…..သြော်…လူ့ဘ၀ လူ့ဘ၀ ဒီလို ပြသနာ ကြမာဆိုးတွေ ဘယ်တော့များမှ အဆုံးသတ် နိုင်တော့မှာလည်း ………….။
ပြတင်းပေါက်ဆီမှ အဝေးက လယ်ကွင်းပြင်ကြီးကို ငေးနေရင် မိငယ် တစ်ယောက် တိုးတိုး လေး ငြီးတွား နေမိပါတယ်၊ သက်ပြင်းရှည်ကြီးကို ချပြီး
အတွေးလေး
တစ်ခုက ရောက်လာ ပါတယ်။ လာမယ့် ၀ါဆိုလပြည့်ဆို သူနဲ့ ချစ်ခဲ့ကြတာ ၅ နှစ်ပြည့် အမှတ်တရ လေးပေါ့။ အဲဒီ အမှတ်တရလေးကို တွေးပြီး မိငယ်
တစ်ယောက်တည်း
ပြုံးနေမိပါတယ်။
ရုတ်တရက် မျက်ရည်များ တသွင်သွင် စီးဆင်းလာပါတယ်။ ဘယ်လိုမှ တားလို့မရ။ သူ့ရဲ့ ပုံရိပ်တွေကို ပြန်မြင် လာမိပါတယ်။ အခုလို မိုးတွေ ရွာလေလေ သူ့ကို သတိရလေပါ…. စိတ်ထဲက ဖြေဖျောက်ဖို့ ကြိုးစား လေလေ ပိုပြီး သတိရလာလေပဲ။
“ကိုယ်တို့ နောက်နှစ်မှာ လက်ထပ်နိုင်အောင် ကြိုးစားမယ် ငယ်….. လာမယ့်နှစ် ကိုယ် ပြန်လာရင် အလုပ် က စုထားတဲ့ ငွေတွေနဲ့ ငယ့်ကို မိသားဖသား ပီပီ တင့်တောင့် တင့်တယ် တင်တောင်းနိုင်တဲ့ အချိန် ရောက်ပြီလေ… အခုတော့ ခဏခွဲရမယ် ငယ်ရာ…” သူထိုင်းကို အလုပ်သွား မလုပ်ခင်က ပြောခဲ့တဲ့ အားပေး စကားလေးတွေပါ…..။
“ကိုယ်ပြန်လာပြီး ၀ါကျွတ်ရင် လက်ထပ်မယ်….
ပြီးရင် မှော်ဘီဘက်မှာ ခြံတစ်ခြံ ၀ယ်ပြီး အဲမှာပဲ ကိုယ်တို့ အခြေချ ကြမယ်လေ…. ငယ့်အမျိုးတွေလဲ
အဲမှာ ရှိနေတာပဲလေ….
လက်ထပ်ပြီး တစ်နှစ်နေရင် ငယ်က ကိုယ့်အတွက် သားသားလေး တစ်ယောက် မီးမီးလေး တစ်ယောက် မွေးပေးရမယ်နော်….” ဒါကတော့ သူ့ရဲ့
စိတ်ကူးထဲက တူနှစ်ကိုယ် တိုင်းပြည်
ငယ်လေးပါ…..။
အခုတော့ ဒါတွေဟာ လေထဲမှာပဲ ကျန်ခဲ့တော့မှာလား…… အိပ်မက်နေတာလား တကယ်လား ဆိုတာကို မိငယ် ဝေခွဲ မတက်တော့ပါ…..။ မျက်ရည်များကိုသာ အဖော် ပြုရင်း ငယ့်ကို ချန်ထားခဲ့လေသလား လို့ပဲ သူ့ကို အပြစ်တင် နေမိပါတယ်…..။ အခုတော့ ဘ၀တွေ ခြားခဲ့ လေတော့ သူကြားနိုင်တော့မယ် မထင်ပါ…..။
တမြန်နှစ်က သူထိုင်းကို အလုပ်လုပ်ဖို့ ထွက်သွားခဲ့ပါတယ်….။ စက်ရုံ တစ်ခုမှာ အလုပ် လုပ်မယ် ဆိုပြီး သွားခဲ့တာပါ….။ အများသိကြတဲ့ အတိုင်း အောက်လမ်းကနေ ပွဲစားက တဆင့် ဆက်သွယ်ပြီး သွားခဲ့တာပါ။ ပွဲစား အပြော အရဆို လုပ်ခက တစ်လကို အနည်းဆုံး (စရိတ်ငြိမ်း) တစ်သိန်းခွဲလောက် ကျန်မယ်ပေါ့။
