19
Aug

မိမိကိုယ်မိမိ အမျိုးသမီး တစ်ဦးကဲ့သို့ ခံယူထားသောသူ (Transgender) များ..



မိမိကိုယ်မိမိ
အမျိုးသမီး တစ်ဦးကဲ့သို့ ခံယူထားသောသူ (Transgender) များရဲ့ ကျန်းမာရေး တစေ့တစောင်း

ကျတော်တို့
ယောကျာ်းလေးချင်း စိတ်ဝင်စားတဲ့ လူတွေထဲမှာ ကိုယ့်ကိုယ်ကို ယောကျာ်းလေး တစ်ယောက် အသွင်နဲ့ပဲ
နေထိုင်လိုတဲ့ သူငယ်ချင်းတွေ ရှိသလို မိန်းကလေး တစ်ယောက်လို ဖြစ်ချင်ပြီး မိန်းကလေး
တစ်ဦးကဲ့သို့ နေထိုင်လိုတဲ့ သူငယ်ချင်းများလဲ ရှိပါတယ်။ မိန်းကလေး တစ်ယောက်လို နေထိုင်လိုတဲ့
သူငယ်ချင်းများဟာ တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်
လာတတ်ပါတယ်။ ကျနော်တို့ရဲ့ သူငယ်ချင်းများဖြစ်တဲ့ မိန်းကလေးလို နေထိုင်ချင်တဲ့ သူငယ်ချင်းများ
အတွက် သူတို့တွေနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး အချက်အလက်များကို ပြောပြချင်ပါတယ်။

ပထမဆုံးအနေနဲ့
လိင်မှုဆိုင်ရာ ကျန်းမာရေးဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ လိင်မှုဆိုင်ရာ ကျန်းမာရေးဆိုတာ
မိမိရဲ့ လိင်မှုရေးရာနဲ့ ပတ်သတ်တဲ့ ကိုယ်ကျန်းမာခြင်း၊ စိတ်ခံစားမှုများနဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ
ကောင်းမွန်စွာ နေထိုင်နိုင်ခြင်း စတဲ့အချက်များပဲ ဖြစ်ပါတယ်။ ကျတော်တို့တွေရဲ့ လိင်မှုရေးရာများဟာ
တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ တစ်ခါတစ်လေမှာ ကျတော်တို့တွေဟာ ထိုးသွင်း ဆက်ဆံတာကို ကြိုက်ကြသလို
ထိုးသွင်းဆက်ဆံခံရတာကို ကြိုက်ကြတဲ့ သူများလဲ ရှိပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို အမျိုးသမီးတစ်ယောက်လို
ခံယူထားတဲ့ အမျိုးသား (Transgender) များ အတွက်တော့ တစ်ခါတစ်ရံမှာ ပြဿနာလေးတွေ ရှိပါတယ်။
Transgender အမျိုးသမီးများဟာ သူတို့ စားဝတ်နေရေးအတွက် တစ်ခါတစ်ရံ သူတို့မကြိုက်တဲ့
အလုပ်များကိုလည်း လုပ်ကြရပါတယ်။

ဥပမာအနေနဲ့
Transgender အမျိုးသမီး အများစုဟာ ထိုးသွင်းဆက်ဆံခံရတာကို ကြိုက်ကြပါတယ်။ ဒါပေမယ့်
လိင်လုပ်ငန်းမှာ လုပ်ကိုင်ကြရတဲ့ Transgender အမျိုးသမီးများဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက်
ထိုးသွင်း ဆက်ဆံခြင်းများကိုလဲ လုပ်ကြရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ဦးခြင်းဆီရဲ့
ကိုယ်ပိုင် လွတ်လပ်ပိုင်ခွင့်ဖြစ်တဲ့ မိမိရဲ့ အဖေါ်ကို ရွေးချယ်ခြင်းနဲ့ လိင်မှုကိစ္စများကိုတော့
အခြားသူများက လေးစားရမှာ ဖြစ်ပါတယ်။

