးရှင်းအဖွဲ့၏ အကူအညီဖြင့် ထိန်သိမ်းရေးစခန်းမှ လာရောက်ခေါ်ယူပေးသဖြင့် မဲဆောက်ရှိ
မိဘရပ်ထံ ပြန်လည်ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ ယခုတွင် ထိုကလေးသည် ဝေါလ်ဗွီးရှင်း၏ ပညာသင်ကြားရေး
ဌာနတွင် ပညာသင်ကြားလျက်ရှိသည်။
ထိုအဖြစ်အပျက်က လူကုန်ကူးခံရမှု၏ ပုံစံတစ်မျိုးကို ဖော်ပြခြင်းဖြစ်သည်။
ထို့ကြောင့် အစိုးရများသည် လူကုန်ကူးမှုပုံစံအမျိုးမျိုးနှင့် လုပ်ငန်းအားလုံး အကျုံးဝင်သည့်
လူကုန်ကူးမှု နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမည့်အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်
ဖြည့်စွက်ဖွင့်ဆို သင့်သည်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတွင် အခြားပုံစံများဖြင့်
လူကုန်ကူးခံနေရသော အမျိုးသမီးများနှင့် ပတ်သက်သော သုတေသန စာတမ်းများများစွာ ပြုစုရန်လိုအပ်လျက်ရှိသည်။
ဥပဒေဘက်တော်သား များနှင့် လူမှုအသိုင်းအဝိုင်း၏ အယူအဆ တစ်ခုဖြစ်သော ပြည့်တန်ဆာအဖြစ်
သွတ်သွင်းမှုသာ လူကုန်ကူးခြင်းဖြစ်သည်ဟူသော အယူအဆကို ဖယ်ရှားရေး ဆောင်ရွက်သွားကြရဦးမည်ဖြစ်သည်။
လျှပ်တပြက် - မိန်းကလေးများ အခြားလုပ်ငန်းများတွင် လူကုန်ကူးခံရမှု