အင်း… တစ်နှစ်လောက် လုပ်ပြီး ပြန်လာရင်တော့ ချစ်တဲ့ သူနဲ့ ဘ၀တစ်ခု ထူထောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူထွက် သွားခဲ့တာပါ။ သူက လူအေး တစ်ယောက်။ အဝေးသင် ပညာရေးနဲ့ ဘွဲ့ရထားပြီး အင်္ဂလိပ်စကား မတက်တခေါက် ပြောတတ်ပါတယ်။ ထိုင်းစကား တော့ မတက်ဘူး။ ကွန်ပျုတာတော့ နည်းနည်းပါးပါး ရိုက်တတ်တယ်လေ။ ပြည်တွင်းမှာတော့ တစ်လ ၆ သောင်းထက် မပိုတဲ့ လစာနဲ့ ရှင်သန်နေရတာဟာ သူနဲ့ မိငယ်တို့ ဘ၀တစ်ခု ထူတောင်ဖို့ မလွယ်မှန်း သိလေတော့ သူကောင်းဖြစ်အောင် တစ်ရွာ ပြောင်းမယ် ဆိုတဲ့ အကြံပေါ့။ သူ့မိဘတွေကလည်း ငွေအရင်နှီး နည်းလေတော့ ရှိတဲ့ အိမ်လေးကို ခဏပေါင်ပြီး သူထိုင်းရောက်ဖို့အရေး ဖန်တီပေးရလေတယ်လေ…။
ဘုရားမလို့ သူသွားပြီး တစ်လလောက် နေတော့ သူအလုပ် ရပါတယ်။ ဒါပေမယ့် ပွဲစားကို ပေးရတာရယ် အိမ်ပေါင်ထားတဲ့ အတိုးပေးရတာ ရယ်နဲ့ သူ့မိဘတွေလဲ သိပ်မသုံးရပါဘူး။ ဒီအတောအတွင်း မိငယ်နဲ့ သူ အဆက်သွယ်တွေ ပျက်နေခဲ့ပါတယ်…….။
မိငယ်ကတော့ သူ့ကို သတိရတိုင်း ဒိုင်ယာရီ စာအုပ်လေးထဲ စာတို တစ်ကြောင်းစ
နှစ် ကြောင်းစ ရေးပြီး အလွမ်းဖြေခဲ့ပါတယ်…..။ သူ့ဆီက (၇) လလောက် နေတော့ လူကြုံနဲ့ တဆင့် စာတစ်စောင် ရောက်လာပါတယ်….။
သူ ထိုင်းမှာ
အဆင်ပြေကြောင်း…. အခု လုပ်နေ တာက စက်ရုံမဟုတ်ပဲ စားသောက်ဆိုင်မှာ ဖြစ်ကြောင်း တခြား မြန်မာ အလုပ်သမားတွေလဲ ရှိကြောင်း စသဖြင့်ပေါ့လေ……။ ချစ်တယ် လွမ်းတယ် သတိရတယ် ဆိုတဲ့ စကားလုံးတွေ ကတော့ မရေတွက် နိုင်အောင်ပဲလေ….။
မိငယ်လည်း ဒီစကားလုံးလေးတွေကို ရေတွက်ရင်း
အတူ ပြန်ဆုံမယ့် အချိန်လေးတွေကို တွေးရင်း ရူးနေမိခဲ့ပါတယ်။ “နောက်နှစ် ၀ါဆိုလ အမှီကိုယ် ပြန်ခဲ့မယ်” ဆိုတဲ့ စာကြောင်းလေးက မိငယ် သိချင်တဲ့ အကြောင်းအရာ တွေကို ဖြေပေးလိုက် သလိုပါပဲ။ သူအလုပ်မှာ အဆင်ပြေပါစေ။ သူတော်ကောင်းနဲ့ တွေ့ပါစေ။ ကျန်းမာပါစေ… စသဖြင့် မိငယ် ဘုရားရှိခိုးတိုင်း ဆုတောင်း နေမိပါတယ်……။ နောက်လဆို သူပြန်လာဖို့ သင့်ပြီ…..။ မိငယ်ကတော့ သူပြန်လာမယ့် ရက်တွေကိုပဲ လက်ချိုးရေ နေမိ ပါတယ်……..။