လိင်မှုဆိုင်ရာ
ကျန်းမာရေးမှာ Transgender အမျိုးသမီးများ အနေနဲ့ သူတို့ရဲ့ စိတ်ခံစားချက်အတိုင်း သူတို့ရဲ့
ခန္ဓာကိုယ်ကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ ဆိုတာတွေလဲ ပါပါတယ်။ Transgender အမျိုးသမီးများဟာ
ကိုယ့်ကိုယ်ကို မိန်းကလေးတစ်ဦးလို ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို စဉ်းစားတတ်ကြပါတယ်။
ဒီလို စဉ်းစားတဲ့အခါမှာ မိန်းကလေးတစ်ဦးလို ၀တ်စား ဆင်ယင်ခြင်းများအပြင် ဟိုမုန်းဆေးများ
သောက်ခြင်းနဲ့ ခန္ဓာကိုယ်ခွဲစိတ် ပြုပြင်ခြင်းများအထိ ပါတတ်ပါတယ်။ ဒီလို ရွေးချယ်မှုတွေဟာ
မိမိကိုယ်ကို ပြောင်းသင့်တယ်လို့ ထင်တဲ့အခါမျိုးမှာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တတ်
ကြပါတယ်။ ဒါပေမယ့် တချို့ Transgender အမျိုးသမီးများဟာ ခွဲစိတ်မှုတွေ၊ ဟိုမုန်းသောက်တာတွေ
မလုပ်ပဲ မိမိကိုယ်ကို မိန်းကလေးတစ်ဦးသဖွယ် ပြုမူနေထိုင် တတ်ကြပါတယ်။

“ကျမတို့
လှဖို့အတွက် ကျမတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲပစ်ဖို့ မလိုအပ်ပါဘူး။ ကျမတို့ မိမိကိုယ်ကို
မိန်းကလေး တစ်ယောက်လို့ ခံယူထားရင် ခွဲစိတ်တာတွေ ဘာတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ကျမတို့တွေ
ခွဲစိတ်ထားထား မထားထား၊ မှတ်ပုံတင်တွေ ပြောင်းလို့ ရရ မရရ ကျမတို့ကို အမျိုးသမီးကဲ့သို့
ဆက်ဆံ သင့်ပါတယ်။”

Transgender
အမျိုးသမီးများဟာ အထက်မှာ ပြောထားသလို မိမိကိုယ်ကို ဘယ်လိုမျိုး အမျိုးသမီးတစ်ယောက်နဲ့
တူအောင် နေထိုင်ရမယ်ဆိုတာကို အမြဲစဉ်းစား တတ်ကြပါတယ်။ ဒီလိုစဉ်းစားတဲ့ အထဲမှာ ကျတော်တို့
အထက်မှာ ပြောသွားသလိုမျိုး ခွဲစိတ်ကုသမှုများကို ခံယူခြင်းများ၊ ဟိုမုန်းကုထုံးများ
အစရှိတဲ့ ကုထုံးများနဲ့ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ တတ်ကြပါတယ်။

ဒေသအတွင်းမှာ
ဟိုမုန်းကုထုံးများ၊ ခွဲစိတ်ခြင်းများနဲ့ ကျန်းမာရေး ၀န်ဆောင်မှုများမှာ တစ်နေရာနဲ့
တစ်နေရာ ကွဲပြား တတ်ကြပါတယ်။ နိုင်ငံတော်တော်များများမှာ ဟိုမုန်းကုထုံးများကို နိုင်ငံရဲ့
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ ထည့်ထားလေ့ မရှိပါဘူး။ ဒေသ တော်တော်များများမှာလဲ
ဟိုမုန်း ကုထုံးများနဲ့ ယောကျာ်းလေး အဖြစ်မှ မိန်းကလေးအဖြစ် ပြောင်းလဲခြင်းများမှာ
ငွေကြေးအကုန်အကျ များတတ် ကြပါတယ်။ Transgender အမျိုးသမီးအတွက် ဒီလိုမျိုး အမျိုးသမီးတစ်ယောက်လို
ပြောင်းလဲ လိုခြင်းများမှာ Transgender အမျိုးသမီးများကို လိင်လုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက်
ဖိအားတစ်ခုလို ဖြစ်သွားပါတယ်။