ဟုတ်ပါတယ်…..သူပြန်လာခဲ့ပါတယ်…. သူကတိအတိုင်း ၀ါဆိုလ အမှီ ပြန်ခဲ့ပါတယ်….။ ဒါပေမယ့် မိငယ်နဲ့ အတူနေဖို့ မဖြစ်နိုင်တော့တဲ့ ဘ၀တစ်ခုကိုပါ သူယူခဲ့တယ်လေ……။
နယ်စပ်ကိုဖြတ် မြ၀တီကနေ ဒေါနတောင်ကို ဖြတ်ပြီး သူ ဘားအံကို ဒီကေဘီအေ
ဆိုင်ကယ်နဲ့ ဆင်းလာပါတယ်…..။
မိုးတွင်းဖြစ်လေတော့ လမ်းတွေကတော့ သိပ်မကောင်း လှဘူးလေ…..။ ဒီလမ်းက အစစ်အဆေးများတော့ အချိန်မီ
ရန်ကုန်ရောက်ဖို့ အရေး သူဒီကေဘီအေ ဆိုင်ကယ်ကိုပဲ ရွေးခဲ့တာ ဖြစ်ဟန်တူပါတယ်….။ ကံအကြောင်း မလှစွာပဲ သူစီးလာတဲ့ ဆိုင်ကယ်ဟာ ကော့ကရိတ် မရောက်ခင် မိုင် ၂၀ လောက်မှာ ဂျောက်ထဲကျခဲ့ပါတယ်….။ သူကတော့ ပေါင်တစ်ဖက် ကျိုးသွားခဲ့ပါတယ်….။ ဆိုင်ကယ်သမားကတော့ အသက်ဆုံး ရှာလေရဲ့…..။
သူ့အကြောင်း ကြားကြားချင်း မိငယ် တစ်ယောက် ဖြေဆည်ရာမရ
တုန်လှုပ်ခဲ့ရပါတယ်…။ ဘုရားများများ ရှိခိုးပြီး သူမြန်မြန်
ကျန်းမာလာစေဖို့ ဆုတောင်းရုံကလွဲလို့ မိငယ် ဘာမှ မတက်နိုင်ပါ။
သူ့မိဘတွေတော့ ကော့ကရိတ်ကို လိုက်သွားကြလေရဲ့..။ သူကော့ကရိတ်ဆေးရုံမှာ ၃ ပတ် လောက် တက်လိုက်ရပါတယ်…..။ အဲဒီမှာ ခွဲစိပ်ရပါတယ်… သွေးထွက်များလို့ သွေး ၂ လုံး သွင်းခဲ့ရတယ်လို့ ပြောပါတယ်…...။ ပြီးမှ သူရန်ကုန်ကို ပြန်လာပါတယ်။ သူပြန် လာတော့ မိငယ်လည်း ၀မ်းနည်း ၀မ်းသာပေါ့…..။ သူနဲ့ မျက်စိထင်ရှား ပြန်တွေ့ရတော့ မိငယ် ပျော်နေ မိပါတယ်…။ တစ်ဖက်မှာလည်း ဒုက္ခိတ တစ်ယောက် နီးပါး သူခံစားနေရတာကို မိငယ် မကြည့်ရက်ဘူးလေ….။ မိငယ်ကို တင့်တောင့်တင့်တယ် ထားနိုင်ဖို့ သူစွန့်စားခဲ့တာ မဟုတ် လား…….။
ဘာပဲဖြစ်ဖြစ်လေ…မိငယ်တော့ မျှော်နေရတဲ့ အလုပ်တစ်ခု ပြီးသွား ခဲ့ပြီလေ….။ သူမြန်မြန် နေကောင်းဖို့ ပြုစုပေးမယ် ဆိုတဲ့ စိတ်ပဲ မိငယ်မှာ ရှိပါ တော့တယ်……။
ရန်ကုန်ကို ပြန်ရောက်ရောက်ချင်း သူ လမ်းကောင်းကောင်း
မလျှောက်နိုင်သေးပါ။ နှစ်လ လောက် နေမှ နည်းနည်း လှုပ်ရှားနိုင်ပါတယ်။
“ငယ် ကိုယ်တို့ ၀ါကျွတ်ရင် လက်ထပ်မယ် နော်….
အိမ်ကိုလည်း
ကိုယ်ပြော ထားပြီးပြီလေ၊ အိမ်ကလည်း သဘောတူတယ်….။ ၀ါကျွတ် ပြီဆိုရင် ကိုယ်လည်း လမ်းကောင်းကောင်း လျှောက်နိုင်ပြီလေ၊ အလုပ်လည်း ပြန်လုပ်လို့ ရပြီလေ…..” သူက ဂျိုင်းထောက်နဲ့ လမ်းလျှောက်နေရင်း မိငယ်ကို ပြန်အားပေးနေ သလိုပါပဲ။ မိငယ်ကတော့ သူ့ကို အဲဒီ ဂျိုင်းထောက်ကြီး သုံးနေရတဲ့ ဘ၀ကနေ အမြန်ဆုံး
လမ်းပြန်
လျှောက်နိုင်ပါစေလို့သာ ဆုတောင်း နေမိတယ်။ သူအဲလို
ဂျိုင်းထောက် ကြီးနဲ့ လမ်းလျှောက် နေတာ မြင်တိုင်း မိငယ် ကိုယ့်ကိုကိုယ်
အပြစ်တင်
နေသလိုပဲ။
ငါကြောင့်သူ ဒီလိုဖြစ်ရလေခြင်း ဆိုပြီး….. ဒီလိုနဲ့ မိုးကုန်သွားပါတယ်….။ သူ့မိဘတွေနဲ့ သူ တိုင်ပင်ပြီး မိငယ် မိဘတွေနဲ့ ၀င်ဖို့ထွက်ဖို့ (စေ့စပ်ဖို့) သူပြင်နေပါတယ်။
ဒီကြားထဲ မိငယ်က မျိုးဆက်ပွား ကျန်းမာရေးသင်တန်း တစ်ခုကို တက်ခွင့်ရခဲ့ပါတယ်။ သင်တန်းက အပြန် မိငယ် ခေါင်းထဲ အတွေးတစ်ခု ၀င်လာပါတယ်။ လက်မထပ်မီ ချစ်သူနှစ်ဦးလုံး
သွေးစစ်ဖို့ လိုသလား ???? သူ့ကိုတော့ ယုံပါတယ်၊ ယုံလို့ပဲ တစ်ဘ၀လုံး
အတူတူ နေဖို့တောင် ဆုံးဖြတ်ခဲ့တာ ပဲလေ…..။ အင်း.. သူ့ကို နားလည်အောင် ဘယ်လို
ပြောပြ
ရရင် ကောင်းမလဲ….. အင်းလေ… ပြောကြည့်တာပေါ့…။
“ကို… မိငယ် တစ်ခုလောက် တောင်းဆိုချင်တယ်… မိငယ် လွန်ခဲ့တဲ့ လက သင်တန်း တစ်ခု တက်ခဲ့ရတယ်….။ အဲဒီ သင်တန်းက မျိုးဆက်ပွားကျန်းမာရေးနဲ့ ပက်သက် တာလေ….။ သင်တန်း အပြီးမှာ ငယ့်စိတ်ထဲ အတွေးတစ်ခု ၀င်လာတယ်..။ အဲဒါ ကိုနဲ့ တိုင်ပင်ချင်တယ်..။”
“ပြောလေ ငယ်…. ဘာဖြစ်လို့လဲ”
“သင်တန်းမှာ လက်မထပ်ခင် သွေးစစ်သင့်တယ်လို့ ပြောတယ် ကို…. အဲဒါ ငယ်တို့ သွေးစစ်ကြရင် မကောင်းဘူးလား?”