ပုံမှန်အားဖြင့်
Transgender အမျိုးသမီးများအတွက် ဟိုမုန်းကုထုံးကို အဓိကထားပြီး ကုသပေးတဲ့ ဆရာဝန်ပဲဖြစ်ဖြစ်
အခြားဆရာဝန် တစ်ယောက် ထံမှာပဲဖြစ်ဖြစ် သွားရောက်ပြီး ဆေးကုသမှု ခံယူပါက ပထမဆုံးအကြိမ်
စမ်းသပ်ခ၊ ကြည့်ရှုစမ်းသပ်ခနဲ့ ဓါတ်ခွဲခန်း စစ်ဆေးမှုများမှာ အလွန်ဈေးကြီး တတ်ပါတယ်။
နောက်တစ်ကြိမ် စမ်းသပ်မှုများဖြစ်တဲ့ ၃ လတစ်ခါ၊ ၆ လတစ်ခါနဲ့ တစ်နှစ်အကြာ သွားရောက် ကုသမှုများနဲ့
စမ်းသပ်မှုများမှာ ပထမဆုံးအကြိမ် စမ်းသပ်မှုများလောက် ကုန်ကျစရိတ် သိပ်မများ တော့ပါဘူး။
လိင်ပြောင်းလဲ ခွဲစိတ်မှုများနဲ့ ခန္ဓာကိုယ်အလှ ပြောင်းလဲခွဲစိတ် မှုများဟာ နေရာတိုင်းမှာ
မရနိုင်သလို အလွန်လဲ ကုန်ကျစရိတ် များတတ်ပါတယ်။ ဒီလို ကုန်ကျစရိတ်များတဲ့ ဟိုမုန်း
ကုထုံးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံမရှိတဲ့ ဆရာဝန်များကြောင့် Transgender အမျိုးသမီးများဟာ
သူတို့ရဲ့ ဘ၀တူ အသက်ရွယ်ကြီးသော Transgender အမျိုးသမီးများထံမှာ အကြံဉာဏ်များ တောင်းတတ်ကြပါတယ်။

အဲဒီ
Transgender အမျိုးသမီးများရဲ့ အတွေ့အကြုံများကို အခြေခံပြီး ကိုယ်တိုင်ဆရာဝန်များ
ဖြစ်လာ ကြပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်စိတ်ကြိုက်ဆေးများ သောက်ခြင်း၊ အခြားဘ၀တူ
Transgender အမျိုးသမီး သူငယ်ချင်းများရဲ့ အကူအညီ အကြံအဉာဏ်များကို ယူခြင်းနဲ့ အရည်အချင်း
မပြည့်မီသော လူများရဲ့ အကြံဉာဏ်များကို ယူခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းကြောင့်
ဟိုမုန်းဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများအရ Transgender အမျိုးသမီး များဟာ အသက်ဆုံးရှုံးခြင်း
အပါအ၀င် အခြားသော ဆိုးကျိုးများကို ခံစားရတတ်ပါတယ်။ ဟိုမုန်းများ၊ Botox ဆေးများ၊ အဆီများနဲ့
ဆီလီကွန်များ ထိုးခြင်းတို့ဟာ ကူးစက်ရောဂါများနဲ့ အခြားသော အရေပြားရောဂါများ ခံစားရတတ်ပါတယ်။

နောက်အပါတ်မှာ
Transgender အမျိုးသမီးအတွက် ဟိုမုန်းဆေးတွေ အန္တရာယ်ကင်းအောင် ဘယ်လို သောက်ရမယ်၊ ထိုးရမယ်ဆိုတာတွေကို
ဆက်လက်ဖေါ်ပြ ပေးပါ့မယ်။

Alvis

19/August/2010

မှတ်ချက်။
။ APNSW မှ ထုတ်ဝေသော TG Health Book ကို မှီငြမ်းပြီး ရေးသားထားပါသည်။



Coloursrainbow
- မိမိကိုယ်မိမိ အမျိုးသမီး တစ်ဦးကဲ့သို့ ခံယူထားသောသူ (Transgender) များရဲ့ ကျန်းမာရေး
တစေ့တစောင်း

Comments

  1. Anonymous says:

    မိမိကိုယ်မိမိ အမျိုးသားတစ်ဦးလိုခံယူထားသော အမျိုးသမီးများအတွက်လည်း သူတို့ရဲ့ ချစ်သူများနဲ့ ဆောင်ရန်ရှောင်ရန်များကို သိချင်ပါတယ်.. HIM ရဲ့ စာမျက်နှာမှာ လိင်တူချစ်သူဆိုရင် အမျိုးသားချင်းချစ်သူတွေအတွက် ပြောထားတာကို အတွေ့ရများတယ်.. အမျိုးသမီးချင်းချစ်သူတွေအတွက် အတွေ့နည်းလို့ပါ.. အမျိုးသမီးချင်းချစ်သူတွေကြား ဖြစ်တဲ့ရောဂါက နည်းလို့များလား သိချင်ပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top