“မလိုပါဘူး ငယ်ရာ…
ကိုက ဘာမှ အမှားမလုပ်ထား ပါဘူးကွာ…. ထိုင်းမှာ
အလုပ် လုပ်တိုင်း HIV စစ်ရမလို ဖြစ်နေပြီ ငယ်ရ……။ ကိုယ်က ငယ့်အပေါ် သစ္စာရှိ ပါတယ်ကွ…..။”
“အဲလိုသဘောမျိုး မဟုတ်ဘူး ကို…. ငယ်လည်း အဲဒါကို ပြောချင်တာလေ…..
ကို့ကို ငယ် ယုံပါတယ်…. ကိုရဲ့ သိက္ခာကို ငယ်သိပါတယ်….။
ဒါပေမယ့် စစ်ထားကြရင် ပိုကောင်း မလားလို့ပါ…. ဘာရယ်လို့တော့ မဟုတ်ပါဘူး ကိုရယ်…..”
“အင်းလေ.. ငယ် စစ်ချင်တယ် ဆိုရင်တော့ စစ်ကြတာပေါ့… ကိုကတော့ ၁၀၀% အာမခံ တယ်ကွာ….” သူက ပြုံးလျက် လက်မထောင်ပြီး ပြောလိုက်ပါတယ်။ ဒီလိုနဲ့ ငယ်တို့ နှစ်ယောက် သွေးစစ်ခဲ့ပါတယ်…. နောက်နေ့ အဖြေလာယူတဲ့။ ငယ်ကတော့ ဘာမှ မပူပါဘူး။ သူ့ကိုလဲ ယုံတယ်လေ… ငယ်ကလဲ အရှုပ်အရှင်း မရှိဘူးလေ…. နှစ်ယောက်လုံး အတွက် အဖြေက negative ဆိုတာ သေချာပဲလေ….။
ရှင်……… အို ဘုရား…. ဘုရား….. မိငယ် တစ်ယောက် အသက်ပျောက် မတတ် ဖြစ်သွားပါတယ်။ သွေးရဲ့ အဖြေကို သိလိုက်ရတာဟာ အရှင်လတ်လတ် မိုးကြိုးပစ် ခံလိုက်ရသလို ပါပဲ။ သွေးအဖြေက မိငယ်ကတော့ Negative ပါ၊ ဒါပေမယ့် ချစ်သူမှာ HIV ပိုးရှိနေတယ်တဲ့။
“မိငယ်
မယုံဘူး… လုံးဝကို မဖြစ်နိုင်ဘူး…..။ သူက အဲလို ပွေလီတဲ့ ယောက်ျား တစ်ယောက်
မဟုတ်ပါဘူး။ အပျော်အပါးလည်း မလိုက်စားတတ်တဲ့ သူပါ။ ဘာလို့ သူ့မှာ ဒီ ရောဂါပိုး ရှိနေရတာလဲ။ အဖြေမှားတာလဲ ဖြစ်နိုင်တယ်လေ….။ နောက်တစ်ခါ ပြန်စစ် ပေးပါလား ဆရာရယ်…..” တစ်ဖက်က မျက်၇ည်များကို တစ်ရှူးနဲ့ သုတ်ရင်း မိငယ် ဆရာဝန်ကို တောင်းပန် နေပါတယ်…..။ သူ့ချစ်သူအတွက် လုံးဝ မဖြစ်နိုင်တဲ့ အခြေနေ တစ်ခုလေ။
ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့သာ မိငယ် အခိုင်အမာ ယုံကြည်နေမိတယ်လေ….။
“တကယ်တော့ သူ့မှာ လိင်ကိစ္စ ပွေလီတာမျိုး မရှိခဲ့ပေမယ့် တခြား ဖြစ်နိုင်ခြေတွေကို မှန်းလို့ ရပါတယ် ညီမရယ်….. လိင်ကိစ္စပွေတဲ့ လူတွေမှ HIV ပိုးကူးစက် ခံရတာလို့ သတ်မှတ်လို့ မရပါဘူး….။ တစ်ခြား နည်းတွေနဲ့လဲ ကူးစက်နိုင်သေးတယ်လေ….။
HIV ပိုးကူးတဲ့ လူတိုင်းကို လိင်ကိစ္စ ပွေတဲ့ လူတွေလို့ သိမ်းကြုံး ပြောလို့ မရဘူးလေ…..။ ဥပမာ- မူးယစ်ဆေး သွေးထဲ ထိုးသွင်းတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ် ကနေလဲ ကူးတက်တာပဲ။ ဆေးမင်ကြောင် ထိုးရင်ကလည်း ကူးတက်တာပဲလေ။ သူက လွန်ခဲ့တဲ့ ၉ လ လောက်က သွေးသွင်းဖူးတယ်လေ……။ သွေး ၂ လုံး သွင်းဖူးတယ် မဟုတ်လား…. ဒါလည်း ဖြစ်နိုင်ခြေရှိတာပဲလေ….။”
ဆရာဝန်က သေသေချာချာ ပြန်လည် နားချနေပါတယ်..။ သို့သော် မိငယ် အားလုံးကို
လုံးစေ့ပတ်စေ့ နားထဲမ၀င်ပါ…။ သြော်… မှတ်မိပြီ …. သူ ဆိုင်ကယ်မှောက်လို့ ကော့ကရိတ် ဆေးရုံမှာ ခွဲစိပ်ရင်း
သွေးသွင်း
ခဲ့ရသေးတယ်လေ…..။
အင်းလေ ဆေးရုံမှာ သေသေချာချာ ကုခဲ့တာပဲလေ…။ ဆရာဝန်တွေက သွေးကို သေသေချာချာ မစစ် ကြဘူးလား…။ ဒါမှမဟုတ် သွေးမှား
သွင်းတာလား…. ဒါမှမဟုတ် ရောဂါရှိတဲ့ လူရဲ့ သွေးထဲမှာ HIV ပိုးကို ရှာလို့ မရခဲ့တာလား……..။ ဘယ်သူ့ကို သွားပြီး အပြစ် တင်ရမှာလဲ……။ ဘာကြောင့်လဲ???? ဘာလို့ ငယ့်ချစ်သူမှာမှ ဒီပိုးက ရှိနေရတာလဲ???? အဲဒါ တရားသေးရဲ့လား လောကကြီးရယ်… ပြောကြပါဦး……. မိငယ် တစ်ယောက် ဆောက်တည်ရာမရ
ဖြေသိမ့်ရာမဲ့လို့ နေပါ တော့တယ်……။
အတန်ကြာမှ သတိပြန်ဝင်လာ မိပါတယ်….။
အို… ဖြစ်မှ ဖြစ်ရလေ ကိုရယ်…။ ငယ့် အတွက် စွန့်စားရင်း ဒီလိုဘ၀မျိုးကို ရောက်ရတာ ငယ် ဘယ်လိုဖြေရမှာလဲ……။
အားလုံးက ငယ့် အပြစ်တွေလား ကိုရယ်…..။ ဒါပေမယ့် စိတ်ချပါ ကို၊ ငယ် ကို့ကို လက်ထပ် မှာပါ….. ငယ် ကို့ကို ဘယ်တော့မှ လမ်းမခွဲပါဘူး….။ အပြင်မှာ ဘာတွေ ဖြစ်နေ တယ် ဆိုတာ မိငယ် မသိတော့ပါ….။
တစ်ယောက်တည်း
ငိုရင်း အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်း မိငယ် မသိတော့ပါ။ ဒီအဖြေကို ဘယ်သူ့ကို ပြောပြရမှာလဲ??.. လူတွေက ကို့ကို အထင်သေးကြရင် ဘယ်လို လုပ် မလဲ???
အို…ဘာတွေ ဘယ်လိုဖြစ်ဖြစ် ဘယ်သူတွေ ဘာတွေပဲ ပြောကြပါစေ..။ ငါ သူ့ကို လက်ထပ်မယ်…..။
မိငယ် စိတ်ထဲ အခိုင်မာဆုံးသော ဆုံးဖြတ်ချက် တစ်ခုသာ ရှိပါတယ်….။
အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ အားတွေလည်း ပြည့်နေလျက် ချစ်သူနဲ့အတူ ဘ၀ကို ဖြတ်မယ် ပေါ့။ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ မိငယ်အတွက် အဆင်သင့်ပါပဲ….။
“မဖြစ်နိုင်ဘူး ငယ်… ကို ငယ့်ကို သေတွင်းထဲ ဆွဲမခေါ်ပါရစေနဲ့ကွာ…။ ကိုယ့် ဘ၀ပေးတဲ့ ကံပဲလေကွာ…။ ကိုယ့်ကြောင့် မိငယ် တစ်သက်လုံး စိတ်ဆင်းရဲမယ့် အဖြစ်မျိုးကို မလို လားဘူးကွာ…..။ ကိုယ် မင်းကို ပျော်ရွင်နေတာပဲ မြင်ချင်တယ်ကွာ..။ ကိုယ်ကြောင့် မင်းဘ၀ ကို မနစ်မွန်းစေချင်ဘူး....။ ပြီးတော့ ကိုယ်က သေသူလေ… အသက်ရှင်လျက် သေနေသူ လေ။
ငယ်ရာ… မင်းအတွက်
တခြား ရွေးစရာတွေ အများကြီး ရှိပါတယ် ငယ်ရာ…၊
ငယ် သေသေချာချာ စဉ်းစားပါဦးကွာ….”
စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုသလိုပါဘဲ သူ့မှာ ဒီရောဂါပိုးရှိတယ် ဆိုတာကို သိပြီးတည်းက မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်သွားပါတယ်။ နဂိုတည်းက ခွဲစိပ်ထားတဲ့ ဒဏ်ကြောင့် ပိုဆိုးလို့ နေပါတယ်……။
သူ့မှာ မျှောင်လင့်ချက်တွေ မဲ့လို့ နေပါတယ်…။ ငယ့်ကိုလည်း
သိပ်အရေး
မလုပ်တော့….
အိမ်သားတွေကတော့ သူ့ကို အပြုစုမပျက်
ကြည်ဖြူစဲ…။ သို့သော်…သူက လောကကြီးကို အဆက်သွယ် ဖြတ်ချင်နေပုံရပါတယ်…..။
ငယ့်ကို စိတ်ပျက်အောင် အမျိုးမျိုး ပြောဆို နေပါတော့တယ်…။ တစ်ခါ တစ်ခါ ငယ့်ကို နှင်ထုတ်တတ် ပါတယ်….။ သူအလိုလိုနေရင် သာမန်လိုမဟုတ်ဘဲ လူရိုင်း တစ်ယောက်လို ဖြစ်သွားပါတယ်…..။ သူငယ်ချင်းတွေနဲ့လည်း လုံးဝ မတွေ့တော့ပါဘူး။ အိမ်တွင်းပုန်းပဲ လုပ်နေပါတော့တယ်။ မိန်းမသား သိက္ခာကို
မငဲ့ပဲ သူ့ကို ငယ်လက်ထပ်ခွင့် တောင်းပါ တယ်။
ဒါပေမယ့် သူ့မိဘတွေရော သူကပါ
ငြင်းပါတယ်။
ဒါပေမယ့် ငယ် စိတ်မဆိုးပါဘူး၊ ငယ့်ကို တမင် စိတ်ကုန်အောင် လုပ်နေမှန်း ငယ်သိနေပါတယ်၊ အနည်းဆုံး တစ်ပတ် နှစ်ခါ လောက် တော့ သူ့ဆီကို ငယ် ရောက်ဖြစ်ပါတယ်။ လက်ထပ်မယ်ဆိုပြီး စုဆောင်ထားတဲ့ ငွေတွေဟာ ဆေးခန်း ပြရတာနဲ့ပဲ တော်တော်လေး ကုန်နေပါပြီ။ မကြာပါဘူး…. တစ်နှစ်ခွဲ လောက်မှာ သူချူချာလာပါတယ်။ ထိုင်းမှာ အလုပ်သွားလုပ်တုန်းက နေ့ညမနား ပင်ပန်းထားတာ တွေရယ်…..။
ဆိုင်ကယ်မှောက်တုန်းက ခွဲထားရတဲ့ ဒဏ်တွေရယ် စိတ်ဓာတ်ကျတဲ့ ဒဏ် တွေရယ် ဖိစီးလေတော့ မကြာပါဘူး… သူ အိပ်ယာထဲ လဲတော့ပါတယ်။
ဆေးရုံ တင်ချင် ပေမယ့် လက်ထဲငွေက မပြည့်စုံလေတော့ အိမ်မှာပဲ ရပ်ကွက်ထဲက
ဆရာဝန်နဲ့ ပြပြီး ကုပေး ခဲ့ပါတယ်။ ငယ်လဲ သူ့ဆီကို နေ့စဉ်နီးပါး သွားကြည့်ဖြစ်ပါတယ်။ အရင်ကဆို ငယ် သူ့ဆီ သွားရင် သူက နှင်ထုတ်တတ် ပါတယ်..။ အခုတော့ သူ့မှာ စကားတစ်လုံးတောင် ပြောဖို့ အင်အား
မရှိတော့ပါဘူး…။ သူ့ရဲ့ မျက်နှာ တော်တော်လေး ကျသွားပါတယ်…။ အရင်က သန်မာ ထွားကြိုင်းတဲ့ သူ့ရဲ့ ကြွက်သားတွေဟာ ရော့တိရော့ရဲနဲ့ ကြည့်ရ အင်မတန် ဆိုးလှပါတယ်….။ ပါးစပ်ကလည်း ဘာကိုမှ မယ်မယ်ရရ မစားတော့ပါ။
ကွေကာအုပ်လေး တစ်ဇွန်း နှစ်ဇွန်း သောက်ရုံက လွဲပြီး ဘာကိုမှ သူမြိုလို့ မရတော့ပါ။ ပါးစပ် တစ်ခုလုံး မက်ခရုတွေ အပြည့်နဲ့လေ…. အဖျားကလဲ
မကျဘူး… ဆောင်းတွင်း ကြီးမှာ သူ့ကိုယ် တစ်ခုလုံး ပူနေပါတယ်…. ၀မ်းကလဲ
မကြာမကြာ လျှောတတ်ပါတယ်….။ တင်ပါးမှာလဲ အနာတွေ အပြည့်ပါပဲ…။ အို…. သူ့တစ်ကိုယ်လုံး ပြောင်းလဲသွားပါလား….။ သူခံစား နေရတာကို ငယ် မကြည့်ရက်တော့ပါ….။ သူ့နေရာမှာ ငယ်သာ
ဖြစ်လိုက်ချင် ပါတော့တယ်…။ သူခံစားနေတာတွေကို ကြည့်ပြီး ငိုရုံမှတပါး ငယ် ဘာမှ မလုပ်တတ် တော့ပါ။ သူ့ရှေ့မှာတော့ မငိုမိအောင် ငယ် ကြိုးစားပါတယ်။
ဒီလိုနဲ့ ဆောင်းကုန် သွားပြန်ပါတယ်…။ အခုတော့ မိုးဦးကျပြီလေ…. သူ့အခြေနေတွေ ပိုဆိုး လာပါတယ်….။ အိပ်ယာထဲမှာပဲ လဲလျောင်းနေလျက် လောကကြီးက အမြန် ထွက်ခွာလိုတဲ့ မျက်လုံးတွေနဲ့သာ ငယ့်ကို သူစကား ပြောနေပါတယ်……။ ပြင်းထန်လှတဲ့ ရာသီဥတု အပြောင်းအလဲ ကြားမှာ သူ အလူးအလိမ့် ခံစားရင်း ဇွန်လ ၉ ရက်နေ့မှာ သူ ငယ့်ကို တစ် ယောက်တည်း ထားခဲ့ပါတယ်…..။
…..သြော်… လူ့ဘ၀ လူ့ဘ၀ ဒီလို ပြဿနာ ကြမ္မာဆိုးတွေ ဘယ်တော့များမှ အဆုံးသတ် နိုင်တော့မှာလဲ………။
လမင်းကို




